ကင်ဆာကုထုံးသစ်သုတေသီများနှင့် လေဆာသုတေသီများ၂ဝ၁၈ ခုနှစ်အတွက် နိုဗယ်ဆုများ ဆွတ်ခူး

တိုကျို ၂  အောက်တိုဘာ

ကင်ဆာရောဂါဝေဒနာ ခံစားနေရသူများအား ကယ်တင်နိုင်ရေးအတွက် ကင်ဆာရောဂါ ကုထုံးဆိုင်ရာ သုတေသနပြု လေ့လာမှုများကို ဆက်လက်ပြုလုပ်သွားရန် မိမိသန္နိဋ္ဌာန်ပြုပါကြောင်း ယခုနှစ်အတွက် ဇီဝကမ္မဗေဒနှင့် ဆေးပညာဆိုင်ရာ နိုဗယ်ဆုရွေးချယ်ခံရသူ ဂျပန်သိပ္ပံပညာရှင် တာဆုကုဟွန်ဂျိုးက အောက်တိုဘာ ၁ ရက်တွင် ပြောကြားလိုက်သည်။

လူ့ကိုယ်ခံအားစနစ် ထိန်းချုပ်ရေးဆိုင်ရာ ကုထုံးသည် ကင်ဆာရောဂါ ခံစားနေရသူများ၏ အသက်ကို ကယ်တင်ပေးနိုင်မည်ဖြစ်သဖြင့် ကင်ဆာရောဂါကုထုံးဆိုင်ရာ သုတေသနလုပ်ငန်းကို မိမိ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အသက် ၇၆ နှစ်ရှိ တာဆုကုက ကျိုတိုတက္ကသိုလ်တွင် သတင်းထောက်များအား ပြောကြားသည်။ တာဆုကုသည် ယင်းတက္ကသိုလ်၏ အထူးပါမောက္ခဖြစ်သည်။

ကင်ဆာရောဂါကုထုံးသစ်ကို ခံယူသူရောဂါဝေဒနာရှင်များ နာလန်ပြန်ထူလာပြီဟု သတင်းကောင်းများ ကြားသိရမည်ဆိုလျှင် မိမိအလွန်အမင်း ပျော်ရွှင်ဝမ်းမြောက်မည်သာ ဖြစ်ကြောင်း၊ ဆေးပညာနိုဗယ်ဆုရရှိခြင်းအတွက် မိမိမှာ ကံကောင်းသူ လူသားတစ်ဦးဖြစ်လာကြောင်း၊ နိုဗယ်ဆုအတွက် ရွေးချယ်ခံရသည်ဆိုသော သတင်းစကားကို ကြားသိရချိန်တွင် အတိုင်းမသိ ပျော်ရွှင်ဝမ်းမြောက်မိကြောင်း တာဆုကုက သတင်းထောက်များအား ပြောကြားသည်။

တာဆုကုသည် ၎င်း၏လုပ်ဖော်ကိုင်ဖက် တက္ကသိုလ်ဆရာများနှင့်အတူ ကျောင်းသူ ကျောင်းသားများ တင်သွင်းသော စာတမ်းများနှင့်ပတ်သက်၍ အကဲဖြတ်သုံးသပ်နေချိန်တွင် နိုဗယ်ဆုအတွက် ရွေးချယ်ခံရသည်ဟု သတင်းကြားသိခဲ့ရသည်။

တာဆုကုသည်အမေရိကန်သိပ္ပံပညာရှင် ဂျိမ်းစ်အယ်လီဆန်နှင့်အတူ ဆေးပညာနိုဗယ်ဆုကို ပူးတွဲရရှိသည်။ အမေရိကန် သိပ္ပံပညာရှင် ဂျိမ်းစ်သည် တာဆုကုနည်းတူ လူ့ခန္ဓာကိုယ်၏ သဘာဝကိုယ်ခံအားစနစ်က ကင်ဆာရောဂါတိုက်ဖျက်နိုင်ပုံနှင့် ပတ်သက်၍ သုတေသနပြု လေ့လာနေသူ ဖြစ်သည်။

ကင်ဆာကုထုံးသစ်အတွက် ကင်ဆာကလာပ်စည်းများ ပွားများမှုကို ထိန်းချုပ်သော ခန္ဓာကိုယ်ခုခံစွမ်းအားဆိုင်ရာ တီ-၁ ပရိုတိန်းကို ရှာဖွေတွေ့ရှိရသဖြင့် နိုဗယ်ဆုအတွက် ရွေးချယ်ခံရခြင်းဖြစ်သည်။

ထိုစဉ်အတွင်း ၂ဝ၁၈ ခုနှစ်အတွက် ရူပဗေဒဆိုင်ရာ နိုဗယ်ဆုကို လေဆာသုတေသနပြုလုပ်သော သုတေသီ သုံးဦးတို့က ပူးတွဲရရှိကြောင်း နိုဗယ်ဆုရွေးချယ်ရေး ဂျူရီအဖွဲ့က ပြောကြားသည်။ အမေရိကန်မှ အာသာ အက်ရှ်ကင်၊ ပြင်သစ်မှ ဂျရတ်မူရူနှင့် ကနေဒါမှ ဒွန်နာစထရစ်လန်းတို့သည် လေဆာရူပဗေဒနယ်ပယ်တွင် တီထွင်မှုများ ပြုလုပ်နိုင်ခြင်းအတွက်ပူးတွဲရွေးချယ်ခံရခြင်းဖြစ်သည်။

အေအက်ဖ်ပီ