ကမ္ဘောဇဌာနေ မောရှမ်းပြည် နေရာအနှံ့သွားကြမယ်

၂၅ သြဂုတ်

 

ခရီးသွားကြမယ်ဆိုရင်တော့ ထင်ရှားကျော်ကြားပြီး အထင်ကရနေရာတွေပေါများလှတဲ့ ကမ္ဘောဇဌာနေ မောရှမ်းပြည်ဟာမသွားမဖြစ်သွားရမယ့် ဒေသတစ်ခုပါပဲ။ ရှမ်းပြည်နယ်ဟာ လူမျိုးစုံဟင်းလင်းအိုးဒေသလို့ ပြောရလောက်အောင် တိုင်းရင်းသားလူမျိုးစုပေါင်းစုံရောနှောနေထိုင်ကြတဲ့ ဒေသတစ်ခုလည်း ဖြစ်တယ်။

 

ရွှေရောင်တဝင်းဝင်း ထုံးဖြူတဖွေးဖွေး စေတီပုထိုးတွေ၊ တိုင်တစ်ရာကျော်ရှိတဲ့ ဘုန်းကြီးကျောင်းတွေကို နေရာအနှံ့အပြားမှာ တွေ့မြင်ရပါတယ်။ ဒါ့အပြင်တောတောင်လျှိုမြောင်ရေတံခွန်စိမ့်စမ်းတွေနဲ့ သာမောဖွယ်ကောင်း လှပြီး ချယ်ရီ၊ ထင်းရှူး၊စနိပ်န်းပြာစတဲ့ ပန်းပင်တွေက သဘာဝအလှကိုဖော်ကျူးနေပါတယ်။မြန်မာနိုင်ငံရဲ့ အကြီးဆုံးနဲ့ အကျယ်ဆုံးပြည်နယ်တစ်ခုဖြစ်တဲ့ ရှမ်းပြည်နယ်ကိုတောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်းရယ်လို့ ခေါ်ဆိုကြပေမယ့် ပြည်နယ်တစ်ခုလုံးရဲ့မြို့တော်ကတော့ တောင်ကြီးမြို့ဖြစ်ပြီးတောင်ပိုင်းမှာ ရှိပါတယ်။ မြောက်ပိုင်းရှိလားရှိုးနဲ့ အရှေ့ပိုင်းရှိ ကျိုင်းတုံမြို့တို့ဟာအုပ်ချုပ်ရေးနဲ့ စီမံခန့်ခွဲဖို့ အစိုးရရုံး စိုက်ရာမြို့တွေဖြစ်ပါ တယ်။

 

ရှမ်းပြည်နယ်မှာ စိတ်ဝင်စားဖွယ်နေရာအများအပြားရှိပြီး အများစုကတော့ ရှမ်းပြည်နယ် တောင်ပိုင်းမှာရှိကြ ပါတယ်။ နေရာစုံအောင် သွားရောက်လည်ပတ်မယ်ဆိုရင်နှစ်ရက် သုံးရက်လောက် အချိန်ပေးရပါမယ်။ ရန်ကုန် မှကားဖြင့် ရန်ကုန်-မန္တလေးအဝေးပြေးလမ်းအတိုင်းလာပြီး ပျော်ဘွယ်ကနေတောင်ကြီးကိုသွားနိုင်သလို မန္တလေးမှဆိုရင်မိတ္ထီလာကနေ တောင်ကြီးကို သွားနိုင်ပါတယ်။တောင်ကြီးကို ရန်ကုန်ကနေ ၁၂ နာရီ လောက်ကားစီးရပြီး မန္တလေးမှ ရှစ်နာရီလောက်စီးရပါမယ်။ ရန်ကုန်မှဖြစ်ဖြစ်၊ မန္တလေးမှဖြစ် ဖြစ်မနက် စော စောကားစီးလာရင်တော့ ရှမ်းပြည်နယ်တောင်ပိုင်း လမ်းမကြီးတစ်လျှောက်ညနေရှုခင်းတွေကို တွေ့မြင်ခံစားရပါမယ်။

 

ရန်ကုန်ကနေ ကားစီးချိန် ၁၀ နာရီလောက် (မန္တလေးမှ ခြောက်နာရီလောက်)ကြာတဲ့အခါ ကလောမြို့ကို ရောက်ပါမယ်။ကလောမြို့လေးဟာ ဗြိတိသျှအစိုးရရဲ့နွေရာသီစခန်းမြို့ဖြစ်ခဲ့ပြီး ရှမ်းပြည်နယ်တောင်ပိုင်းရဲ့ မုခ်ဦးမြို့လည်း ဖြစ်ပါတယ်။ကလောမြို့ကနေ တောင်ကြီး၊ ဒါမှမဟုတ်အင်းလေးကန်စပ်က ညောင်ရွှေမြို့ကို သွားရင်ကားမောင်းချိန် နှစ်နာရီလောက်သာကြာမှာဖြစ်ပါတယ်။ ၁၉၁၄ ခုနှစ်မှာ ရှမ်းပြည်နယ်တောင်ပိုင်း သာမိုင်းခမ်းနယ်ထဲက ကလောဆိုတဲ့ ရွာလေးကို ဗြိတိသျှတို့က မြန်မာနိုင်ငံရဲ့စကော့တလန်ဒေသလို့ တင်စားကာနွေရာသီစခန်းမြို့လေးအဖြစ် တည်ထောင်ခဲ့တာပါ။

 

ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၄၃၀ဝကျော်မြင့်တဲ့ တောင်ပေါ်မြို့လေးကိုထင်းရှူးပင်၊ ဝက်သစ်ချပင်၊ ချယ်ရီပင်တွေရှိတဲ့တောင်တန်းတွေက ဝန်းရံနေပါတယ်။ကလောမြို့လေးမှာ အင်းဝခေတ်လက်ရာလို့ ပညာရှင်တွေက ယူဆထားတဲ့ ရှေးဟောင်းနှီးဘုရား၊ ကလောရွှေဥမင်လိုဏ်ဂူ၊ မြင်းမထိလိုဏ်ဂူ၊ မြို့ရှုခင်းကြည့်ဖို့ သိမ်တောင်ကျောင်းနဲ့တောင်ပေါ်ဟိုတယ်၊ ရှမ်းတောင်တန်းတွေပေါ်ကနေဝင်ဆည်းဆာကြည့်ဖို့ ပလောင်တောင် ဗျူးပွိုင့်တွေရှိပါတယ်။ အခုဆိုရင်ကလောမြို့လေးဟာ ခြေကျင်ခရီးလျှောက်ရင်းတောင်ပေါ်ရှုခင်းနဲ့ ကျေးရွာ တွေဆီ လည်ပတ်တဲ့ သူတွေအတွက်လည်း စိတ်ဝင်စားမှုများလာတဲ့ နေရာလေးတစ်ခုဖြစ်နေပါတယ်။ နှီးဘုရားကြီးဟာ ကလောမြို့ ပင်မာကုန်းကျေးရွာမှာရှိပြီး ဉာဏ်တော်အမြင့် ၈ ပေ ၄လက်မရှိပါတယ်။ နှီးဘုရားကြီးဟာ ဝါးကိုနှီးဖြာကာ အောက်ခံအဖြစ်ရက်လုပ်ပြီး သစ်စေးသုတ်ကာ ရွှေချထားတာဖြစ်ပါတယ်။ နှီးနဲ့ပြုလုပ်ထားပေမယ့် နှစ်ပေါင်း ၅၀ဝ ကျော်တိုင်မပျက်မစီးတည်ရှိနေပါတယ်။ နှီးဘုရားကြီးကမြန်မာ့ယွန်းထည်ပညာနဲ့ ဝါးနှီးရက်လုပ်တဲ့ပညာကိုပါ ဂုဏ်ဆောင်နေပါတယ်။ နှီးဘုရားကြီးဟာ မျက်လွှာချလျက် ဘူမိဖဿမုဒြာဟန်ဖြင့် တင်ပျဉ်ခွေကာ မျက်နှာတော်ရှေ့သို့ ခပ်ငိုက်ငိုက်ထိုင်နေတော်မူဆင်း တုတော်ဖြစ်ပါတယ်။

 

နှီးဘုရားရဲ့ ဘေးတစ်ဖက်တစ်ချက်မှာ အဝိုင်းပုံဒေါင်းနဲ့ ယုန်ရုပ်ပါတဲ့ နေနဲ့လရွှေယပ်တွေကိုထီးဖြူနှစ်စင်းနဲ့ အတူ စိုက်ထူထားပါတယ်။ဘုရားကြီးရဲ့ မုနိတော်မှာ အချွန်ဖြစ်နေပြီးနားရွက်တော်နဲ့ ပခုံးတော်မထိဘဲ သင်္ကန်းတော်မှာ ဝဲဘက်ရင်ဘတ်တော်နားမှာ တည်ရှိနေတာတို့ကြောင့် ပထမအင်းဝခေတ် လက်ရာလို့ ယူဆကြပါ တယ်။ နှီးဘုရားဖူးပြီးအပြန်မှာကလောမြို့ ရွှေဥမင်လိုဏ်ဂူကို ဝင်ရောက်နိုင်ပါတယ်။ ကလောမြို့ ရှေးဟောင်း သမိုင်းဝင်ရွှေဥမင်သဘာဝလိုဏ်ဂူတော်မှာ လိုဏ်ဂူနှစ်ခုရှိပါတယ်။ အထက်လိုဏ်ဂူကိုတော့ ဝင်လို့မရပါဘူး။ ပိတ်ထားပါတယ်။ အောက်လိုဏ်ဂူအတွင်းရှိ ဘုရားရုပ်ပွားတော်များကို ဖူးမြော်နိုင်ပါတယ်။

 

မြင်းမထိဂူလို့ အမည်တွင်တဲ့ သဘာဝထုံးကျောက်လိုဏ်ဂူကတော့ ကလောကနေအောင်ပန်းသို့အသွား တိုးဂိတ်အလွန်လွိုင်ကော်သွားတဲ့ လမ်းပေါ်မှာရှိပါတယ်။ကလောမြို့အရှေ့ဘက်ခုနစ်မိုင်အကွာမြင်းမထိရွာအနီး ပင်လယ်ရေမျက်နှာ ပြင်အထက် ၁၀၇၅ ပေမြင့်တဲ့ မြင်းမထိတောင်ရှိပြီးလိုဏ်ဂူတော်အတွင်းစေတီ၊ ဆင်းတုတော်တွေနဲ့ ပုဂံခေတ်ကတည်းက တည်ထားခဲ့တဲ့ထီးသုံးဆင့် ဆုတောင်းပြည့်ဘုရားကို ဖူးမြော်နိုင်ပါတယ်။ လိုဏ်ဂူဟာ တိုးလျှိုပေါက်ဂူဖြစ်ပြီးဂူဝမှထွက်ပေါက်အထိ ၁၀၂၈ ပေ ရှည်လျားတာကြောင့် လမ်းလျှောက်ရင် နာရီဝက်လောက်ကြာပါတယ်။

 

ကလောကနေ တောင်ကြီးကို ဆက်သွားရင်ကလောမှ ခြောက်မိုင်အကွာမှာ အောင်ပန်းမြို့ရှိပါတယ်။ အောင်ပန်းဒေသဟာ ကလောမြို့တည်နေစဉ်အတွင်း စည်ကားလာတဲ့ ရှမ်းမြေလတ်ဒေသဖြစ်တဲ့အတွက် ဗြိတိသျှတို့ ကကုန်သွယ်ရေးမြို့အဖြစ်တည်ထောင်ခဲ့တာပါ။

 

အခုချိန်အထိလည်း ရှမ်းပြည်နယ်တောင်ပိုင်းရဲ့ကုန်စည်တွေ စုပေါင်းစီးဆင်းရာ မြို့အဖြစ်ရပ်တည်နေပါတယ်။ အောင်ပန်းကနေပင်းတယကို အသွား ၁၁ မိုင်မှာတော့ ရွာငံနဲ့ဟန်မြင့်မိုရ်ကိုသွားတဲ့ ကျုံးဆိုတဲ့ လမ်းခွဲလေးရှိ ပါတယ်။ ပင်းတယကို မသွားဘဲ ရွာငံကိုသွားမယ်ဆိုရင်တော့ ပြဒါးလင်းဂူ၊ မိန်းမရဲတောင်၊ ရေပြာအိုင်နဲ့ တောကျယ်ရေတံခွန်၊အလယ်ချောင် ရေတံခွန်အစရှိတဲ့နေရာတွေကိုရောက်ပါလိမ့်မယ်။ မန္တလေးကနေရွာငံကိုမန္တလေး-ကျောက်ဆည်-ဟန်မြင့်မိုရ်လမ်းခွဲကနေ ကားနဲ့သွားရင် သုံးနာရီလောက်ကြာပါတယ်။ မြို့ ကြီးရွာအနီးမှာ ဆင်ခေါင်းတောင်နဲ့ ဇော်ဂျီမြစ်နံဘေး ရှုခင်းအလှကိုလည်း တွေ့မြင်ရမှာပါ။

 

ပြဒါးလင်းဂူဟာ ရွာငံမြို့နယ် ညောင်ချက်ရွာ အရှေ့မြောက်ဘက် လေးမိုင်အကွာ၊ရေပုတ်ရွာဟောင်း အနောက် ဘက်တစ်မိုင်ခန့်အကွာပေတစ်ထောင်ကျော်မြင့်တဲ့တောင်ကုန်းပြင်ထက်မှာတည်ရှိပါတယ်။မြန်မာနိုင်ငံရဲ့အကြီးဆုံးဂူဖြစ်ပြီး ကျောက်ခေတ်လူသားတွေ နေထိုင်ခဲ့ကြတယ်လို့ဆိုပါတယ်။ ပြဒါးလင်းဂူကို အမှတ် (၁)နဲ့အမှတ် (၂) ဆိုပြီး ရှိပါတယ်။ ဂူနှစ်ဂူစလုံးမှာတောင်ဘက်သို့ မျက်နှာမူနေပြီး တစ်ဂူနဲ့တစ်ဂူကိုက် ၂၀ဝ သာဝေးပါတယ်။ ဂူအတွင်းရှိထုံးကျောက်သားတွေမှာ ပြဒါးကဲ့သို့ အရောင်တောက်ပနေပါတယ်။ ပြဒါးလင်းဂူအမှတ် (၂)ဟာ အမှတ် (၁) ထက် ပိုမိုကြီးမားပြီး ပေ၈၀ဝ ရှည်လျားကာ မြေပြင်အထက် ပေ ၇၀အမြင့်မှာ အခန်းခြောက် ခန်းပါတဲ့ ကျောက်လိုဏ်ဂူအဖြစ် တည်ရှိနေပါတယ်။ ဂူခေါင်မိုးမှာ နေအလင်းပေါက်တွေဟာ ဂူကြမ်းပြင်သို့ အလင်းတန်းသဖွယ် ကျရောက်နေပါတယ်။

 

အမြင့်ပေ ၆၀၊ ပေ ၈၀ အခန်းကြီးတွေနဲ့ ဖွဲ့တည်ကာ နောက်ဆုံးဂူမှာ ၁၅ ပေ ပတ်လည်ခန့်ရှိတာကို တွေ့ ရပါတယ်။ ဂူအတွင်းပိုင်းမှာသဘာဝအလျောက် ကျောက်စက်ပန်းဆွဲ၊ကျောက်စက်မိုးမျှော်တွေ ဆန်းကြယ်ဘစွာ တွေ့ရပါတယ်။

 

ခရီးသွားမှတ်စု- စိုးစိုးနိုင်(ကြေးမုံ)