ကျန်းမာရေးဝန်ကြီးဌာန အထူးကုဆေးကုသရေးအဖွဲ့ ကရင်ပြည်နယ် ဘားအံမြို့သို့ ကွင်းဆင်း ဆေးကုသမှုများ ဆောင်ရွက်

နေပြည်တော် ဇွန် ၉

ကျန်းမာရေးဝန်ကြီးဌာနသည် တစ်မျိုးသားလုံးသက်ရှည်ကျန်းမာ ကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံး အကျုံးဝင်မည့် ကျန်းမာရေးစောင့်ရှောက်မှုကို မြှင့်တင်ဆောင်ရွက်ရာတွင် ပြည်သူများလိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုကို လက်လှမ်းမီရရှိစေခြင်းဖြင့် ရောဂါကင်းဝေး၍ သက်တမ်းစေ့နေထိုင်နိုင်စေရေး သက်ဆိုင်ရာ ပါမောက္ခ၊ အထူးကု ဆရာဝန်ကြီးများနှင့်တွေ့ဆုံကာ လိုအပ်သောကုသမှုများ ရရှိနိုင်စေရန် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့မှ ပါမောက္ခ၊ အထူးကုဆရာဝန်ကြီးများ ပါဝင်သည့် အထူးကု ဆေးကုသရေးအဖွဲ့များဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ကွင်းဆင်းကုသမှုအစီအစဉ်များ ဆောင်ရွက်လျက်ရှိသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အထူးကုဆေးရုံကြီး (ခုတင်-၅၀၀) ရန်ကုန်နှင့် ကလေးဆေးရုံကြီး-ရန်ကုန်တို့မှ ပါမောက္ခ၊ အထူးကုဆရာဝန်ကြီးများ ပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့သည် ကျန်းမာရေးဝန်ကြီးဌာန အစီအစဉ်ဖြင့် ဇွန် ၈ ရက်နှင့် ၉ ရက်တို့တွင် ကရင်ပြည်နယ် ဘားအံမြို့သို့သွားရောက်၍ ပြည်သူ့ဆေးရုံကြီး (ဘားအံမြို့) မှ အထူးကုဆရာဝန်ကြီးများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့်အတူ ဒေသခံပြည်သူများအား ဆေးကုသမှုများဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ အထူးကု ဆေးကုသရေးအစီအစဉ်တွင် ဘားအံမြို့သာမက ကရင်ပြည်နယ်အတွင်းရှိ မြို့နယ် ၇ မြို့နယ်နှင့် မွန်ပြည်နယ်ရှိ မြို့နယ် ၂ မြို့နယ်တို့မှ မြို့ပေါ်နှင့် ကျေးလက်နေ ပြည်သူများ လာရောက်ပြသခဲ့ပြီး နှလုံးရောဂါဆိုင်ရာလူနာ (၁၁၁) ဦး၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ လူနာ (၁၃၁) ဦး၊ ရင်ခေါင်းဆေးကုသမှုဆိုင်ရာလူနာ (၄၆) ဦး၊ ကင်ဆာဆေးကုသမှုဆိုင်ရာလူနာ (၁၂) ဦး၊ ကလေးအာရုံကြော ဆေးကုသမှုဆိုင်ရာလူနာ (၃၅) ဦး၊ ဦးနှောက်နှင့် အာရုံကြော ဆေးကုသမှုဆိုင်ရာလူနာ (၁၇၇) ဦး၊ ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ကုသမှုဆိုင်ရာလူနာ (၁၀) ဦး၊ အထွေထွေရောဂါဆေး ပညာလူနာ (၅၆၁)ဦး၊ မျက်စိရောဂါလူနာ(၄၁၃) စုစုပေါင်း လူနာ(၁၄၉၆)ဦး တို့ကို ကြည့်ရှုကုသမှု ပေးခဲ့သည်။

 

mdn

 

အဆိုပါလူနာများအနက် နှလုံးပုံရိပ်ဖော်စက်ဖြင့် ကြည့်ရှုခြင်း (Echocardiography) (၇၈) ဦး၊ အစာအိမ်မှန်ပြောင်းကြည့်ရှုခြင်း (OGDS) သုံးဦး၊ အူမကြီးမှန်ပြောင်းကြည့်ရှုခြင်း (Colonoscope) သုံးဦး၊ ကွန်ပျူတာဓာတ်မှန်ဖြင့်စစ်ဆေးခြင်း (CT scan) (၂၂) ဦး၊ ဓာတ်မှန်ဖြင့် ရောဂါရှာဖွေခြင်း (၁၃၃) ဦး၊ ဓာတ်ခွဲစမ်းသပ်သူ (၂၈၉) ဦး၊ သွေးချိုဓာတ် (HbA1C) တိုင်းတာခြင်း (၄၆) ဦး၊ Ultrasound ရိုက်ကူးခြင်း (၆၈) ဦး၊ နှလုံးစက်ဖြင့် စစ်ဆေးခြင်း (ECG) (၂၃၆) ဦး စမ်းသပ်စစ်ဆေးပေးနိုင်ခဲ့ပြီး ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ကုသမှုဆိုင်ရာလူနာ နှစ်ဦးတို့ကို ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။

ဇွန် ၈ ရက်က ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများသည် အထူးကု ဆေးကုသရေးအစီအစဉ်ဆောင်ရွက်ရာနေရာသို့ လာရောက်၍ ပါမောက္ခ၊ အထူးကုဆရာဝန်ကြီးများအား တွေ့ဆုံနှုတ်ဆက်ပြီး အထူးကုဆေးကုသရေး အစီအစဉ်အတွက် ချီးမြှင့်ငွေပေးအပ်ကာ လာရောက်ပြသကုသမှုခံယူကြသော လူနာများအတွက် နေ့လယ်စာအာဟာရ လှူဒါန်းခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မှ အထူးကုသမှုဆိုင်ရာ (Super Specialty) ပါမောက္ခ၊ အထူးကုဆရာဝန်ကြီးများ၏ အထူးကု ကွင်းဆင်းကုသရေးခရီးစဉ်များကို ၂၀၂၄ ခုနှစ်၊ နှစ်ဆန်းမှ စတင်၍ ဆောင်ရွက်လျက်ရှိရာ တောင်ကြီးမြို့၊ ပြည်မြို့၊ သံတွဲမြို့၊ ပုသိမ်မြို့၊ မော်လမြိုင်မြို့၊ မကွေးမြို့၊ မြိတ်မြို့၊ ညောင်ဦးမြို့၊ မြစ်ကြီးနားမြို့၊ ဟင်္သာတမြို့၊ ထားဝယ်မြို့၊ ကျိုင်းတုံမြို့နှင့် ယခု ဘားအံမြို့များသို့သွားရောက်ပြီး ကော့သောင်းမြို့တွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

သတင်းစဉ်