ကမ္ဘာ့ရှေးအကျဆုံး သင်္ဘောပျက်တစ်စင်း ပင်လယ်နက် ကြမ်းပြင်တွင် ပကတိအတိုင်း ရှာဖွေတွေ့ရှိ

ဆိုဖီယာ  ၂၄ အောက်တိုဘာ

နှစ်ပေါင်း ၂၄၀ဝ ကျော် သက်တမ်းရှိ ဂရိကုန်သွယ်သင်္ဘောပျက်တစ်စင်းကို ဘူဂေးရီးယားနိုင်ငံ အနီး ပင်လယ်နက် ကြမ်းပြင်တွင် ထောင်လျက်အနေအထားဖြင့် ပကတိအတိုင်းရှာဖွေတွေ့ရှိခဲ့ ကြောင်း၊ ယင်းမှာ ကမ္ဘာပေါ်တွင် ရှေးအကျဆုံး သင်္ဘောပျက်တစ်စင်းဖြစ်ကြောင်း သုတေသီ များက အောက်တိုဘာ ၂၃ ရက်တွင် ပြောကြားသည်။

ယခုတွေ့ရှိရသည့် ရှေးဟောင်းအကျဆုံး သင်္ဘောပျက်သည် ပင်လယ်နက် ပင်လယ် ရေကြောင်းဆိုင်ရာ ရှေးဟောင်းသုတေသန စီမံကိန်းအရ ရှာဖွေတွေ့ရှိရသည့် သင်္ဘောပျက် အစင်းရေ ၆၀ ကျော်ထဲတွင် တစ်စင်းအဖြစ် ပါဝင်ကြောင်း၊ တွေ့ရှိရသည့် သင်္ဘောပျက်များတွင် ရောမခေတ်မှ သင်္ဘောများနှင့် ၁၇ ရာစုနှစ်အတွင်းက ကော့ဆက်လူမျိုးများ၏ စစ်သင်္ဘော တစ်စင်းလည်း ပါဝင်ကြောင်း သတင်းတွင် ဖော်ပြသည်။

သုံးနှစ်ကြာ စီမံကိန်းအတွင်း သုတေသီများက ကမ်းလွန်ပင်လယ်ပြင်၌ ရေနံနှင့်ဓာတ်ငွေ့ စူးစမ်းရှာဖွေရာတွင် ပင်လယ်ကြမ်းပြင် မြေပုံရိုက်ကူးရေးလုပ်ငန်းအတွက် အသုံးပြုခဲ့သော ပင်လယ်ရေနက်ပိုင်း စူးစမ်းလေ့လာရေး အထူးကင်မရာများကို အသုံးပြုခဲ့သည်။

နစ်မြုပ်နေသည့် အဆိုပါ သင်္ဘောမှ အစိတ်အပိုင်းငယ်တစ်ခုကို ကာဗွန်နည်းပညာဖြင့် သက်တမ်း တွက်ချက်ကြည့်ရာ ယင်းသင်္ဘောမှာ သက်တမ်းအရင့်ဆုံးသင်္ဘောပျက်ဟု အတည်ပြု နိုင်ခဲ့ကြောင်း အဆိုပါ စီမံကိန်းအဖွဲ့က ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြသည်။

နစ်မြုပ်နေသည့် သင်္ဘောပျက်သည် ပင်လယ်ကြမ်းပြင်ပေါ်လဲလျောင်းနေပြီး သင်္ဘော၏ ရွက်တိုင်နှင့် တက်တို့မှာ ပကတိအတိုင်း တည်ရှိနေသည်။ ၎င်းသင်္ဘောနစ်မြုပ်သည်မှာ ဘီစီ ၄၀ဝ ခန့်က ဖြစ်ပြီး ထိုစဉ်က ပင်လယ်နက်သည် ဂရိကိုလိုနီ နယ်မြေများနှင့် ကုန်သွယ်ရာတွင် အဓိကကျသော ကုန်သွယ်ရေးစခန်းအဖြစ် တည်ရှိခဲ့သည်။

ဂရိကုန်သင်္ဘော ဒီဇိုင်းပုံစံရှိသင်္ဘောကို ယခင်က ရှေးဟောင်းဂရိမြေအိုးမြေထည်များ ပေါ်ရှိ သရုပ်ဖော်ပုံများတွင်သာ တွေ့မြင်ခဲ့ရကြောင်း၊ ယင်းသင်္ဘောသည် ပင်လယ်ရေအောက် အနက် မီတာ ၂၀ဝဝ ကျော် (ပေ ၆၅၀ဝ) တွင် ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ သင်္ဘောနစ်မြုပ်ရာနေရာသည် ပင်လယ်နက်၏ အောက်ဆီဂျင်ဓာတ် ကင်းမဲ့သော နေရာ၌ တည်ရှိသဖြင့် သင်္ဘောပျက်၏ ရွက်တိုင်များနှင့် တက်များမှာ မပျက်မစီး တည်ရှိနေခြင်းဖြစ်ကြောင်း သုတေသီအဖွဲ့က ပြောကြားသည်။

အေအက်ဖ်ပီ