ကမ္ဘာမြေရေရှည်တည်တံ့စေဖို့ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းစို့

သစ်တောမောင်

ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့
ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့သည် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ထင်ရှားသည့်အထိမ်းအမှတ်နေ့ တစ်နေ့ဖြစ်ပြီး ၁၉၇၄ ခုနှစ်မှစတင်ကာ နှစ်စဉ် ဇွန်လ ၅ ရက်နေ့ရောက်တိုင်း ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနေ့ အထိမ်းအမှတ်ပွဲများကျင်းပ၍ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ပိုမိုအာရုံစိုက်အလေးထားလာစေရန် နိုင်ငံအသီးသီးက ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ယခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့၏ ဆောင်ပုဒ်မှာ တို့ကမ္ဘာမြေ ရေရှည်တည်တံ့စေဖို့၊ ဇီဝ မျိုးစုံမျိုးကွဲများနှင့် သဘာဝပတ်ဝန်းကျင်တို့ကို အချိန်မီ ထိန်းသိမ်းကြစို့ဖြစ်သည်။


ဇီဝမျိုးစုံမျိုးကွဲများ
ဇီဝမျိုးစုံမျိုးကွဲဆိုသည်မှာ ကုန်းမြေ၊ ပင်လယ်နှင့် အခြားရေဂေဟစနစ်များ ၎င်းတို့ပါဝင်နေသော ဂေဟ ဗေဒအရဆက်စပ်မှုရှိသည့် အရင်းအမြစ်အားလုံး၏ သက်ရှိများအကြား ကွဲပြားမှုကိုဆိုသည်။ ကမ္ဘာပေါ်တွင် ဇီဝမျိုးစုံမျိုးကွဲပေါင်း (အပင်နှင့် တိရစ္ဆာန်မျိုးစိတ်ပေါင်း)ရှစ်သန်းခန့်ရှိပြီး ကုန်းနေ၊ ရေနေသတ္တဝါမျိုးစိတ်များ၏ ၈၀ ရာခိုင်နှုန်း၊ ငှက်မျိုးစိတ်များ၏ ၇၅ ရာခိုင်နှုန်းနှင့် နို့တိုက်သတ္တဝါမျိုးစိတ်များ၏ ၆၈ ရာခိုင်နှုန်းသည် သစ်တောများအတွင်း ရှင်သန်နေထိုင်ကြပါသည်။ ဇီဝ မျိုးစုံမျိုးကွဲများသည် သက်ရှိလောက တည်မြဲစေရေး အတွက် အဘက်ဘက်မှ ပံ့ပိုးဖြည့်ဆည်းပေးလျက်ရှိ သည်။ ရေကောင်းရေသန့်၊ လေကောင်းလေသန့်၊ အစား အစာ၊ ဆေးဝါးများပံ့ပိုးပေးခြင်း၊ ရာသီဥတုပြောင်းလဲမှု ထိန်းညှိပေးခြင်းများ၊ ဝတ်မှုန်ကူးခြင်းများ၊ သဘာဝ ရောဂါခံနိုင်မှုစွမ်းရည်များဖြင့် လူသားများအပါအဝင် သက်ရှိလောကကို အကျိုးပြုလျက်ရှိသည်။ ဂေဟစနစ် ဝန်ဆောင်မှုများနှင့် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာနိုင်ငံတကာသိပ္ပံ - မူဝါဒလုပ်ငန်းအဖွဲ့ (Intergovernmental Scien- ce-Policy Platform on Biodiversity and Ecosystem Services-IPBES) ၏လေ့လာမှုအရ ဂေဟစနစ် ဝန်ဆောင်မှုများနှင့် ဇီဝမျိုးစုံမျိုးကွဲများမှ အာရှပစိဖိတ် ဒေသတွင်း နေထိုင်သူလူဦးရေ ၄ ဒသမ ၃ ဘီလီယံအား အစာ၊ ရေ၊ စွမ်းအင်၊ ဆေးဝါးတို့အပြင် ယဉ်ကျေးမှု ရိုးရာဓလေ့နှင့် စိတ်ပိုင်းဆိုင်ရာ ပြည့်စုံစေမှုတို့ကို ထောက်ပံ့ပေးလျက်ရှိကြောင်း သိရပါသည်။


ဇီဝမျိုးစုံမျိုးကွဲများသည် မရေမတွက်နိုင်လောက် သော ပတ်ဝန်းကျင်ဆိုင်ရာဝန်ဆောင်မှုများကို သက်ရှိ တိုင်းအတွက်၊ လူတိုင်းအတွက် ပံ့ပိုးပေးလျက်ရှိသည်။ ရေနှင့် မြေသယံဇာတအား ကာကွယ်ခြင်း၊ မြေဆီ အာဟာရများစုဆောင်းခြင်းနှင့် မြေဆီမြေနှစ်များဖြစ်ပေါ် စေခြင်း၊ ဝတ်မှုန်ကူးခြင်း၊ ရာသီဥတုမျှတစေခြင်း၊ ဂေဟ စနစ်များတည်ငြိမ်စေခြင်း၊ မခန့်မှန်းနိုင်သော သဘာဝ ဘေးအန္တရာယ်များမှ ပြန်လည်ကုစားပေးနိုင်ခြင်းစသည့် ပတ်ဝန်းကျင်ဆိုင်ရာဝန်ဆောင်မှုများကို ပံ့ပိုးပေးလျက် ရှိသည်။ ဇီဝအရင်းအမြစ်များဖြစ်သည့် အစားအစာ၊ ဆေးနှင့် ဆေးထုတ်လုပ်သည့် အရင်းအမြစ်များ၊ သစ်တောထွက်ပစ္စည်းများ၊ အလှအပရှုခင်းအပင်များ၊ မျိုးရိုးဗီဇ၊ မျိုးစိတ်နှင့် ဂေဟစနစ်မျိုးစုံမျိုးကွဲများကို ပံ့ပိုးပေးလျက်ရှိသည်။ လူမှုအကျိုးကျေးဇူးအနေဖြင့် လည်း အပန်းဖြေခြင်းနှင့် ခရီးသွားခြင်း၊ ယဉ်ကျေးမှု တန်ဖိုးများ၊ စိတ်ပိုင်းဆိုင်ရာတန်ဖိုးများ၊ သုတေသနနှင့် ပညာရေးဆိုင်ရာအကျိုးကျေးဇူးများကို ပံ့ပိုးပေးလျက် ရှိသည်။


ဇီဝမျိုးစုံမျိုးကွဲများ လျော့ပါးပြုန်းတီးခြင်း အကျိုးဆက်များ
သက်ရှိလောကအတွက် မရှိမဖြစ်အရေးပါသော ဇီဝမျိုးစုံမျိုးကွဲများသည် လူသားများ၏ပယောဂကြောင့် ဖြစ်ပေါ်လာသော သစ်တောပြုန်းတီးခြင်း၊ တောရိုင်း တိရစ္ဆာန် နေရင်းဒေသများ လျော့ပါးပျက်စီးခြင်း၊ စိုက်ပျိုး မြေများတိုးချဲ့လာခြင်း၊ ရာသီဥတုပြောင်းလဲလာခြင်း စသည့် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများနှင့်အတူ လျော့ပါးဆုံးရှုံးပျောက်ကွယ်လျက်ရှိသည်။ မျိုးစိတ် ပေါင်း တစ်သန်းခန့်သည် မျိုးတုံးမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။ ကမ္ဘာတစ်ဝန်းရှိ မူလအတိုင်းရှိနေသည့် ဂေဟစနစ်များသည် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်ခြင်း နှင့် အကြောင်းအမျိုးမျိုးကြောင့် ဆုံးရှုံးလျက်ရှိသည်။ သဘာဝတရားက ဖြည့်ဆည်းပေးစွမ်းနိုင်သော ပမာဏ၊ အကန့်အသတ်ထက် ဇီဝမျိုးစုံမျိုးကွဲများ ပိုမိုဆုံးရှုံးမှုများ ကြောင့် ကျန်းမာရေးနှင့် အစားအစာစနစ်များ ပျက်စီး ဆုံးရှုံးနိုင်ပြီး လူသားများအပေါ် ပြင်းထန်သောဆိုးကျိုး သက်ရောက်မှုများ ကျရောက်လာနိုင်သည်။


ဇီဝမျိုးစုံမျိုးကွဲများကို ဖျက်ဆီးလိုက်ခြင်း၊ ဆုံးရှုံး ပျောက်ကွယ်ခြင်းသည် လူသားများ၏ဘဝများကို ပံ့ပိုး ထောက်ပံ့နေသည့် ဇီဝမျိုးစုံမျိုးကွဲစနစ်နှင့် ပတ်ဝန်းကျင် ဂေဟစနစ်ကိုပါ ပျက်စီးစေနိုင်ကြောင်း ယနေ့ တွေ့ကြုံ နေရသည့် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ဖြစ်ရပ်များက မီးမောင်းထိုးပြလျက်ရှိသည်။ ကမ္ဘာနှင့်အဝှမ်း နှစ်စဉ် ဖျားနာမှုပေါင်း တစ်ဘီလီယံခန့်နှင့် သန်းပေါင်းများစွာသော သေဆုံးမှုများသည် ကိုရိုနာဗိုင်းရပ်စ်ကြောင့်ဖြစ်ကြောင်းနှင့် ၇၅ ရာခိုင်နှုန်းသည် တိရစ္ဆာန်များမှ လူသားများသို့ ကူးစက်ခြင်းဖြစ်သည်ဟု ဆိုသည်။ ဇီဝမျိုးစုံမျိုးကွဲစနစ်နှင့် ပတ်ဝန်းကျင်ဂေဟစနစ်ပျက်စီးခြင်းကြောင့် ဗိုင်းရပ်စ် ကူးစက်မှုအပေါ် လူသားများ၏သဘာဝအတိုင်း တုံ့ပြန် နိုင်မှု၊ ခံနိုင်ရည်ရှိမှု၊ ပြန်လည်နိုးထကောင်းမွန်လာစေမှု ဆိုင်ရာ စွမ်းဆောင်ရည်များပါ လျော့နည်းဆုံးရှုံးလာပြီး ထိရှလွယ်သောအခြေအနေသို့ ရောက်ကြရတော့သည်။


သဘာဝအခြေခံဖြေရှင်းသည့်နည်းလမ်းများ
ရာသီဥတုပြောင်းလဲမှု၊ ပတ်ဝန်းကျင်ယိုယွင်းပျက်စီးမှုနှင့် ဇီဝမျိုးစုံမျိုးကွဲများဆုံးရှုံးမှုတို့သည် ယခုအချိန်တွင် ကမ္ဘာနှင့်အဝှမ်းရင်ဆိုင်နေရသော ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများဖြစ်သည်။ သဘာဝပတ်ဝန်းကျင်ပျက်စီးခြင်း ကြောင့် ဖြစ်ပေါ်လာသော သဘာဝဘေးအန္တရာယ်အမျိုးမျိုး၊ ဘေးရောဂါအမျိုးမျိုးကို တားဆီးကာကွယ်ရန်နှင့် ပြန်လည် ကုစားရန် အရိုးရှင်းဆုံးနည်းလမ်းသည် သဘာဝ ပတ်ဝန်းကျင်ကို ပုံမှန်အခြေအနေ ပြန်လည်ရောက်ရှိအောင်၊ ပြန်လည်ကောင်းမွန်လာအောင် ကုစားဆောင်ရွက်ခြင်းနှင့် သဘာဝကိုအခြေခံပြီး ပြဿနာများကိုဖြေရှင်းခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် သဘာဝအခြေခံဖြေရှင်းသည့် နည်းလမ်းများ (Nature Based Solutions) ဖြင့်သာ ကူညီ ဖြေရှင်းပေးနိုင်မည် ဖြစ်သည်။


ယနေ့အချိန်အခါတွင် သဘာဝအခြေခံဖြေရှင်းသည့် နည်းလမ်းသည် ထူးကဲသော အခွင့်အလမ်းတစ်ခုဖြစ်ပြီး တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် အရှိန်မြှင့်တင်ဆောင်ရွက် ရန် ၂၀၂၁ မှ ၂၀၃၀ ပြည့်နှစ်ကာလကို ကုလသမဂ္ဂဂေဟစနစ် ပြန်လည်ထူထောင်ရေးဆယ်စုနှစ် (UN Decade of Eco- system Restoration 2021-2030) ဟု သတ်မှတ်ထားသည်။ ဂေဟစနစ်ထိန်းသိမ်းရေးနှင့် ပြန်လည်ထူထောင်ရေး အတွက် သစ်ပင်ပေါင်း တစ်ထရီလီယံစိုက်ပျိုးမည့် တစ်ထရီလီယံလှုပ်ရှားမှု” (Trillion Tree Initiative) ကို စတင်ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် လက်ရှိအကောင် အထည်ဖော်နေသော ဘွန်းစိန်ခေါ်မှု (Bonn Challenge)၊ နယူးယောက်သစ်တောများဆိုင်ရာ ကြေညာစာတမ်း (New York Declaration for Forests) တို့၏ ရည်မှန်းချက်ဖြစ်သော ၂၀၃၀ ပြည့်နှစ်တွင် သစ်တောပြုန်းတီးမှု လုံးဝမရှိစေရေးနှင့် တောနိမ့်တောပျက်များတွင် သစ်တောဧရိယာ ဟက်တာ သန်း ၃၅၀ တည်ထောင်ခြင်းလုပ်ငန်းတို့ကို အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်သွားကြမည်ဖြစ်သည်။ ကုလသမဂ္ဂ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင် ၁၅ တွင်လည်း သစ်တောများ၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် စပ်လျဉ်းပြီး ကုန်းမြေဂေဟစနစ်များအား ကာကွယ်ရန်၊ ပြန်လည်မွမ်းမံ ထိန်းသိမ်းရန်နှင့် ရှေရှည်တည်တံ့စေမည့် နည်းလမ်းများဖြင့် အသုံးပြုရန်၊ သစ်တောများအား ရေရှည်တည်တံ့စေမည့် နည်းလမ်းများဖြင့် စီမံအုပ်ချုပ်ရန်၊ သဲကန္တာရဖြစ်ထွန်းမှု တိုက်ဖျက်ရန်၊ မြေဆီလွှာပြုန်းတီးမှုရပ်ဆိုင်း၍ မြေအရည် အသွေးပြန်လည်ကောင်းမွန်စေရန်၊ ဇီဝမျိုးစုံမျိုးကွဲများ ဆုံးရှုံးမှုရပ်တန့်ရန်ဟူ၍ ရည်မှန်းချက်ချမှတ်ပြီး ဆောင်ရွက်လျက်ရှိသည်။
ဤကဲ့သို့ ကမ္ဘာ့ကုလသမဂ္ဂ၊ အစိုးရများ၊ ကော်ပို ရေးရှင်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်း (NGO)များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ပုဂ္ဂလိကဏ္ဍများ၏ မကြုံစဖူး ထူးကဲသည့် ငွေကြေး၊ မူဝါဒရေးရာနှင့် နိုင်ငံရေးရာ အထောက်အပံ့ကောင်းများသည် လက်ရှိသဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှုအခြေအနေကို ပြောင်းလဲစေနိုင်သော အခွင့်အလမ်းကောင်းတစ်ရပ်ဖြစ်သည်။ ထူးကဲသော အခွင့်အလမ်းကို အမိအရဆုပ်ကိုင်ပြီး သဘာဝအခြေခံ ဖြေရှင်းသည့်နည်းလမ်းများဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်း ရေး၊ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးကို ယခုပင်စတင် အကောင်အထည်ဖော်ဆောင်ရွက်ကြရန်၊ အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်ရန် လိုအပ်ပါသည်။


သဘာဝအခြေခံ ဖြေရှင်းသည့်နည်းလမ်းများသည် ဇီဝမျိုးစုံမျိုးကွဲပျက်စီးဆုံးရှုံးမှုများနှင့် မှန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုလျှော့ချရေးကို အချိန်ဆိုင်းရန်အတွက် ဖော်ဆောင်သည့်လုပ်ငန်းစဉ်တစ်ခု မဟုတ်သကဲ့သို့ ကာဗွန် ထုတ်လွှတ်မှုမြင့်မားသည့် ရုပ်ကြွင်းလောင်စာနှင့် သယံ ဇာတအသုံးပြုလုပ်ငန်းများအတွက် အစားထိုးဆောင်ရွက် သည့်လုပ်ငန်းလည်း မဟုတ်ပါချေ။ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုလျှော့ချခြင်းလုပ်ငန်းများ၊ ရာသီဥတုရေးရာ မူဝါဒများနှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးလုပ်ငန်းများကို ပံ့ပိုးပေးနိုင်ပြီး လိုက်လျောညီစွာ တွဲဖက်ဆောင်ရွက် ရသည့်လုပ်ငန်းသာလျှင်ဖြစ်သည်။


အဓိကဥပဒေသ လေးချက်
ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများနှင့်စပ်လျဉ်းပြီး သဘာဝအခြေခံဖြေရှင်းသည့်နည်းလမ်းများ အသုံးပြု ဆောင်ရွက်ရာ၌ လိုက်နာသင့်သည့် အဓိကဥပဒေသ လေးချက် ရှိသည်။


(က) ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချခြင်း
ရုပ်ကြွင်းလောင်စာများ အသုံးပြုမှုလျှော့ချခြင်း၊ ဖန်လုံ အိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချခြင်းနှင့်အတူ ဂေဟစနစ်များအားထိန်းသိမ်းခြင်း၊ ထာဝစဉ်တည်တံ့ အောင် စီမံအုပ်ချုပ်ခြင်းနှင့် ပြန်လည်ထူထောင်ခြင်းလုပ်ငန်း တို့ကို တစ်ပါတည်းအတူပူးတွဲပြီး လျင်မြန်စွာအကောင် အထည်ဖော်ဆောင်ရွက်ရမည် ဖြစ်သည်။


(ခ) လက်ရှိဂေဟစနစ်များကို ထိန်းသိမ်းကာကွယ်ခြင်း
မြေဆီလွှာ၊ သစ်တောများ၊ မြက်ခင်းပြင်များ၊ ချုံ တောများ၊ ရေတိမ်ဒေသများနှင့် ရေဂေဟစနစ်များသည် ကာဗွန်နှင့် ဇီဝမျိုးစုံမျိုးကွဲတို့အတွက် ပဓာနကျသော သိုလှောင်ရုံများ၊ နေရင်းဒေသများဖြစ်သည်။ ယခုအခါ အဆိုပါ ကာဗွန်သိုလှောင်ရုံများ၊ နေရင်းဒေသများသည် လျင်မြန်စွာဆုံးရှုံးလျက်ရှိသဖြင့် ထိရောက်စွာထိန်းသိမ်း ကာကွယ်ကြရမည်ဖြစ်သည်။

 

(ဂ) လူမှုတာဝန်ယူမှုရှိခြင်း
ဒေသခံပြည်သူများသည် ဂေဟစနစ်များမှ ပေးသော လူမှုရေး၊ စီးပွားရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးကျေးဇူးများ ရရှိခံစားနိုင်မှသာလျှင် ဂေဟစနစ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်၍ ရေရှည်တည်တံ့နိုင်မည် ဖြစ်သည်။ ထို့ကြောင့် ဒေသခံ ပြည်သူများနှင့်အတူတကွ လက်တွဲပူးပေါင်းဆောင်ရွက် ရမည်ဖြစ်ပြီး ၎င်းတို့၏အခွင့်အရေးများနှင့် ဦးဆောင်မှု အခန်းကဏ္ဍကို အသိအမှတ်ပြုလေးစားရပါမည်။ မိရိုး ဖလာအလုပ်အကိုင်များကို မြှင့်တင်ပေးရန်နှင့် အလုပ် အကိုင်သစ်များ ဖန်တီးပေးနိုင်မည့် မျှတပြီးရေရှည် တည်တံ့မှုရှိသော စီးပွားရေးလုပ်ငန်းပုံစံများ ဖော်ဆောင် ကြရမည် ဖြစ်ပါသည်။


(ဃ) ပတ်ဝန်းကျင်ဆိုင်ရာတာဝန်ယူမှုရှိခြင်း
သဘာဝအခြေခံဖြေရှင်းသည့် နည်းလမ်းများ ဖော်ဆောင်ရာတွင် ကောင်းမွန်ခိုင်မာသည့်ဂေဟဗေဒ ဆိုင်ရာအခြေခံမူများအပေါ် အခြေတည်ထားရပါမည်။ ထုတ်လုပ်နိုင်စွမ်းပိုကောင်းပြီး ခံနိုင်ရည်ပိုရှိသော၊ အကျိုး ကျေးဇူးများ ပိုမိုဖြစ်ထွန်းစေနိုင်သော ကျန်းမာသည့် ဂေဟစနစ်များဖြစ်ထွန်းလာရန် ဆောင်ရွက်ကြရပါမည်။ ဇီဝမျိုးစုံမျိုးကွဲများကို ပိုမိုထိန်းသိမ်းကာကွယ်ရန်နှင့် တိုးပွားများပြားလာစေရန် ဆောင်ရွက်ကြရပါမည်။

သဘာဝအခြေခံ ဖြေရှင်းသည့်နည်းလမ်းများဖြင့် ကမ္ဘာတစ်ဝန်းရှိ သစ်တောများ၊ မြက်ခင်းပြင်များနှင့် ရေတိမ်ဒေသများ စသည့်ဂေဟစနစ်များ ရေရှည်တည်တံ့ ဖွံ့ဖြိုးစေရေးအတွက် ရင်းနှီးမြှုပ်နှံခြင်းဖြင့် ရာသီဥတု ပြောင်းလဲမှု၊ ဇီဝမျိုးစုံမျိုးကွဲများ၊ လူသားတို့၏ကျန်းမာရေး နှင့် ချမ်းသာသုခအပါအဝင် များပြားသည့်အကျိုးကျေးဇူး များ ရရှိစေနိုင်မည် ဖြစ်သည်။

 

့််

 

မြန်မာ့သစ်တောများနှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းမှုများ
မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဇီဝမျိုးစုံမျိုးကွဲ အကြွယ်ဝဆုံးနိုင်ငံများအနက် တစ်နိုင်ငံအပါအဝင်ဖြစ်ပြီး တစ်ကမ္ဘာလုံးရှိ ငှက်မျိုးစိတ်များ၏ ၁၀ ရာခိုင်နှုန်း၊ ကမ္ဘာ ပေါ်တွင် ကျက်စားသောပင်လယ်လိပ်စုစုပေါင်း ခုနစ်မျိုး အနက် ငါးမျိုး၊ ရေချိုနှင့် ကုန်းလိပ်မျိုးစိတ်များ၏ ၁၀ ရာခိုင်နှုန်းတို့ကို မြန်မာနိုင်ငံမှ ပိုင်ဆိုင်ထားသည်။ ထို့အပြင် တစ်ကမ္ဘာလုံးတွင် စုစုပေါင်းကောင်ရေ ၁၅၀ နှင့် ၇၀၀ အတွင်းသာရှိသည့် ဘဲပို့ချတ်(Baer's pochard)၊ ကောင်ရေ ၄၀၀ ခန့်သာရှိသည့် ရေညှောင့်နှုတ်ဝိုင်းငှက် (Spoon-billed Sandpiper) စသည့် ကမ္ဘာ့အရှားပါးဆုံး ငှက်မျိုးစိတ်များသည်လည်း မြန်မာနိုင်ငံတွင် လာရောက် ကျက်စားလျက်ရှိသည်။ ကမ္ဘာပေါ်တွင် မျိုးတုံးမည့် အန္တရာယ်နှင့်ရင်ဆိုင်နေရသည့် ကျား၊ ဆင်၊ ကျားသစ်၊ ပြောင်၊ ရေခဲတောင်ဆိတ်၊ သားမင်း၊ ငါးမန်း၊ ငါးလိပ် ကျောက်၊ ဝေလငါး အစရှိသည့်မျိုးစိတ်များကိုလည်း မြန်မာနိုင်ငံတွင် တွေ့ရှိနိုင်သည်။ အပင်မျိုးစိတ် ၁၈၀၀၀ ကျော်အား မှတ်တမ်းတင်ထားပြီး ထိုအပင်မျိုးစိတ်များ တွင် မြန်မာနိုင်ငံတွင်သာပေါက်ရောက်သည့် ဒေသရင်း မျိုးစိတ် (Endemic species) အများအပြားပါဝင် ပါသည်။


သစ်တောဦးစီးဌာနအနေဖြင့် ကြိုးဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် သဘာဝထိန်းသိမ်းရေး နယ်မြေများဟူ၍ ခွဲခြားသတ်မှတ်လျက် သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲများ ထာဝစဉ်တည်တံ့စေရန် နှစ် ၃၀ အမျိုးသားသစ်တောကဏ္ဍ ပင်မစီမံကိန်း (၂၀၀၁- ၂၀၀၂ မှ ၂၀၃၀-၂၀၃၁ ခုနှစ်အထိ) ကို ရေးဆွဲအကောင်အထည် ဖော်လျက်ရှိသည်။
ယနေ့အချိန်အခါတွင် သဘာဝတောများနှင့် သစ်တောစိုက်ခင်းသစ်တောများသည် သစ်လိုအပ်ချက် ကို ဖြည့်ဆည်းရန်အတွက်သာမက ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးအပါအဝင် ပတ်ဝန်းကျင်ဆိုင်ရာဝန်ဆောင်မှု များ တိုးပွားစေရေး၊ ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများ ဖြေရှင်းနိုင်ရေးအတွက်ပါ အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လာလျက်ရှိသည်။ သစ်တောဦးစီးဌာနသည် မြန်မာ နိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေး ၁၀ နှစ် စီမံကိန်း (၂၀၁၇-၁၈ မှ ၂၀၂၆-၂၇ အထိ)ကို ရေးဆွဲ၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ရည်ရွယ်ချက် အမျိုးမျိုးဖြင့် သဘာဝတောများ ထိန်းသိမ်းကာကွယ်ခြင်း၊ သစ်တောစိုက်ခင်းများကို စိုက်ပျိုးတည်ထောင်ခြင်းတို့ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။


ထို့အပြင် သဘာဝမျိုးဆက်ပင်များ ဖွံ့ဖြိုးလာစေရန် အားပေးခြင်း၊ သဘာဝတောတန်ဖိုးမြှင့်စိုက်ပျိုးခြင်း၊ သီးနှံ သစ်တောရောနှောစိုက်ပျိုးခြင်း၊ ရေဝေရေလဲဒေသ ထိန်းသိမ်းရေးစိုက်ခင်းများ တည်ထောင်ခြင်း၊ ဒီရေတော များ စိုက်ပျိုးကာကွယ်ထိန်းသိမ်းခြင်း၊ အောင်မြင်မှု နည်းပါးခဲ့သည့် စိုက်ခင်းဟောင်းများကို ဖြည့်စွက်စိုက်ပျိုး ၍ ပြန်လည်ဆယ်တင်ခြင်းဖြင့် တောနိမ့်တောပျက်များ ပြန်လည်ကောင်းမွန်လာစေရန် ဆောင်ရွက်လျက်ရှိသည်။
သစ်တောများ ထာဝစဉ်တည်တံ့စေရေးအတွက် အရေးကြီးသည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သော ကြိုးဝိုင်း ကြိုးပြင်ကာကွယ်တောများ၊ သဘာဝထိန်းသိမ်းရေး နယ်မြေများ တိုးချဲ့ဖွဲ့စည်းခြင်းဖြင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးအပါအဝင် ပတ်ဝန်းကျင်ဆိုင်ရာဝန်ဆောင် မှုများတိုးပွားလာစေရေး အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက် ရှိသည်။ ကြိုးဝိုင်းတောနှင့် ကြိုးပြင် ကာကွယ်တောများကို နိုင်ငံဧရိယာ၏ ၃၀ ရာခိုင်နှုန်းအထိ တိုးချဲ့ဖွဲ့စည်းနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ယနေ့အချိန်အထိ ကြိုးဝိုင်းတောဧက ၂၉ ဒသမ ၇၀ သန်း၊ ကြိုးပြင်ကာကွယ်တော ဧက ၁၂ ဒသမ ၉၈ သန်း စုစုပေါင်းဧက ၄၂ ဒသမ ၆၉ သန်း (၂၅ ဒသမ ၅၃ ရာခိုင်နှုန်း) ဖွဲ့စည်းပြီးဖြစ်သည်။
ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းရေးအတွက် သဘာဝ နယ်မြေများကို နိုင်ငံဧရိယာ၏ ၁၀ ရာခိုင်နှုန်းအထိ တိုးချဲ့ ဖွဲ့စည်းရန်ဆောင်ရွက်လျက်ရှိရာ ယနေ့အချိန်အထိ သဘာဝနယ်မြေ ၄၆ ခု၊ ဧရိယာ ဧက ၁၀ ဒသမ ၁၇ သန်း (၆ ဒသမ ၀၈ ရာခိုင်နှုန်း) ဖွဲ့စည်းနိုင်ခဲ့ပြီ ဖြစ်သည်။ သဘာဝ နယ်မြေ ၄၆ ခုအနက် နိုင်ငံတကာအဆင့်အနေဖြင့် အာဆီယံဒေသအတွင်း ဇီဝမျိုးစုံမျိုးကွဲ၊ ဂေဟစနစ်နှင့် ယဉ်ကျေးမှုတို့အရ အာဆီယံအမွေအနှစ်ဥယျာဉ် (ASEAN Heritage Park - AHP)များအဖြစ် သတ်မှတ်ခြင်းခံထားရ သည့် သဘာဝထိန်းသိမ်းရေးနယ်မြေ ရှစ်ခု၊ ရေဝပ်ဒေသများ ကွန်ဗင်းရှင်းမှ နိုင်ငံတကာအဆင့် အရေးပါသည့် ရမ်ဆာ ရေဝပ်ဒေသ (Ramsar Site) ခြောက်ခုနှင့် သဘာဝ ပတ်ဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းခြင်းတွင် ဒေသခံ ပြည်သူများပါဝင်မှု၊ ထောက်ခံအားပေးမှုတို့အား မြှင့်တင် နိုင်ရန်ရည်ရွယ်၍ ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေး မှုအဖွဲ့ (UNESCO)၏ လူသားနှင့် ဇီဝအဝန်းနယ်မြေ (Man and Biosphere Reserve – MAB) နှစ်ခုတို့ ပါဝင်ပါသည်။

နိုင်ငံ၏သဘာဝအမွေအနှစ်များဖြစ်သည့် ဂေဟ စနစ်များနှင့် ဇီဝမျိုးစုံမျိုးကွဲများကို တည်တံ့စေရန်၊ ဇီဝမျိုးစုံ မျိုးကွဲကွန်ဗင်းရှင်း (Convention on Biological Diver- sity-CBD)၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပဲရစ်သဘောတူညီ ချက်၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးပန်းတိုင် (Sustainable Development Goal-SDG) တို့အပေါ်ထားရှိရသည့် ကတိ ကဝတ်များအား ဖြည့်ဆည်းရန်နှင့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (Myanmar Sustainable Development Plan) ၂၀၁၈ - ၂၀၃၀တစ်ဖက်တစ်လမ်းမှ အကောင်အထည် ဖော်ရန်ရည်ရွယ်၍ တောရိုင်းတိရစ္ဆာန်များအတွက် နေရင်းဒေသပြန်လည်တည်ထောင်ခြင်း (Reestablish-ing Natural Habitats-RNH) လုပ်ငန်းအစီအစဉ် (၂၀၁၉ - ၂၀၂၀ မှ ၂၀၂၈ - ၂၀၂၉ အထိ)ကို ဥယျာဉ်/ ဘေးမဲ့တော ၁၉ ခုတွင် ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် သဘာဝနယ်မြေအဖြစ် ဖွဲ့စည်းရန် ရည်ရွယ်ကြောင်း ထုတ်ပြန်ထားသည့်နေရာ ၂၄ ခုရှိပြီး ဧရိယာဧက ၂ ဒသမ ၅၉ သန်းကျော်ကို အတည်ပြုဖွဲ့စည်းနိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက် လျက်ရှိသည်။

ကမ္ဘာမြေ ရေရှည်တည်တံ့စေဖို့ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းစို့
မျက်မှောက်ခေတ်ကမ္ဘာမြေ၏ ဂေဟစနစ်များသည် ယခင်ထက်ပို၍ ထိလွယ်ရှလွယ်အခြေအနေမျိုးကို ကြုံတွေ့နေရပြီး ပျက်စီးပြုန်းတီးမှုသည် မကြုံစဖူးများပြား လျက်ရှိသည်။ သို့သော်လည်း ပြဿနာ၏ အတိမ်အနက် ကို သိရှိပြီးဖြစ်သကဲ့သို့ ဖြေရှင်းနိုင်မည့်နည်းလမ်းများ၊ အလားအလာများကိုလည်း သိရှိနားလည်ပြီး ဖြစ်ပါသည်။ ထို့ပြင် သဘာဝအခြေခံဖြေရှင်းသည့် နည်းလမ်းများကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် ယခင်ကမရှိခဲ့ဖူးသည့် စွမ်းအား၊ အရှိန်အဟုန်၊ အတွေ့ အကြုံနှင့် သိပ္ပံနည်းကျ သတင်းအချက်အလက်များလည်း ရှိနေပြီ ဖြစ်ပါသည်။

ဇီဝမျိုးစုံမျိုးကွဲများ ဆုံးရှုံးလျော့နည်းခြင်း၊ ပတ်ဝန်းကျင် ယိုယွင်းပျက်စီးခြင်းနှင့် ရာသီဥတု ပြောင်းလဲမှုကဲ့သို့ ကမ္ဘာလုံးဆိုင်ရာခြိမ်းခြောက်မှုတို့ကို တုံ့ပြန်ရာတွင် တစ်ဦးတစ်ယောက်ချင်း၊ အဖွဲ့အစည်း တစ်ခုချင်း၊ နိုင်ငံတစ်နိုင်ငံချင်း ဖြေရှင်းဆောင်ရွက်နိုင်မည် မဟုတ်ဘဲ အတူလက်တွဲဆောင်ရွက်မှသာ အဆိုပါ ပြဿနာများ အောင်မြင်စွာကျော်လွှားနိုင်မည် ဖြစ်သည်။ အခွင့်အလမ်းများလည်း ရှိနေပြီဖြစ်သည်။ အခွင့်အလမ်း ကို အချိန်ကိုက်ရယူလျက် နည်းလမ်းမှန်ကန်စွာ ကိုင်တွယ်ဖြေရှင်းဆောင်ရွက်ခြင်းဖြင့် ပတ်ဝန်းကျင် ဆိုင်ရာပြဿနာများကင်းဝေးပြီး စိမ်းစိုသာယာလှပ ငြိမ်းချမ်းသောကမ္ဘာမြေကြီးအဖြစ် ဖော်ဆောင်နိုင်မည် ဖြစ်ကြောင်းတင်ပြရင်း ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ဂုဏ်ပြုအပ်ပါသည်။


(“တို့ကမ္ဘာမြေရေရှည်တည်တံ့စေဖို့ ဇီဝမျိုးစုံမျိုးကွဲ များနှင့် သဘာဝပတ်ဝန်းကျင်တို့ကို အချိန်မီ ထိန်းသိမ်းကြစို့”)