ကန့်ဘလူမြို့နယ်တွင် လင်းနို့ဂူသဘာဝပတ်ဝန်းကျင် အသိပညာပေးနှင့်အပန်းဖြေစခန်းဖွင့်လှစ်

ကန့်ဘလူ  ၂၇  ဒီဇင်ဘာ 

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ် ဇင်းကျေးရွာအနီး ရွှေဘို-မြစ်ကြီးနား မဟာ ဗျူဟာကားလမ်းမပေါ်ရှိ လင်းနို့ဂူနှင့် သဘာဝပတ်ဝန်းကျင် အသိပညာပေးနှင့် အပန်းဖြေစခန်းဖွင့်ပွဲကို ဒီဇင်ဘာ ၂၆ ရက် နံနက် ၁ဝ နာရီက အဆိုပါ အပန်းဖြေစခန်းမုခ်ဦးတွင် ကျင်းပခဲ့ကြောင်း သိရသည်။

 

'' ဟိုတုန်းကတည်းက ဒီအရပ်ဒေသမှာ ဆင်၊ ရှုးပျံစတဲ့ သားရဲတိရိစ္ဆာန်တွေရှိတယ်၊ အထူးခြားဆုံးကတော့ လင်းနို့တွေ အုပ်စုဖွဲ့နေထိုင်တာတွေ ရှိတဲ့အတွက် အမျိုးသားဥယျာဉ်အဖြစ်သော်လည်းကောင်း ဘူမိရူပ ထူးခြားနယ်မြေအဖြစ်သော်လည်းကောင်း အမြန်ဆုံးထိန်းသိမ်းဖို့လိုတဲ့အတွက် လုပ်ဆောင်ခဲ့တယ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ဘတ်ဂျက်တွေပါသလို၊ သက်ဆိုင်ရာဌာနဆိုင်ရာတွေနဲ့ အလှူရှင်တွေလည်းပါပြီး ဝိုင်းဝန်း အကောင်အထည်ဖော် လုပ်ဆောင်နိုင်ခဲ့ပြီး အခုလို ဖွင့်လှစ်နိုင်ခဲ့တာပါ'' ဟု စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ပြောသည်။ 

 

 

အဆိုပါ လင်းနို့ဂူနှင့်သဘာဝပတ်ဝန်းကျင် အသိပညာပေးနှင့်အပန်းဖြေစခန်းသည် ကန့်ဘလူမြို့နယ် ဇင်းကျေးရွာအနီးတွင်တည်ရှိပြီး ကန့်ဘလူမြို့နယ် မှသစ်တောကြိုးဝိုင်းဧရိယာ(၂၆၅၄ဝ.၅)ဧကနှင့် တစ်ဆက် တစ်စပ်တည်းတည်ရှိသော မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ်မှ သစ်တောကြိုးဝိုင်း ဧရိယာ (၂၇၅၉.၆)ဧက၊ စုစုပေါင်းဧက (၂၉၃ဝဝ.၁)ဧကအား လင်းနို့ဂူသဘာဝထိန်းသိမ်းရေး နယ်မြေအဖြစ် သတ်မှတ်ထားကာ အပန်းဖြေစခန်းအတွင်းပြည်သူများလာရောက်အပန်းဖြေလေ့လာနိုင်ရန် ပန်းခြံများ၊ အပျော်စီးလှေများဖြင့်စီစဉ်ပေးထားသည်။

 

ထို့အပြင် ရေကန်များ၊ စားသောက်ဆိုင်ခန်းများ၊ ဒေသထွက်အမှတ်တရ ပစ္စည်းအရောင်းဆိုင်များ၊ သဘာဝတော တောင်များတွင် ရှင်သန်ပေါက်ဖွားလျက်ရှိသောတောရိုင်း တိရိစ္ဆာန်များနှင့် သဘာဝနယ်မြေအတွင်း ရှင်သန် ပေါက်ရောက်လျက်ရှိသော သစ်ပင်ပန်းမာန်များကို ပြသထားသော သစ်တောပြခန်း၊ ကျောင်းသား/ သူများနှင့် သစ်တောဝန်ထမ်းများကို အသိပညာပေးသင်တန်းများ ပို့ချပေးနိုင်သည့် သင်တန်းခန်းမဆောင်များနှင့် အိပ်ဆောင်များ၊ အပန်းဖြေရိပ်သာများကို စီစဉ်ထားကြောင်း သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)