ကန့်ဘလူမြို့နယ် လင်းနို့ဂူ သဘာဝဝန်းကျင်ဆိုင်ရာ ပညာပေးစခန်းနှင့် အပန်းဖြေဥယျာဉ်၌ သင်တန်းဖွင့်လှစ်လျက်ရှိ

ကန့်ဘလူ ၁၆ ဇန်နဝါရီ 


တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတွင် ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောများ ခွင့်ပြုပေးပြီး တည်ထောင်လုပ်ကိုင်လျက်ရှိရာ ဒေသခံပြည်သူများအား ထိရောက်သော အသိပညာ ဖြန့်ဝေခြင်းများနှင့် လုပ်ငန်းစဉ်တွင် ထိထိရောက်ရောက် ကူညီပေးနိုင်ရေးတို့အတွက် စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်၊ ရွှေဘိုခရိုင်အတွင်း မြို့နယ်များနှင့် ချပ်သင်းဘေးမဲ့တော၊ အလောင်းတော်ကဿပ အမျိုးသား ဥယျာဉ်တို့မှ တောအုပ်အဆင့်ဝန်ထမ်းများကို ကန့်ဘလူမြို့နယ် လင်းနို့ဂူ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပညာပေးစခန်းနှင့် အပန်းဖြေဥယျာဉ်တွင် ဇန်နဝါရီ ၁၄ ရက် နံနက်ပိုင်းမှ စပြီး ၁၈ ရက်ထိ ငါးရက်ကြာ သင်တန်းပို့ချလျက်ကြောင်း သိရသည်။

 

123456


သင်တန်းတွင် သစ်တောဦးစီးဌာန (ရုံးချုပ်) နေပြည်တော်မှ လက်ထောက်ညွှန်ကြားရေးမှူးတစ်ဦး ဦးဆောင်၍ သင်တန်းဆရာ/ ဆရာမ ငါးဦးဖြင့် သင်ကြားပို့ချလျက်ရှိကြောင်းနှင့် သင်တန်းဖွင့်ပွဲသို့ ရွှေဘိုခရိုင်သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ချပ်သင်းဘေးမဲ့တောမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် သင်တန်းသား ၂၀ ဦးတက်ရောက်သင်ကြားလျက်ရှိသည်။


အဆိုပါသင်တန်းကို "Sustainable Cropland and Forest Management in priority Agroecosystems of Myanmar " (GCP/MYA/017/GFF) စီမံကိန်း အစီအစဉ်အရ အမျိုးသားအဆင့် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း အဖွဲ့ (Community Forestry National Working Group -CFNWG) နှင့် FAO အဖွဲ့တို့ ပူးပေါင်းကူညီထောက်ပံ့မှုဖြင့် ဖွင့်လှစ်သင်ကြား ပို့ချခြင်းဖြစ်ကြောင်း ချပ်သင်းဘေးမဲ့တောမှ လက်ထောက်ညွှန်ကြားရေးမှူးဦး မင်းဆွေကပြောသည်။


လင်းနို့ဂူသဘာဝဝန်းကျင်ဆိုင်ရာ ပညာပေးစခန်းနှင့် အပန်းဖြေဥယျာဉ်၏ သဘာဝတောတောင်ရေမြေ အလှအပများကို အများပြည်သူ ကြည်ရှုခံစား လည်ပတ်နိုင်ရန်အပြင် အသိပညာဗဟုသုတများ လေ့လာတိုးပွားစေရန် ရည်ရွယ်သည့်အလျှောက် အပန်းဖြေဥယျာဉ်နှင့် ပညာပေးစခန်းကို ပူးတွဲဆောင်ရွက်ထားသည်။ ပညာပေးသင်တန်းခန်းမနှင့် သင်တန်းသား အိပ်ဆောင်၊ စားရိပ်သာ၊ တည်းခိုရိပ်သာ၊ သစ်တောနှင့် သဘာဝဝန်းကျင်ဆိုင်ရာ ပြတိုက်၊ သစ်ခွရုံ စသည့်တို့ ပါဝင်ကြောင်း သိရသည်။


အဆိုပါ ဧရိယာနေရာကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်ရေးဝန်ကြီးဌာနမှ "လင်းနို့ဂူတောင် ဘူမိရူပထူးခြားသော သဘာဝထိန်းသိမ်းရေးနယ်မြေ" အဖြစ် ဖွဲ့စည်းသတ်မှတ်ရန် လိုအပ်သော ကြေးတိုင်လုပ်ငန်းများကို ဆောင်ရွက်နေပြီဖြစ်ကြောင်းသိရသည်။ သဘာဝထိန်းသိမ်းရေး နယ်မြေအဖြစ် ဖွဲ့စည်းသတ်မှတ်ပြီးပါက ၎င်းဧရိယာ၏ သဘာဝတောတောင်နှင့် အပင်များ၊ တောရိုင်းတိရစ္ဆာန်များ၊ ငှက်များနှင့် ထူးခြားများပြားစွာ နေထိုင်လျက်ရှိကြသော လင်းနို့များ စသည်တို့ကို သဘာဝအတိုင်း ထိန်းသိမ်းထားရှိပြီး အများပြည်သူ လာရောက်လေ့လာ အပန်းဖြေနိုင်ရန်နှင့် သုတေသနလုပ်ငန်းများ လာရောက်လုပ်ကိုင်နိုင်ကြရန် အခွင့်အလမ်းများ ရရှိမည်ဖြစ်သည်။


စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်အတွင်း ရွှေဘို-မြစ်ကြီးနားကားလမ်း မိုင်တိုင်အမှတ် ၆၅ အနီးမှ အရှေ့ဘက်သို့ ငါးမိုင်နှစ်ဖာလုံခန့်ဝင်လျှင် ရောက်ရှိမည်ဖြစ်သော "လင်းနို့ဂူ သဘာဝဝန်းကျင်ဆိုင်ရာ ပညာပေးစခန်းနှင့်အပန်းဖြေဥယျာဉ်" ကို ဂုံဂါးသစ်တောကြိုးဝိုင်းအတွင်း စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ပံ့ပိုးမှုဖြင့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်ကဖွင့်လှစ်ခဲ့ပြီး ယခုသင်တန်းကို ပထမဆုံးအကြိမ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်းသိရသည်။


အောင်ဝင်းငြိမ်း(ကန့်ဘလူ)