ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သတိပြုစရာ ကူးစက်ရောဂါများ

 

 

 

ဒေါက်တာမြင့်သန်း (ညောင်လေးပင်)

 

နှစ်စဉ် ဇွန်လ ၅ ရက်နေ့ကို ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ (World Environment Day) ဟူ၍ ကုလသမဂ္ဂအဖွဲ့ကြီးက ထူးခြားသောနေ့တစ်နေ့အဖြစ် ၁၉၇၄ခုနှစ်ကပင် ကမ္ဘာတစ်ဝန်း ကျင်းပလာခဲ့ပါသည်။ ကမ္ဘာ့သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်ရန်၊ လေထုရေထုညစ်ညမ်းမှုများကို ကာကွယ် ထိန်းသိမ်းရန်၊ သဘာဝသစ်ပင်သစ်တောများကို ကာကွယ်ထိန်းသိမ်းရန်၊ လူဦးရေလွန်ကဲထူထပ်မှုများကို ထိန်းသိမ်းရန်၊ ကမ္ဘာကြီးပူနွေးလာမှုများကို လျှော့ချ ထိန်းသိမ်းရန်၊ တိရစ္ဆာန်များကို ကာကွယ်စောင့်ရှောက်ထိန်းသိမ်းရန် စသည့်ကမ္ဘာမြေနှင့် လူသားများ ရေရှည်ဖွံ့ဖြိုး တိုးတက်မှုအတွက် အရေးပါသော သဘာဝပတ်ဝန်းကျင်ကြီးကို အားသွန်ခွန်စိုက်စောင့်ရှောက်ကြရန် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်း ဖြစ်ပါသည်။ နိုင်ငံပေါင်း ၁၄၃ နိုင်ငံတို့က အထိမ်းအမှတ် နေ့ကို အခြေအနေနှင့် လိုက်လျောညီစွာ ကျင်းပကြမည်ဖြစ်ပြီး ၂၀၂ဝ ပြည့်နှစ်အတွက် အဆိုပါနေ့၏ အိမ်ရှင်အဖြစ် တောင်အမေရိကတိုက်ရှိ ကိုလံဘီယာနိုင်ငံက လက်ခံကျင်းပမည်ဟု သိရသည်။

၂၀၂၀ ပြည့်နှစ်အတွက် ဆောင်ပုဒ်မှာ “Celebrate Biodiversity” – “တို့ကမ္ဘာမြေ ရေရှည်တည်တံ့စေဖို့၊ ဇီဝမျိုးကွဲများနှင့် သဘာဝပတ်ဝန်းကျင် ကို အချိန်မီထိန်းသိမ်းစို့” ဖြစ်သည်။

ကိုလံဘီယာနိုင်ငံကို Megadiverse country နိုင်ငံတစ်နိုင်ငံဟု ခေါ်ပါသည်။ Megadiversity Countries များဆိုသည်မှာ ကိုလံဘီယာ အပါအဝင် ဩစတြေးလျ၊ မက္ကဆီကို၊ ဘရာဇီး၊ တရုတ်၊ ကွန်ဂို၊ အီကွေဒေါ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မက်ဂါဒတ်စ်ကား၊ မလေးရှား၊ ပါပူဝါနယူးဂီနီ၊ ပီရူး၊ ဖိလစ်ပိုင်၊ တောင်အာဖရိက၊ အမေရိကန်ပြည်ထောင်စု၊ ဗင်နီဇွဲလား စသည့်နိုင်ငံများ ဖြစ်ကြပြီး ကမ္ဘာမြေပေါ်ရှိ သက်ရှိသတ္တဝါမျိုးစုံများစွာ စုဝေးနေထိုင်လေ့ရှိကြ သည့် နိုင်ငံများကို ထိုသို့ခေါ်ခြင်းဖြစ်ပါသည်။

ယခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့တွင် လူတိုင်းကိုယ်စီ ဆောင်ရွက်သင့်သည်များကို အောက်ပါအတိုင်း တိုက်တွန်းထားပါသည်-

၁။ Recycle သုံးစွဲသည့် ပစ္စည်းများကို ပြန်လည်သုံးစွဲနိုင်အောင် မိမိကိုယ်တိုင် လည်းဆောင်ရွက်ပါ။ အများကလိုက်ပါ ဆောင်ရွက်နိုင်အောင်လည်း ကူညီဆောင်ရွက်ပါ။

၂။ လေထုကြီးသန့်စင်စေဖို့၊ ရာသီဥတုမျှတသာယာစေဖို့ လူတိုင်းသစ်ပင် စိုက်ပါ။ သစ်ပင်များကို ချစ်မြတ်နိုးပါ။

၃။ မိမိသည် စေတနာ့ဝန်ထမ်းဖြစ်နေပါစေ။ အများအတွက် ကမ္ဘာကြီးအတွက် အဘက်ဘက်က အကူအညီပေးနိုင်သည့် လူသားကောင်းတစ်ယောက် ဖြစ်စေဖို့ စေတနာ့ဝန်ထမ်းတစ်ယောက်အဖြစ် ဆောင်ရွက်နိုင်အောင် မိမိကိုယ်ကို ပြုပြင်တည်ဆောက်ပါ စသည်တို့ဖြစ်ပါသည်။

ဇီဝမျိုးကွဲများနှင့် လူသားများ ဆက်စပ်နေမှု

Biodiversity ခေါ် သစ်ပင်နှင့် ဇီဝတိရစ္ဆာန်မျိုးကွဲများစွာတို့သည် လူသား တို့ အသက်ရှည်နေထိုင်ရေးအတွက် အခြေခံကျသော လိုအပ်ချက်များကို ပေးဆပ်နေကြသည်ကို တွေ့နိုင်ပါသည်။ သန့်စင်သော လေ၊ ရေ၊ အစား အစာ၊ ဆေးဝါး စသည်များအပါအဝင် လူသားတို့ စားဝတ်နေမှု အမှုကိစ္စ အလုံးစုံတို့သည် ယင်းတို့အပေါ် မူတည်နေပါသည်။ ထိုဇီဝမျိုးစုံတို့ကို ထိန်းသိမ်း၊ ကာကွယ်စောင့်ရှောက်ခြင်း မရှိပါက စိမ်းလန်းစိုပြည်သာယာ လှပနေသော သဘာဝကမ္ဘာမြေကြီးသည်လည်း မလိုလားအပ်သော အကျိုး ဆက်များ တွေ့ကြုံခံစားလာရမည် ဖြစ်ပါသည်။ လူသားတို့၏ လုပ်ရပ်များ ဖြစ်သော သစ်ပင်သစ်တောများကို အလွန်အကျွံခုတ်လှဲဖျက်ဆီးပြီး သစ်တော များ ပြုန်းတီးစေခြင်း၊ သားရိုင်းတိရစ္ဆာန်များအား ဖမ်းဆီးရောင်းဝယ် သတ်ဖြတ်စားသောက်ခြင်း၊ စိုက်ပျိုးမြေများကို အလွန်အကျွံတိုးချဲ့ခြင်း၊ စက်မှု လုပ်ငန်းအမျိုးမျိုးကြောင့် ရာသီဥတုပြောင်းလဲ ပူနွေးလာခြင်း စသည်တို့ ကြောင့် ထိုကဲ့သို့သော ဆိုးကျိုးများ ရင်ဆိုင်လာရခြင်း ဖြစ်ပါသည်။

တောများ ခုတ်ထွင်ခြင်းနှင့်အတူ တောရိုင်းသားကောင်များအား ဖမ်းဆီး သတ်ဖြတ်ရောင်းဝယ်မှုများကြောင့် တိရစ္ဆာန်များစွာ မျိုးတုံးနေကြရသည်ကို လည်း တွေ့နိုင်ပါသည်။ နှစ်စဉ်တိရစ္ဆာန်မျိုးစိတ် ၀ ဒသမ ၀၁- ၀ ဒသမ ၁ ရာခိုင်နှုန်းခန့် မျိုးတုံးပျောက်ကွယ်နေကြရပါသည်။ ကမ္ဘာပေါ်တွင် တိရစ္ဆာန် မျိုးစိတ်ပေါင်း နှစ်သန်းခန့်ရှိရာ နှစ်စဉ် မျိုးစိတ်ပေါင်း ၂၀ဝ မှ ၂၀၀ဝ ခန့် ပျောက်ကွယ် နေကြပါသည်။ နောက်ဆုံးပျောက်ကွယ်ခဲ့ရသည်မှာ အနောက် အာဖရိက ကြံ့နက် (West African Black Rhino) ဖြစ်ပြီး ကင်မရွန်းနိုင်ငံတွင် ၂၀၀၆ ခုနှစ်က နောက်ဆုံးတွေ့ခဲ့ရသည်။ ၂၀၁၁ ခုနှစ်တွင် ယင်းတို့ မျိုးတုံး ပျောက်ကွယ်ပြီဟု ကြေညာခဲ့သည်။

တောများပြုန်းတီးခြင်း၏ အကျိုးဆက်များ

ကမ္ဘာမြေ၏ သစ်တောများ ကျယ်ပြန့်စွာ ထိခိုက်ပျက်စီးနေပြီး တောများ ပြုန်းတီးသည်အထိ ဖြစ်လာနေပါသည်။ ထိုသို့သစ်တောများ ပြုန်းတီးလာခြင်း ကြောင့် ဖြစ်လာသည့် အကျိုးဆက်များကို အောက်ပါအတိုင်းတွေ့ရပါသည်-

- မြေဆီလွှာများ ပျက်စီးခြင်း၊

- ရေသံသရာလည်မှု ပျက်စီးခြင်း၊

- ဇီဝမျိုးကွဲများ ထိခိုက်ဆုံးရှုံးခြင်း၊

- ရာသီဥတုပြောင်းလဲခြင်း။

ထိုသို့ထိခိုက်မှုများတွင် ယနေ့ကြုံတွေ့နေသော ကိုဗစ်- ၁၉ ရောဂါနှင့် ဆက်စပ်နေနိုင်မှုကို ဦးစွာတင်ပြလိုပါသည်။

ကိုဗစ်- ၁၉ နှင့် သဘာဝပတ်ဝန်းကျင် ဆက်စပ်နေမှု

၂၀၁၈ ခုနှစ်ကပင် ဥရောပပညာရှင်တစ်စုက ယခုကဲ့သို့ ကမ္ဘာ့သဘာဝ ပတ်ဝန်းကျင်ကြီး ဆက်လက်ပျက်စီးနေပါက မကြာမီပင် ကပ်ရောဂါများ (Pandemic disease) ပြန်လည်ရင်ဆိုင်ကြနိုင်သည်ဟု သတိပေးထားကြောင်း သိရပါသည်။

ယခုတွေ့ကြုံနေရသော ကိုဗစ်- ၁၉ ကပ်ရောဂါသည်လည်း သဘာဝ ပတ်ဝန်းကျင်ထိခိုက်စေမှု၊ ဇီဝမျိုးကွဲများကို ထိန်းသိမ်းစောင့်ရှောက်ခြင်း ကင်းမဲ့မှုများနှင့်လည်း သက်ဆိုင်နေကြောင်း တွေ့ရပါသည်။ ဇီဝမျိုးကွဲများ ဖြစ်သည့် သစ်ပင်များ၊ သားရဲတိရစ္ဆာန်များသည် လူသားတို့ကို ထောက်ပံ့ ကာကွယ်ပေးထားသော သဘာဝပတ်ဝန်းကျင်စနစ် တစ်ခုဖြစ်သလို ထိုစနစ် ကြီးကို မစောင့်ရှောက်ပါက လူသားတို့ကို မကာကွယ်ပေးနိုင်တော့ဘဲ ယခု ကဲ့သို့သော ဆိုးကျိုးများကို ကြုံတွေ့ရခြင်းဖြစ်သည်။ လေ့လာမှုများအရ ယနေ့ ကမ္ဘာကြီးတွင် လူပေါင်းတစ်ဘီလီယံခန့်မျှ မကျန်းမမာဖြစ်ရခြင်းနှင့် လူပေါင်း သန်းနှင့်ချီ သေဆုံးနေကြရခြင်းတို့သည် ကိုရိုနာဗိုင်းရပ်စ်ပိုးများကြောင့် ဖြစ်ရပြီး လူသားတို့တွင် ဖြစ်ပွားနေသည့် ကူးစက်ရောဂါတို့၏ ၇၅ ရာခိုင်နှုန်းခန့်တို့သည် တိရစ္ဆာန်များမှ လူသို့ ကူးစက်သည့်ရောဂါများ (Zoonotic Diseases) ဖြစ် သည်ဟု သိရသည်။

တရုတ်နိုင်ငံ ဝူဟန်မြို့ရှိ သားငါးဈေးကွက် (Wet Market) တွင် ကမ္ဘာပေါ်ရှိ မည်သည့် သား၊ ငါးတိရစ္ဆာန်ဖြစ်ပါစေ ရရှိနိုင်အောင် စုဆောင်းထားရှိပါသည်။ အရသာထူးခံစားဖို့အတွက်ဖြစ်စေ၊ ဆေးဖြစ်ဝါးဖြစ်အဖြစ်၊ အတွေ့အကြုံသစ် များအဖြစ်ဖြစ်စေ သားငါးကောင်မျိုးစုံ ရရှိနိုင်ပါသည်။ ယင်းတွင် လင်းနို့၊ ကြောင်ကတိုး၊ သင်းခွေချပ်၊ ခွေးရူး (Badgers ) ခေါ် တွင်းအောင်းတိရစ္ဆာန်တစ်မျိုး၊ မိကျောင်းစသည်တို့ တွေ့ရှိနိုင်ရာ ယင်းတို့သည် ဗိုင်းရပ်စ်ပိုးများ ခိုအောင်းရှင်သန် နိုင်ရာ ဝန်းကျင်များ Viral Melting Pots ဟု ပညာရှင်တို့က ယူဆကြပါသည်။ လင်းနို့မှတစ်ဆင့် လူသို့ တိုက်ရိုက်ကူးစက်ခြင်းမဟုတ်ဘဲ သင်းခွေချပ်သည် ကြားခံသတ္တဝါ (Intermediate host) ဖြစ်သွားနိုင်သည်ဟုလည်း လေ့လာယူဆ ကြပါသည်။ ထိုဖြစ်စဉ်များကြောင့် တရုတ်နိုင်ငံအစိုးရက ၂၀၂ဝ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၄ ရက်က ထိုဈေးကွက်ကြီးတစ်ခုလုံးကို လုံးဝပိတ်ပစ်လိုက် ပါသည်။ ထိုဈေးကွက်ကြီးတွင် လူပေါင်း ၁၄ သန်းခန့် ပါဝင်ဆောင်ရွက်နေပြီး တန်ဖိုး ၇၆ ဘီလီယံမျှကြီးမားသည့် ငွေကြေးလည်ပတ်မှုလည်းရှိနေကြောင်း ၂၀၁၇ ခုနှစ် လေ့လာမှုများအရ သိရပါသည်။ ကိုရိုနာပိုးအသစ်သည် တောရိုင်း တိရစ္ဆာန်များကို ထိန်းသိမ်းစောင့်ရှောက်မှု ကင်းမဲ့မှုမှတစ်ဆင့် ဖြစ်ပွားခဲ့သည်ဟု ဆိုနိုင်ပါသည်။

သစ်တောပြုန်းတီးမှုနှင့် ကူးစက်ရောဂါများ

Deforestation ခေါ် သစ်တောပြုန်းတီးခြင်းသည် ၂၀၁၈ ခုနှစ် တစ်နှစ် တည်းမှာပင် အပူပိုင်းဒေသ သစ်တောဧကပေါင်း သန်း ၃ဝ ခန့် ရှိခဲ့သည်။ အရှေ့တောင် အာရှဒေသအတွင်း သစ်တောပြုန်းတီးမှုသည် လွန်ခဲ့သော နှစ်ပေါင်း ၄ဝ အတွင်း ၃၀ ရာခိုင်နှုန်း ခန့်ရှိခဲ့သည်။ သစ်တောများသည် ကမ္ဘာ့မြေအကျယ်အဝန်း၏ ၃၀ ရာခိုင်နှုန်းခန့်ကို ဖုံးအုပ်ထားလျက်ရှိပြီး ၁၉၉ဝ ပြည့်နှစ်မှ ၂၀၁၆ ခုနှစ်အတွင်း ၅၀၂၀ဝ စတုရန်းမိုင် (၁ ဒသမ ၃ သန်း စတုရန်းကီလိုမီတာ)ခန့် ဆုံးရှုံးခဲ့ရသည်ဟု ကမ္ဘာ့ဘဏ်က ထုတ်ပြန် ထားပါသည်။ နှစ်စဉ် သစ်တောဧကပေါင်း ၁၈ ဒသမ ၇ သန်းခန့် ဆုံးရှုံးနေ သည်။ တစ်မိနစ်တိုင်းတွင် ဘောလုံးကွင်း ၂၇ ကွင်း ပမာဏ ဆုံးရှုံးနေရ သည်နှင့် တူသည်။

ကမ္ဘာပေါ်တွင် လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀ဝ အတွင်း သစ်ပင်ပေါင်း ၄၀ဝ ဘီလီယံခန့် ပေါက်ရောက်ခဲ့မည်ဟု ခန့်မှန်းကြသည်။ လူ့ယဉ်ကျေးမှု တိုးတက်လာသည့် စိုက်ပျိုးရေး ခေတ်ဦး (လွန်ခဲ့သော နှစ်ပေါင်း ၁၂၀၀၀) ခန့်ကစပြီး ထိုသစ်ပင်တို့၏ ၄၆ ရာခိုင်နှုန်း ဆုံးရှုံးခဲ့သည်။ နှစ်စဉ် သစ်ပင် ပေါင်း ၁၅ ဘီလီယံမျှ လဲကျပျက်စီးခဲ့ပြီး နေ့စဉ် ၄၂၀၀၀၀၀ဝ ခန့်ကို လူသားတို့က ခုတ်လှဲနေကြသည်။

သစ်တောများကို ခုတ်ထွင်ခြင်းတို့သည် တောတွင်းခိုအောင်းနေသော တိရစ္ဆာန်များ၏ နေထိုင်မှုစနစ်များ ပြောင်းလဲကာ ယင်းတို့ရှိ ဗိုင်းရပ်စ်နှင့် အခြား ရောဂါပိုးတို့ကို လူတို့ထံ ကူးစက်စေနိုင်သည်ဟု သိရပါသည်။ SARS, Ebola နှင့် ယခု SARS-CoV-2 ခေါ် ကိုဗစ်- ၁၉ ဗိုင်းရပ်စ်ပိုးတို့သည် ထူထပ် သော အပူပိုင်းဒေသသစ်တောများအတွင်း ခိုအောင်းနေလေ့ရှိသော သားရဲ တိရစ္ဆာန်တို့မှ လူသားများထံ ကူးစက်လာခြင်းဖြစ်သည်။ လူတို့ကို ကူးစက် ရောဂါများ ဖြစ်စေသော ရောဂါပိုးတို့၏ လေးပုံတစ်ပုံခန့်သည် သစ်တောများကို ခုတ်ထွင်မှုများကြောင့် ဖြစ်သည်။ ပို၍ချဲ့ထွင်လာလေ ကူးစက်ရောဂါပိုးတို့ ပို၍ ပျံ့နှံ့လာစေလေ ဖြစ်သည်။ ဇီကာ (Zika)၊ နီပါး (Nipah)၊ ငှက်ဖျား၊ ကာလဝမ်း၊ HIV စသည်တို့သည်လည်း ထိုလမ်းကြောင်းများမှပင် ကူးပြောင်း လာကြပါသည်။ Bush Meat ခေါ် ချုံအသားစားမှုနှင့် ဆက်စပ်သော ချင်ပင်ဇီတို့သည် HIV ပိုး ပျံ့နှံ့မှုနှင့် ပတ်သက်နေကြောင်း ယူဆကြပါသည်။ ၂၀၁၉ ခုနှစ် လေ့လာမှုအရ တောပြုန်းတီးမှု ၁ဝ ရာခိုင်နှုန်းများလာလေ ငှက်ဖျားရောဂါ ဖြစ်ပွားမှု ၃ ဒသမ ၃ ရာခိုင်နှုန်း များလာလေဖြစ်သည်။ ယင်းသည်လူပေါင်း ၇ဒသမ ၄ သန်းခန့်ကို ထိခိုက်စေနိုင်သည်ဟု သိရပါ သည်။ သစ်တောများကို ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်များကို ပျက်ကွက်နေကြဆဲရှိရာ ၂၀၁၆ ခုနှစ် တစ်နှစ်လုံးတွင် သစ်တောအကျယ် အဝန်းဟက်တာပေါင်း ၂၈ သန်းခန့် ခုတ်လှဲခံခဲ့ရပြီး ယနေ့တိုင်လည်း လျော့နည်းသွားခြင်းမရှိသေးဟု ဆိုပါသည်။

ရာသီဥတုပူနွေးလာခြင်းနှင့် ဆက်စပ်နေသော ကူးစက်ရောဂါများ

၂၀၁၆ ခုနှစ် နွေရာသီအတွင်းက အအေးပိုင်းဒေသဖြစ်သည့် ဆိုက်ဘေး ရီးယားဒေသ Yamal ကျွန်းဆွယ်တွင် Anthrax ခေါ် ထောင့်သန်းရောဂါ ဖြစ်ပွားခဲ့ရာ လူပေါင်းတစ်ရာကျော်ကူးစက်ခံရပြီး ၁၂ နှစ် အရွယ်ကလေး တစ်ဦး သေဆုံးခဲ့ပါသည်။ ဒေသရှိ ဒရယ်အကောင်ပေါင်း ၂၃၀ဝ ခန့်တို့လည်း သေဆုံးကြရကြောင်း သိရသည်။ ထိုဒေသတွင် လုံးဝမကြုံဖူးသေးသည့် ဖြစ်ရပ် မှာ ရေခဲပြင်များ (Permafrost) မှ စတင်ကြောင်းသိရသည်။ Permafrost ဆိုသည်မှာအမြဲအေးခဲနေသည့် ရေခဲထုများဖြစ်ကြသည်။ Active Layer ခေါ် အပေါ်ယံမြေပြင်လွှာအောက်တွင် ရှိနေကြပြီး မည်သည့်အခါမှ အရည် မပျော်သော ရေခဲတုံးပြင်ကြီးများ ဖြစ်ကြသည်။ သို့သော် ကမ္ဘာ့အပူချိန်မြင့် တက်လာမှုကြောင့် ထိုရေခဲပြင်ကြီးများ အရည်ပျော်လာပါသည်။ ရေခဲပြင်ထဲတွင် နှစ်ပေါင်းသန်းချီ အသက်မဝင်မလှုပ်ရှား ဘဲရှိနေကြသော ထောင့်သန်းရောဂါပိုးတို့ မြေပြင်ပေါ်ရောက်လာကာ ယခုကဲ့သို့ ကူးစက်ရောဂါ အသွင်ဖြစ်လာခြင်း ဖြစ်သည်။ ကမ္ဘာကြီးပူနွေးလာမှုကြောင့် ထိုကဲ့သို့ မြေအောက်ရှိ ရေခဲပြင်တို့ထဲတွင် ရှိနေကြသည့် ရှေးဟောင်းရောဂါပိုးများ လွတ်မြောက်လာနိုင်ကြောင်း ပညာရှင်များက အချိန်ကာလ အတန်ကြာ ကပင် ခန့်မှန်းထားကြပြီးဖြစ်ပါသည်။ ထိုရောဂါပိုးတို့သည် လူတို့နှင့် ထိတွေ့ခဲ့ခြင်း မရှိခဲ့သည့် ပိုးအများစုဖြစ်နေသဖြင့် လူ့ခုခံဓာတ်က မခုခံနိုင် သေးဘဲ ရှိနေဦးမည်ဟုလည်း သိရပါသည်။

ထို့ကြောင့် ပူနွေးလာမှုဖြစ်စဉ်ကို အရှိန်အဟုန်ဖြင့် မထိန်းနိုင်ပါက ကူးစက်ရောဂါများ ဖြစ်လာနိုင်ဖွယ်ရှိကြောင်း သိရပါသည်။ ၁၈ ရာစု၊ ၁၉ ရာစုခန့်က ဖြစ်ပွားခဲ့သော ကူးစက်ရောဂါများပင် ပြန်နိုးထလာနိုင်စရာရှိပြီး ထိုစဉ်က ရောဂါကြောင့် သေဆုံးခဲ့သူများကို မြှုပ်နှံခဲ့သည့် သုသာန်များအနီး တစ်ဝိုက်တွင် ပိုဖြစ်လာနိုင်သည်ဟု ခန့်မှန်းကြပါသည်။ ယခုတွေ့ရသော ဆိုက်ဘေးရီးယားဒေသ အပေါ်ယံလွှာသည် နွေရာသီရောက်တိုင်း အရည် ပျော်တတ်သည်။ ၂၀၁၆ ခုနှစ်တွင် ထိုဒေသအတွင်း အပူချိန်မြင့်တက်လာရာ ၃၅ ဒီဂရီ ဆဲလ်စီးယပ်စ်အထိ ဖြစ်လာသည်။ ထိုအခါ ရေခဲပြင်ကြီး အရည်ပျော် လာပါသည်။ ထောင့်သန်းရောဂါပိုးသည် အတော်ခံနိုင်ရည်ရှိသော ဗက်တီး ရီးယားဖြစ်သည်။ Spore ခေါ် အပေါက်ပါသည့်ပိုးဖြစ်ပြီး မြေအောက်တွင် နှစ်ပေါင်းများစွာ အသက်မဲ့နေနိုင်ကြသည်။ အခြေအနေအရ ယခုကဲ့သို့ ပြန်လည်ရှင်သန်လာနိုင်သည်ကို တွေ့ရသည်။

အလားတူပင် ဗိုင်းရပ်စ်ပိုးများကလည်း ထိုသို့သော အခြေအနေများဖြစ် လာနိုင်ကြောင်း သိရသည်။ ၂၀၁၄ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်က အဆိုပါ ဆိုက်ဘေးရီးယား မြေအောက်ရေခဲတုံးတစ်ခုကို လေ့လာခဲ့ရာ ဗိုင်းရပ်စ်ပိုး နှစ်မျိုးကို တွေ့ခဲ့ရသည်။ အမီးဘားပိုးတို့ကိုသာ ကူးစက်နိုင်သည်ဟု ယူဆ ရသည့် ထိုဗိုင်းရပ်စ်ပိုးတို့အပြင် လူကိုပါကူးစက်နိုင်သည့် Small Pox ကျောက်ရောဂါပိုးနှင့် စပိန်တုပ်ကွေး (Spanish Flu Virus) တို့လည်း ပိတ်လှောင် နေနိုင်သည့် အထောက်အထားများ တွေ့ရကြောင်းသိရပါသည်။ သမိုင်း မတင်မီလွန်ခဲ့သော နှစ်ပေါင်းလေးသောင်းခန့်က မျိုးတုံးပျောက်ကွယ်ခဲ့သည့် နီယမ်ဒါတယ် (Neandertal )နှင့် ဒန်နစ်ဆိုဗန် (Denisovan) လူမျိုးနွယ်တို့မှာ လည်း အလားတူ ကူးစက်ရောဂါများနှင့် ရင်ဆိုင်ခဲ့ရဖူးမည်ဖြစ်သည်။ ယင်းတို့ သည် ကမ္ဘာ့ပတ်ဝန်းကျင်အခြေအနေကြီး ယိုင်နဲ့လာမှုနှင့်အတူ ပြန်လည် နိုးထလာနိုင်သည်ဟု ပညာရှင်တို့ ယူဆကြပါသည်။

စကြဝဠာအတွင်းရှိနေသော ဒြပ်ဝတ္ထုများစွာတွင် လူသားတို့ မသိနိုင် သေးသည့် ဒြပ်ဝတ္ထုတို့ကို နက္ခတ္တဗေဒတွင် Dark Matter ဟု ခေါ်သလို လူသားတို့ မတွေ့နိုင်၊ မသိနိုင်သေးသည့် ရောဂါပိုးများစွာကို Microbial Dark Matter ဟု ခေါ်ပါသည်။ လူသားတို့က အဏုဇီဝရောဂါပိုးတို့၏ ၁ ရာခိုင်နှုန်း ခန့်ကိုသာ လေ့လာနိုင်သေးသည်။ မသိသေးသော ပိုးပေါင်းများစွာ ရှိနေ သေးသည်။ သဘာဝကြီးကို ထိန်းသိမ်းဖို့လိုသည်။ တကယ်တော့ လူသားတို့ သည်သာ သဘာဝတရားကို ဖန်တီးနိုင်ကြသည်ဟု ဝါရှင်တန်ပြည်နယ် အမျိုးသားဓာတ်ခွဲခန်းမှ ပညာရှင် Janet Jason က ဆိုပါသည်။

၁၉၉၇ နှင့် ၁၉၉၉ ခုနှစ်များက အင်ဒိုနီးရှားနိုင်ငံနှင့် မလေးရှားနိုင်ငံတို့တွင် တောမီးလောင်မှုနှင့် သစ်တောများခုတ်ထွင်မှုများကြောင့် တောတွင်း ခိုအောင်းနေ Fruit bats အသီးစားလင်းနို့များ မြို့ရွာများအနီးရောက်ရှိကာ ယင်းတို့မှ ကြားခံတိရစ္ဆာန်အချို့မှတစ်ဆင့် ဒေသခံလူများအတွင်း နီပါးဗိုင်းရပ်စ် ကူးစက်ခဲ့သည်။ မလေးရှားနိုင်ငံတွင် လူပေါင်း ၂၆၅ ဦးဖြစ်ပွားခဲ့ပြီး ၁၀၅ ဦး သေဆုံးခဲ့သည်။ လွန်ခဲ့သောဆယ်စုနှစ် နှစ်ခုအတွင်း သစ်တောများပြုန်တီးမှု ကြောင့် နီပါးနှင့် လက်ဆာဗိုင်းရပ်စ်များအပြင် ငှက်ဖျားနှင့် Lyme disease တို့ပါ ပိုမိုဖြစ်ပွားခဲ့သည်။ ဘရာဇီးနိုင်ငံတွင် အမေဇုန်တောကြီးရှိ သစ်ခုတ်လှဲမှု များစွာကြောင့် ငှက်ဖျားရောဂါဖြစ်ပွားမှုများလာသည်။ ၁၉၄ဝ ပြည့်နှစ်များက နှစ်စဉ်လူပေါင်းခြောက်သန်းခန့်ဖြစ်ပွားခဲ့ပြီး ၁၉၆၀ ပြည့်နှစ်များက လူပေါင်း ငါးသောင်းခန့်သာ ဖြစ်ပွားခဲ့တော့သည်။ ယခုအချိန်တွင်မူ နှစ်စဉ်လူပေါင်း ခြောက်သိန်းခန့်ဖြစ်ပွားလာသည်ကို တွေ့ရသည်။

ဘရာဇီးနိုင်ငံတွင် ၂၀၁၉ ခုနှစ်အတွင်း နယူးယောက်မြို့တော်ကြီး၏ အကျယ်ထက် ၁၂ ဆများသော အကျယ်အဝန်းရှိ သစ်တောများကို ခုတ်လှဲပြီး ဖြစ်ကြောင်း ခန့်မှန်းကြသည်။

ထိုဒေသတွင် Anopheles darling ခြင်မျိုးတို့သည် သစ်တောများအတွင်းမှ ထွက်ကာ မြို့ရွာများအနီးတွင် ခိုအောင်းလာကြပြီး ငှက်ဖျားရောဂါဖြစ်ပွားစေ သည်ကို တွေ့ရသည်။ ၂၀၀၃ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်များအတွင်း လေ့လာမှုများ အရ သစ်တော ၁၀ ရာခိုင်နှုန်းဆုံးရှုံးလျှင် ငှက်ဖျားရောဂါဖြစ်ပွားမှု ၃ ရာခိုင်နှုန်း တိုးလာစေသည်ဟု သိရသည်။ ဥပမာတစ်ခုအနေဖြင့် သစ်တော ၆၁၈ စတုရန်း မိုင် (၁၆၀ဝ စတုရန်းကီလိုမီတာ) (ယင်းသည် ဘောလုံးကွင်းပေါင်း ၃၀၀၀၀၀ နှင့် ညီသည်) ပြုန်းတီးလျှင် ငှက်ဖျားဖြစ်သူ ၁၀၀၀ဝ တိုးလာစေသည်ဟု သိရ သည်။ ၂၀၁၅ ခုနှစ် Ecohealth Alliance(Newyork-Based) အဖွဲ့၏ လေ့လာ ချက်အရ ကူးစက်ရောဂါအသစ်၊ အဟောင်းများမှ ကူးစက်ပျံ့နှံ့မှုများ သုံးခုတွင် တစ်ခုသည် သစ်တောများပြုန်းတီးမှုနှင့် သက်ဆိုင်နေကြောင်းတွေ့ရသည်။ သစ်တောများ ခုတ်ထွင်မှုကြောင့် ကြွက်များအပါအဝင် သွားဖြင့် ကိုက်ဖြတ် တတ်သော တိရစ္ဆာန်များပျံ့နှံ့လာကာ အီဘိုလာပိုး ကူးစက်စေကြောင်း အာဖရိကတိုက် လိုက်ဘေးရီးယားနိုင်ငံတွင် တွေ့ရပြီး ရောဂါဖြစ်ပွားသူ ၃၆ ရာခိုင်နှုန်းခန့် သေဆုံးခဲ့ရပါသည်။

ထို့ကြောင့် သဘာဝပတ်ဝန်းကျင်ကြီး ထိခိုက်ပျက်စီးနေမှုများကို လူသား တိုင်း သတိပြုထိန်းသိမ်းသင့်ကြပါကြောင်း ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေး နေ့အထိမ်းအမှတ် ဖော်ပြအပ်ပါသည်။ ။

မြန်မာ့အလင်း