ရန်ကုန် ဇန်နဝါရီ ၁၆

 

မြန်မာ့ပင်လယ်ပြင်တွင် ကင်းမွန် အထိအမိကောင်း၍ ပြည်တွင်းစားသုံးမှုအတွက်သာမက ပြည်ပ ဈေးကွက်အထိပါ တင်ပို့ရောင်းချလျက်ရှိကြောင်း ရန်ကုန်မြို့ ရွှေပိတောက်ငါးဈေးမှ သိရသည်။

 

“ဒီရာသီမှာ ကင်းမွန် အထိအမိကောင်းတယ်။ သုံးလက်မအထက် အရွယ်အစားတွေကို ဟိုတယ်နဲ့ ပြည်ပကိုပို့ပြီး နှစ်လက်မအောက်အရွယ်တွေကို ပြည်တွင်းဈေးကွက်သို့ ပို့ပါတယ်။ ပင်လယ်ပြင်ကနေ ကင်းမွန်အများကြီးရပြီး ဈေးကွက်အဝင်များတဲ့အတွက် ပြည်ပကို ကောင်းကောင်းပို့နိုင်သလို ပြည်တွင်းစားသုံးမှုအတွက်လည်း အဆင်ပြေပါတယ်။ ဆောင်းရာသီ ပင်လယ်ပြင် နှင်းကျချိန်မှာ ကင်းမွန်အမိများတဲ့အတွက် ဒီလကုန်ပိုင်းဆိုရင် ပိုပြီးအဝင်များနိုင်ပါတယ်" ဟု ရွှေပိတောက်ငါးဈေးမှ ရေထွက်ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

 

ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတို့တွင် ကင်းမွန်အများဆုံး ဖမ်းမိရရှိလေ့ရှိပြီး အရွယ်အစား သုံးလက်မအောက် ကင်းမွန်များကို ပြည်တွင်းစားသုံးမှုအတွက် ရောင်းချလျက်ရှိကာ အရွယ်အစား သုံးလက်မအထက် ကင်းမွန်များကို ပြည်ပဈေးကွက်သို့ တင်ပို့လျက်ရှိသည်။

 

မြိတ်ကျွန်းစု ပင်လယ်ပြင်မှ ဆလုံတိုင်းရင်းသားများက ကင်းမွန်များကို မြိတ်မြို့မှတစ်ဆင့် ရန်ကုန်မြို့သို့ တင်ပို့ပြီး ကွန်တိန်နာသင်္ဘောဖြင့် ပြည်ပသို့ အဆက်မပြတ် တင်ပို့လျက်ရှိသည့်အတွက် မြန်မာ့ကင်းမွန်များ ပြည်ပဈေးကွက်ထိ ပွင့်လန်းလျက်ရှိကြောင်း ရွှေပိတောက် ငါးဈေးမှ သိရသည်။

 

သစ္စာ(MNA)

ဓာတ်ပုံ - ဇွဲမာန်