ကွန်ဟိန်းမြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၆၉ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း)များ ဖမ်းဆီးရမိ

နေပြည်တော် ဒီဇင်ဘာ ၂၄

ကွန်ဟိန်းမြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၆၉ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း)များ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ဒီဇင်ဘာ ၂၁ ရက် ညနေ ၅ နာရီတွင် ကွန်ဟိန်းမြို့နယ်၊ ကွန်ဟိန်း-ခိုလမ် သွားကားလမ်း၊ ဆိုင်းမွန်ကျေးရွာအနီးတွင် ကွန်ဟိန်းမှ ခိုလမ်ဘက်သို့ စိုင်းဝန်းလူ မောင်းနှင်လာသည့် မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၆၉ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁၂၁ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း) များအား ကွန်ဟိန်း မြို့နယ်၊ ဝမ်ပန်းကျေးရွာမှ ခိုလမ်မြို့သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းအား         ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)