ကမ္ဘာ့ပထမဆုံးသော ဟိုက်ဒရိုဂျင်စွမ်းအင်သုံးရထား ဂျာမနီနိုင်ငံ၌ ခရီးစဉ်စတင်ပြေးဆွဲ

ဘရီမာဗို့ဒ် ၁၈ စက်တင်ဘာ 

ကမ္ဘာ့ပထမဆုံးသော ဟိုက်ဒရိုဂျင်စွမ်းအင်သုံးရထားသည် ခရီးစဉ်စတင်ပြေးဆွဲပြီ ဖြစ်ကြောင်း၊ ယင်းမှာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးစံနှုန်းများနှင့် ကိုက်ညီသော နည်းပညာသစ်ဖြင့် သယ်ယူပို့ဆောင်သည့် ခေတ်တစ်ခေတ်ကို စတင်လိုက်ခြင်းပင် ဖြစ်ကြောင်း ဒေသဆိုင်ရာသတင်းဌာနများက စက်တင်ဘာ ၁၈ ရက်တွင် သတင်းထုတ်ပြန်သည်။

စိန်ခေါ်

ပတ်ဝန်းကျင်ညစ်ညမ်းမှုဖြစ်ပေါ်စေနိုင်သော ဒီဇယ်ရထားစက်ခေါင်းများက သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွင် ကာလကြာရှည်စွာတွင်ကျယ်လာခဲ့မှုကို နည်းပညာအရ စိန်ခေါ်မှုတစ်ရပ်အဖြစ် ဟိုက်ဒရိုဂျင်စွမ်းအင်သုံး ရထားစက်ခေါင်းများကို ဂျာမနီနိုင်ငံတွင်စတင်အသုံးပြုပြီ ဖြစ်သည်။

ပို့ဆောင်ပေးနိုင်

ဒီဇယ်စွမ်းအင်သုံး ရထားစက်ခေါင်းများနှင့် နှိုင်းယှဉ်လျှင် ဟိုက်ဒရိုဂျင်စွမ်းအင်သုံး ရထားစက်ခေါင်းမှာ ထုတ်လုပ်မှုစရိတ် ပိုမိုကြီးလေးသော်လည်း ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော နည်းပညာဖြင့် သယ်ယူပို့ဆောင်ပေးနိုင်မည်ဖြစ်သည်။ ပြင်သစ် တီဂျီဗွီ ရထားထုတ်လုပ်ရေးကုမ္ပဏီဖြစ်သော အယ်လ်စတမ်ကုမ္ပဏီက တည်ဆောက်ခဲ့သော ကော်ရာဒီယာ အိုင်လင့်ဟု အမည်ပေးထားသည့် ရထားသည် ဂျာမနီနိုင်ငံမြောက်ပိုင်းရှိ မြို့ကြီး၊ မြို့ငယ်များ ဖြစ်သော ကပ်စဟာဘင်၊ ဘရီမာဟဘင်၊ ဘရီမာဗို့ဒ်နှင့် ဘတ်တဲဟုဒ်မြို့များတစ်လျှောက် သွယ်တန်းတည်ရှိနေသော ရထားလမ်းတွင် စတင်ခုတ်မောင်းနေပြီဖြစ်သည်။ ယင်းရထားလမ်းတွင် ပုံမှန်အားဖြင့် ဒီဇယ်စွမ်းအင်သုံး ရထားများက တွင်ကျယ်စွာ နေရာယူထားသည်။

အသင့်ရှိ

ကမ္ဘာ့ပထမဆုံးသော ဟိုက်ဒရိုဂျင်စွမ်းအင်သုံးရထားသည် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းအတွင်းသို့ ဝင်ရောက်လာပြီဖြစ်ကြောင်း၊ ဟိုက်ဒရိုဂျင် စွမ်းအင်သုံးရထားများကို တစ်စင်းပြီးတစ်စင်း ဆက်လက်ထုတ်လုပ်သွားရန် အသင့်ရှိကြောင်း အယ်လ်စတမ်ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် ဟင်နရီပူးပတ်လာဖာ့ဂျ်က ဘရီမာဗို့ဒ်မြို့၌ကျင်းပသော ဟိုက်ဒရိုဂျင်စွမ်းအင်သုံးရထားဖွင့်ပွဲ အခမ်းအနားတွင် ပြောကြားသည်။

ရည်မှန်း

ပြင်သစ်နိုင်ငံသည် ၂၀၂၂ ခုနှစ်ထက် နောက်မကျဘဲ ပထမဆုံးသော ဟိုက်ဒရိုဂျင် စွမ်းအင်သုံးရထားကို အသုံးပြုရန် ရည်မှန်းထားသည်။ ဗြိတိန်၊ နယ်သာလန်၊ ဒိန်းမတ်၊ နော်ဝေ၊ အီတလီနှင့် ကနေဒါနိုင်ငံတို့ကလည်း ဟိုက်ဒရိုဂျင်စွမ်းအင်သုံးရထား အသုံးပြုရန်ဦးတည်လျက်ရှိကြသည။်

အေအက်ဖ်ပီ