ကွန်ပျူတာ‌ရှေ့က အချိန်တွေ လျော့စေမယ့် နည်းလမ်းငါးသွယ်

ခင်မောင်ညို (ဘောဂဗေဒ)

ကွာရန်တင်းမလုပ်ခင်တုန်းက တစ်နေ့တစ်နေ့ ကွန်ပျူ တာနဲ့ပဲ အချိန်ကုန်နေရတယ်လို့ထင်ခဲ့တယ်။ ဒါပေမယ့် ဒီထက်ပိုပြီး အချိန်ပေးနိုင်သေးတယ်လို့ မထင်ခဲ့မိဘူး။ တစ်နေ့တစ်နေ့ ဟိုဟိုဒီဒီသွား၊ အစည်းအဝေးတွေတက်၊ ကြုံတာနဲ့စကားပြော၊ သောက်ရေအိုးမှာဆုံလို့ပြော၊ ကော်ဖီသောက်ရင်း၊ နေ့လယ်စာစားရင်းစကားပြော။ ကွန်ပျူတာနဲ့ မျက်လုံးခွာလို့ရနေတဲ့အချိန်တွေ အများ ကြီး၊ ဒစ်ဂျစ်တယ်လောကရဲ့ အနှောင်အဖွဲ့ကလွတ်ချိန် တွေ အများကြီးပါ။

အခု အဲဒီလို သဘာဝအရ ခံစားခွင့်တွေမရှိတော့ တဲ့အခါ နည်းပညာနဲ့ အချိတ်အဆက်ပြတ်ချိန် မရှိ သလောက်ဖြစ်နေပြီ။ အထူးသဖြင့် ဗီဒီယိုနဲ့ အစည်း အဝေးတွေ လုပ်လာကြတော့ ပင်ပန်းစရာတစ်ခု တိုးလာ စေတယ်။ မျက်နှာ‌ပေါင်းများစွာကို တစ်ချိန်တည်းမှာ အာရုံစိုက်နေရ၊ ကိုယ့်ကိုလည်း လူတိုင်းက မြင်တွေ့ အောင် သတိထားနေရဆိုတော့ လူကိုယ်တိုင်မြင်ရ၊ တက်ရတဲ့ အစည်းအဝေးထက် စိတ်ပိုပြီးပင်ပန်းတယ်။ ကင်မရာရဲ့ရှုထောင့်ထဲ နာရီပေါင်းများစွာ ထိုင်နေရတာ ဆိုတော့ ညောင်းညာသလို အာရုံစိုက်နေရတဲ့အတွက် မျက်စိလည်းပင်ပန်းတယ်။
တစ်နေ့တစ်နေ့ အချိန်စီမံခန့်ခွဲရာမှာ ခွန်အားတွေ မဆုံးရှုံးဘဲ ပြန်ပြည့်စေဖို့ နည်းလမ်းတွေ ရှာကြည့်တယ်။

၁။ တစ်ချိန်လုံး Zoom မသုံးပါနဲ့

လူလူချင်း ထိတွေ့ဆက်ဆံတာမျိုးနဲ့တူအောင် ကြိုးစားတဲ့အခါမှာ Zoom နဲ့ အခြားဗီဒီယိုကနေ စကား ပြောစရာ အက်ပလီကေးရှင်းတွေဟာ အတော်လေး အသုံးကျပါတယ်။ ဒါပေမယ့် ဆက်သွယ်ရေးကိစ္စ အတော်များများဟာ Zoom လောက် အပင်ပန်းခံစရာ မလိုပါဘူး။ ဖုန်းနဲ့ပြောလို့ပြီးမယ့်ဟာဆိုရင် ဖုန်းခေါ် လိုက်ပါ။ ထိထိရောက်ရောက် ဆက်သွယ်ရာမှာ အီးမေးလ်ပို့တာ၊ စာရွက်စာတမ်းမျှဝေတာ၊ နောက်ဆုံး အချက်အလက်တွေ ပို့ပေးတာတွေလည်း လုပ်လို့ ရပါတယ်။ လုပ်ငန်းတာဝန် ခွဲဝေစီမံတဲ့စနစ်ထဲမှာလည်း ဝေမျှနိုင်ပါတယ်။ ဗီဒီယိုသုံးနိုင်တာနဲ့ နေရာတကာ ဗီဒီယိုသုံးရမယ်လို့ မဆိုလိုပါဘူး။

၂။ အစည်းအဝေးကို အချိန်ကန့်သတ်ပါ

သာမန်အခြေအနေမှာ အလုပ်ပြီးအောင်လို့ အချိန် တွေ သတ်မှတ်ထားကြရတယ်။ အင်တာနက်မှာလုပ်တဲ့ အစည်းအဝေးတွေက သိပ်ပြီး မျောနေတာမျိုးဖြစ်နေရင် အချိန်သေသေချာချာသတ်မှတ်ဖို့ ပိုပြီးအရေးကြီးတယ်။ အစည်းအဝေးလုပ်လို့မဖြစ်တဲ့အချိန်ကိုလည်း သီးခြား သတ်မှတ်ထားပါ။ ဒါမှ အင်တာနက်အစည်းအဝေးတွေ အတွက် တစ်နေ့မှာအချိန်ဘယ်လောက်ပဲ‌ပေးနိုင်မယ်ဆိုတာ ပေါ်ထွက်လာမယ်။ နံနက်ပိုင်း ဒါမှမဟုတ် နေ့ခင်းပိုင်း အချိန်အတော်များများကို အစည်းအဝေးမလုပ်တဲ့အချိန်လို့ ကန့်ထားနိုင်တယ်။ ဒါမှမဟုတ် အင်တာနက် အစည်း အဝေးမလုပ်ဘဲ တခြားအလုပ်တွေ အာရုံစိုက်နိုင်အောင် တစ်နာရီစီလောက် ကြိုးကြားကြိုးကြား အချိန်ကန့်သတ် ထားနိုင်တယ်။

၃။ ဒစ်ဂျစ်တယ်ထက် ရုပ်ဝတ္ထုကိုပိုရွေးပါ

ကွန်ပျူတာရှေ့မှာ အချိန်အများကြီးကုန်နေရတာကို သက်သာအောင်လုပ်တဲ့ နည်းတစ်နည်းက နည်းပညာနိမ့်တဲ့ လမ်းကြောင်းကို ရွေးဖို့ပါ။
ဆောင်းပါးတစ်ပုဒ်အတွက် အကြံဉာဏ်တွေ ထုတ်နေ တာလား၊ ကိုယ့်အတွေးတွေကို စာရွက်ပေါ်ချရေးပါ။

လုပ်ငန်းစီမံကိန်းကြီးတစ်ခုအတွက် အစီအစဉ် ချချင်တာလား၊ ကနဦးမူကြမ်းကို ဝှိုက်ဘုတ်ပေါ်မှာချ ရေးပါ။

စာအုပ်တစ်အုပ်ဖတ်ချင်တာလား၊ ပုံနှိပ်စာအုပ် တစ်အုပ်ကိုဆွဲဖတ်လိုက်ပါ။ လေ့ကျင့်ခန်းလုပ်ချင်တာလား၊ အပြင်ထွက်ပြေးပါ။ အစစအရာရာ ဒစ်ဂျစ်တယ်နည်းထက် ရုပ်ဝတ္ထုတွေကို အလေးပေးရွေးချယ်နိုင်ပါတယ်။ ကွန်ပျူတာကနေ ခပ်ခွာခွာလေးနေရင် ဒစ်ဂျစ်တယ် လောကက အနားရရုံသာမက တီထွင်ဖန်တီးနိုင်စွမ်းလည်း မြင့်မားလာတဲ့သာဓကတွေ ရှိပါတယ်။

၄။ တတ်နိုင်သမျှ လှုပ်ရှားပါ

ကွန်ပျူတာရှေ့မှာ တောက်လျှောက် ငုတ်တုတ်ထိုင် နေမယ့်အစား တတ်နိုင်သမျှလှုပ်ရှားပါ။ အစည်းအ‌‌ဝေး တစ်ခုနဲ့တစ်ခုအကြား ရေ ဒါမှမဟုတ် ကော်ဖီထပ်ဖြည့်ဖို့ မီးဖိုဘက် လမ်းလျှောက်ပါ။ ခဏလောက်နားချင်ရင် သွေးလည်ပတ်အောင် ပခုံးလှုပ်ရှား‌‌ပေးတာလို လွယ်ကူ တဲ့ လေ့ကျင့်ခန်းကို လုပ်ပါ။ စားပွဲအမြင့်ရှိရင် တစ်နေ့ လုံး ထိုင်လုပ်လိုက်၊ မတ်တတ်ထလုပ်လိုက် လုပ်လို့ရ အောင် လုပ်ထားပါ။ စားပွဲအမြင့်မရှိရင် ကွန်ပျူတာကို စားပွဲအမြင့် ဒါမှမဟုတ် ဗီရိုအမြင့်ပေါ်တင်ပြီး ခြေလက်ဆန့်နိုင်အောင်လုပ်ပါ။ သာမန်ဖုန်းပြောတာ ဖြစ်ပြီး ကြည့်စရာ စာရွက်စာတမ်းတွေမလို၊ လိုက်ချရေး စရာမလိုရင် မတ်တတ်ထပြောပါ။ ဒါမှမဟုတ် လမ်း လျှောက်ရင်းပြောပါ။

၅။ နည်းပညာမပါဘဲ အနားယူပါ

ကွန်ပျူတာရှေ့မှာ နေ့လယ်စာစားရင် အလုပ် ပိုတွင်တယ်လို့ ထင်ရပေမယ့် တခြားမှာသွားစားရင် ဦးနှောက်က ကွန်ပျူတာကနေ နားရလို့ ကျေးဇူးတင်မယ်။ မီးဖိုထဲမှာ မိသားစုတွေနဲ့ စကားပြောရင်းစားပါ။ ပြတင်း ပေါက်ဘေးမှာစားပါ။ ဒါမှမဟုတ် စာအုပ်တစ်အုပ် ကိုင် ပြီးစားပါ။ နည်းပညာတွေကနေ ခပ်ခွာခွာနေတာဟာ ဦးနှောက်အနားရရုံသာမက အမြင်လည်းပိုကျယ်စေ ပါတယ်။ ၁၅မိနစ်၊ မိနစ်၂၀လောက် ဘာအလုပ်မှမလုပ်ဘဲ နေ့လယ်စာစားရင် စားပြီးတဲ့အခါ ပိုပြီးငြိမ်းချမ်းလာ တာကို တွေ့ရတယ်။ ကိုယ့်ဘဝနဲ့ ကိုယ့်အလုပ်ခွင်မှာ ဘာတွေ ဖြစ်နေသလဲဆိုတာ ပိုပြီးရှင်းရှင်းလင်းလင်းမြင် နိုင်လာတာလည်း တွေ့ရတယ်။ တခြားအကျိုးရှိတဲ့ အလေ့အထတစ်ခုကတော့ အလုပ်ပြီးရင် လေ့ကျင့်ခန်း လုပ်တာပါ။

လမ်းလျှောက်တာ၊ ဘတ်စကက်ဘောကစားတာ၊ သစ်ပင်စိုက်တာ၊ ကိုယ်တက်တက်ကြွကြွလုပ်စရာရှိတာ တွေအားလုံးပေါ့။ ဒီလို ဒစ်ဂျစ်တယ်လောကက ခွာတာဟာ ဦးနှောက်ကိုလန်းဆန်းစေပြီး အလုပ်နဲ့ကိုယ့်ရဲ့တစ်ကိုယ် ရေ ပိုင်ဆိုင်တဲ့အချိန်ကို ခွဲခြားထားရာ ရောက်တယ်။
တစ်နေ့မှာ လူအချင်းချင်းပြန်ဆုံကြရတဲ့အခါ အတော်ပျော်စရာကောင်းမှာပါ။ လောလောဆယ်တော့ တချို့ဒစ်ဂျစ်တယ်ဝန်ပိုကို ရှောင်လွှဲလို့မရသေးပါဘူး။

စောစောက ဖော်ပြခဲ့တဲ့နည်းတွေဟာ ဒစ်ဂျစ်တယ်နယ်ထဲက အ‌မောအပန်းတွေကို သက်သာစေနိုင်ပါတယ်။
ရည်ညွှန်း ။

Harvard Business Review