ကမ္ဘောဇဌာနေ မောရှမ်းပြည် နေရာအနှံ့သွားကြမယ်

ရှမ်းပြည်မြောက်ပိုင်းက နာမည်ကျော် ဂုတ်ထိပ်တံတားပြီးရင် ရှမ်းပြည်တောင်ပိုင်းမှာ လူသိများထင်ရှားတဲ့ သမိုင်းဝင်တံတား တစ်စင်းဖြစ်ပါတယ်။ ဘဝသံသရာတံတားဟာ သာစည်-ရွှေညောင်ကြားမိုင်တိုင် (၃၇၉/၇-၈)မှာရှိပြီး တံတားအမှတ် (၃၈၂) ဖြစ်ပါတယ်။ ဒီတံတားကို ၁၉၂၇ ခုနှစ်က တည်ဆောက်ခဲ့ပြီး သံပေါင် အမျိုးအစား တံတားတစ်စင်းဖြစ်ပါတယ်။ ပေ ၂ဝဝ ရှည်လျားပြီး ၆၂ ပေမြင့်ပါတယ်။ တောင်ပေါ် လမ်းဖြစ်တဲ့ ရွှေညောင်မှလာရာခရီးမှာ အရှည်ပေ ၆ဝ၊ တံတားအမှတ် (၃၈၆) တစ်စင်းဖြစ်တဲ့ အောက်တံတားကနေအထက် ဟဲဟိုးသို့ တက်ရာလမ်းတစ်လျှောက်ဟာ ခရုပတ်သဏ္ဌာန် အတက်အဆင်း၊ အကွေ့အကောက်၊ အနိမ့်အမြင့် များပြားလှတာကြောင့် ဘဝသံသရာတံတားလို့ ခေါ်ဆိုကြပါတယ်။

 

ဟဲဟိုးကနေ ညောင်ရွှေကို လာမယ်ဆိုရင် ကားလမ်းနှစ်လမ်းရှိပါတယ်။ ဟဲဟိုး-ခေါင်တိုင်ညောင်ရွှေလမ်းက ဟဲဟိုး-ရွှေညောင်-ညောင်ရွှေ လမ်းထက် လေးမိုင်လောက်ပိုတိုပါတယ်။ ခေါင်တိုင်မှာရှိတဲ့ ဟူပင်ရေပူစမ်းကို သွားချင် တယ်ဆိုရင်တော့ ဟဲဟိုး-ခေါင်တိုင်ညောင်ရွှေလမ်းကနေ သွားရပါမယ်။

 

ဟဲဟိုးမြို့မှ ၁ဝ မိုင်လောက်သွားရင် ရွှေညောင်မြို့ကို ရောက်ပါတယ်။ ရွှေညောင်မြို့ဟာ ရှမ်းပြည်နယ် တောင်ပိုင်းရဲ့ ရထားလမ်းဆုံးမြို့လေးတစ်မြို့ဖြစ်ပြီး ကားနဲ့ ခရီးသွားကြတဲ့ သူတွေအတွက်တော့ အဝေးပြေး လမ်းနံဘေးက သာမန်မြို့လေးပါပဲ။ ရွှေညောင်ကနေ တောင်ဘက်ခွဲထွက်သွားတဲ့ လမ်းကလေးအတိုင်း ခုနစ်မိုင်လောက် ကားမောင်းလိုက်ရင် အင်းလေးကန်ကို မေးတင်ထားတဲ့ ညောင်ရွှေမြို့လေးဆီ ရောက်ပါပြီ။ သတင်းမွှေးတဲ့ အင်းလေးရဲ့ ကန်စပ်မှာ တည်ရှိတဲ့ ညောင်ရွှေမြို့လေးဟာ ဟိုတယ်တွေ နဲ့ ပြည့်နေတဲ့ မြို့လို့ ပြောရင် မှားမယ်မထင်ပါ။ နိုင်ငံခြားသားခရီးသည်တွေ အများဆုံးလာတဲ့ မြို့လို့ပြောရင် မှားမယ်မထင်ပါ။ နိုင်ငံခြားသား ခရီးသည်တွေ အများဆုံးလာတဲ့ မြို့နှစ်မြို့ဟာ ကလောနဲ့ ညောင်ရွှေပါပဲ။ ညောင်ရွှေရောက်တာနဲ့ ကုန်းပေါ်ကနေ ရေထဲဆင်းရပါမယ်။ အင်းထဲမှာ စက်လှေနဲ့ လျှောက်လည်မယ်ဆိုရင် အချိန်သုံးနာရီလောက် ကုန်ပြီး ညနေခင်းကို အင်းရေပြင်မှာ လေထန်တတ်လို့ မနက်ခင်းနဲ့ နေ့လယ်ခင်းဟာ လည်ပတ်ဖို့ အချိန် ကောင်းပါ။

 

အင်းလေးကန်ဟာ မြန်မာနိုင်ငံရဲ့ ကုန်းတွင်းရေအိုင်တွေမှာ ဒုတိယအကြီးဆုံး ရေအိုင်ကြီးဖြစ်ပြီး အာဆီ ယံယဉ်ကျေးမှု အမွေအနှစ်ဥယျာဉ်နဲ့ ယူနက်စကိုရဲ့ လူသားနဲ့ ဇီဝအဝန်းနယ်မြေအဖြစ် သတ်မှတ်ခံရတဲ့ သဘာဝရေအိုင်ကြီး ဖြစ်ပါတယ်။ နောက်ပြီး တန်ခိုးကြီးဘုရားတွေ၊ ထူးခြားတဲ့ ရေလယ်ရွာကြီးတွေ၊ ရေပေါ် ကျွန်းမျောစိုက်ခင်းတွေ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံတွေ၊ ရေဝပ်ဒေသဂေဟစနစ်နဲ့ ဇီဝမျိုးစုံ မျိုးကွဲတွေ တည်ရှိတာကြောင့် ပြည်တွင်းသာမက ကမ္ဘာအနှံ့အပြားမှ ခရီးသွားဧည့်သည် အများဆုံး လာရောက် လည်ပတ်ကြတဲ့ ဒေသဖြစ်ပါတယ်။

 

အင်းလေးတစ်ဝိုက်မှာ ခမ်းနားကြီးကျယ်တဲ့ဘုရား၊ တန်ဆောင်း၊ ကျောင်း၊ ဇရပ်များစွာရှိပြီး ဖောင်တော်ဦး ဘုရားဟာ ထင်ရှား ပါတယ်။ ဖောင်တော်ဦးဘုရားပွဲတော်ကို သီတင်းကျွတ်လမှာ စည်စည် ကားကား ကျင်းပတဲ့အခါ ခြေနဲ့လှော်ကာပြိုင်တဲ့ လှေပွဲဟာ အလွန်အံ့သြဖွယ်ကောင်းပါတယ်။ ဖောင်တော်ဦးဘုရား အနောက်ဘက်မှာ အင်းသားတို့ရဲ့ နှလုံးသား ရွှေအင်းတိမ်ဘုရားရှိပြီး သီရိဓမ္မာသောက မင်းကြီးက ဘုရားရှင်ရဲ့ မွေတော်၊ ဓာတ်တော်တွေကို ဌာပနာပြီး တည်ထားတာပါ။ အဲဒီနောက် နရပတေ့ စည်သူမင်း၊ မိုးညှင်းမင်းတရားကြီး မင်းရဲကျော်စွာမဲခေါင်နဲ့ ဆင်ဖြူရှင်မင်းတရားကြီးတို့က ထပ်မံပြုပြင် ခဲ့တယ်လို့ သိရပါတယ်။ ရွှေအင်းတိမ်ဘုရားအတွင်း ဘုရားစေတီပေါင်း ၁ဝ၅၄ ဆူရှိပြီး တိုင်လုံးရေ ၄ဝ၃ လုံးနဲ့ အရှည် သုံး ဖာလုံရှိ စောင်းတန်းကြီး တည်ဆောက်ထားပါတယ်။

 

အင်းလေးဒေသရှိ အလိုတော်ပေါက် ဘုရား၊ အင်းလေးကန်တောင်ဘက်ရှိ တောင်တိုဘုရား၊ ခေါင်တိုင်နဲ့ ဖောင်တော်ဦး ကြားရှိ ငါးဖယ်ချောင်းကျောင်းလို့ခေါ်တဲ့ ကြောင်ခုန်ကျောင်း၊ ရိုးရာရက်ကန်းစင်များ၊ ရှေးဟောင်း ကျောက်တိုင်၊ ရေပေါ်ဈေး၊ နမ့်ပန်ဈေး၊ ဟဲယာရွာမဈေးနဲ့ ညောင်ရွှေ၊ ဖယ်ခုံငါးရက်တစ်ဈေးတို့မှာ ကမ္ဘာလှည့် ရွှေဧည့်သည်တွေ စိတ်ဝင်စားဖွယ်ရာဖြစ်ပါတယ်။

 

ခရီးသွားမှတ်စု-စိုးစိုးနိုင် (ကြေးမုံ)