ကန်ထရိုက်လယ်ယာစိုက်ပျိုးရေး

နေပြည်တော် ၇ ဇွန်

 

ကန်ထရိုက်လယ်ယာစိုက်ပျိုးရေး (Contract Farming) ဆိုသည်မှာ တောင်သူလယ်သမားများနှင့် ကုမ္ပဏီတို့ကြား လယ်ယာစိုက်ပျိုးရေးလုပ်ငန်းအတွက် နှစ်ဦးနှစ်ဖက်သဘောတူစာချုပ်ချုပ်ဆိုခြင်း ဖြစ်ပါသည်။ အဆိုပါ သဘောတူစာချုပ်၌ နှစ်ဦးနှစ်ဖက်စလုံး၏ တာဝန်ဝတ္တရားများနှင့် ကတိကဝတ်များ၊ အန္တရာယ်များ အပါအဝင် အကျိုးအမြတ်တို့အပေါ် မည်သို့မည်ပုံ မျှဝေခံစားပုံ စသည်တို့ကို အကျေအလည်ညှိနှိုင်း၍ အတိ အကျ သတ်မှတ်ပြဋ္ဌာန်းထားပါသည်။ ကန်ထရိုက်လယ်ယာ စိုက်ပျိုးရေး၏ အဓိကသော့ချက်သည် တောင်သူ လယ်သမားများနှင့် ကုမ္ပဏီအကြား အပြန်အလှန်ယုံကြည်မှု တည်ဆောက်နိုင်ရေး ဖြစ်ပါသည်။

 

ကန်ထရိုက်လယ်ယာစိုက်ပျိုးရေးစနစ်ကို အောင်မြင်စွာအကောင်အထည်ဖော်လိုပါက တောင်သူလယ်သမား များနှင့် ကုမ္ပဏီတို့သည် မိမိတို့၏ကတိကဝတ်တို့အပေါ် အလေးအနက်ထားလိုက်နာစောင့်ထိန်းရန် လိုအပ် သကဲ့သို့ သဘောတူညီချက်နှင့်အညီ ကန်ထရိုက်လယ်ယာ စိုက်ပျိုးရေးစနစ်ကို စီမံခန့်ခွဲရမည် ဖြစ်ပါသည်။ တောင်သူလယ်သမားများနှင့် ကုမ္ပဏီတို့အကြား အပြန်အလှန်ယုံကြည်မှုရှိရေးသည် အချိန်ယူအကောင် အထည်ဖော်ရမည်ဖြစ်သကဲ့သို့ နှစ်ဦးနှစ်ဖက်စလုံးက မိမိတို့၏ တာဝန်ဝတ္တရားများကို ကြိုးပမ်းအကောင် အထည်ဖော်ကြရမည် ဖြစ်ပါသည်။ ကန်ထရိုက်လယ်ယာစိုက်ပျိုးရေးစနစ်က တောင်သူလယ်သမားများနှင့် ကုမ္ပဏီအတွက် အကျိုးအမြတ်တို့ကို စဉ်ဆက်မပြတ်ဖန်တီးပေးနိုင်မှသာ နှစ်ဦးနှစ်ဖက်ကြား ယုံကြည်မှု ခိုင်မာလာပြီး လုပ်ငန်းအောင်မြင်မည်ဖြစ်ပါသည်။

 

ကန်ထရိုက်လယ်ယာစိုက်ပျိုးရေးစနစ်၏ အားသာချက်တစ်ရပ်မှာ စိုက်ပျိုးရေးထုတ်လုပ်ရောင်းချသော ဖြစ်စဉ်တစ်ရပ်လုံးရှိ အရေးပါသူ အားလုံးကို စုစည်းဆက်စပ်ပေးနိုင်ခြင်း ဖြစ်ပါသည်။ မျိုးစေ့နှင့် မြေဩဇာ ကဲ့သို့သော လယ်ယာသွင်းကုန် ပစ္စည်းရောင်းချသူများ၊ တောင်သူလယ်သမားများ၊ လယ်ယာသုံး စက်ကိရိယာပစ္စည်းများ ရောင်းချငှားရမ်းသူများ၊ ဆန်ကြိတ်ခွဲခြင်းကဲ့သို့သော ဝန်ဆောင်မှုကုမ္ပဏီများ၊ ကုန်သည်များ၊ ဘဏ်များစသည့်စသည့် အရေးပါသူအားလုံးကို ကန်ထရိုက် လယ်ယာစိုက်ပျိုးရေးစနစ်က စုစည်းဆက်စပ်ပေးပါသည်။ ဘဏ်များသည်လည်း တောင်သူလယ်သမားများနှင့် ကုမ္ပဏီကြား နှစ်ဦးနှစ်ဖက် မျှမျှတတ အကျိုးရှိစေသည့် သဘောတူညီချက်ရရှိစေရေးအတွက် ကူညီဝန်ဆောင်မှုပေးပါသည်။ တချို့သော ကုမ္ပဏီတို့သည် ၎င်းတို့ရရှိသောအကျိုးအမြတ်၏ တစ်စိတ်တစ်ပိုင်းအား တောင်သူလယ်သမားတို့ကို မျှဝေခံစားစေခြင်းဖြင့် ကန်ထရိုက်လယ်ယာစိုက်ပျိုးရေးစနစ်ကို ခိုင်မာအားကောင်းစေပါသည်။

 

အိန္ဒိယနိုင်ငံ၌ နီးစပ်ရာကျေးရွာနှစ်ရွာ၊ သုံးရွာရှိ လုပ်ကွက်ငယ်တောင်သူလယ်သမားတို့အား စုစည်း၍ ကန်ထရိုက်လယ်ယာစိုက်ပျိုးရေးစနစ်ကို အကောင်အထည်ဖော်ကြပါသည်။ ကုမ္ပဏီက တောင်သူလယ်သမား တို့လိုအပ်သော သွင်းအားစုတို့ကို အချိန်နှင့်တစ်ပြေးညီ ပံ့ပိုးပေးပါသည်။ ကျေးရွာအဆင့် လယ်ယာသုံးစက် ပစ္စည်းကိရိယာ ပြင်ဆင်ထိန်းသိမ်းငှားရမ်းရေးစခန်းများ ဖွင့်လှစ်ပေးပါသည်။ စိုက်ပျိုးရေးနည်းစနစ်အပါအဝင် အရည်အသွေးမြှင့်တင်ရေး သင်တန်းတို့ကို ပို့ချပါသည်။ ဘဏ်ချေးငွေရရှိရေးကို ပံ့ပိုးပေးပါသည်။ မျှတသော ဈေးနှုန်းဖြင့်ဈေးကွက်ရရှိရေးကို ဖန်တီးပေးပါသည်။ မြန်မာနိုင်ငံရှိ ကန်ထရိုက် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းတို့အနေဖြင့်လည်း တခြားနိုင်ငံတို့၏ နည်းစနစ်တို့ကို အတုယူလျက် “တွဲလက်မြဲ ဟန်ချက်ညီ” သော ကန်ထရိုက်လယ်ယာစိုက်ပျိုးရေးစနစ်ကို ပုံဖော်ကြပါရန်လေးစားစွာ တိုက်တွန်းနှိုးဆော်အပ်ပါသည်။ 

မြန်မာ့အလင်း