ကျွန်တော်နဲ့ အွန်လိုင်းဆွေးနွေးပွဲများ


 

ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်

ကျွန်တော်ဟာ ကျောင်းဆရာပါ။ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ ကျော်ကတည်းက တက္ကသိုလ်မှာ နည်းပြဆရာလုပ်ရင်း စာသင်တဲ့အလုပ်စခဲ့တာ။ တက္ကသိုလ်မှာ ၂၆ နှစ်လောက်ကြာတယ်။ ဝန်ကြီးဌာနပြောင်းသွားပေမယ့် စာသင်တာတော့ မပျက်ခဲ့ဘူး။ ကုလသမဂ္ဂအဖွဲ့အစည်းမှာ တာဝန်ယူတော့လည်း စာသင်ခွင့်ရခဲ့တယ်။ နောက်ဆုံး ကုလသမဂ္ဂဝန်ထမ်းကောလိပ် မှာ တာဝန်ယူတော့ ရှစ်နှစ်တိုင်တိုင် စာသင်ခဲ့ရတယ်။
အငြိမ်းစားယူပြီး မြန်မာပြည်ပြန်ရောက်တော့ ဆက်ပြီး စာသင်ခွင့်ရခဲ့တယ်။ တက္ကသိုလ်အသီးသီးမှာ၊ နိုင်ငံခြား တက္ကသိုလ်တွေမှာသင်ခဲ့ရတယ်။ အခုထိ စာသင် နေတာ။ အရင်လို ဘွဲ့ကြိုသင်တန်းတွေတော့ မသင်နိုင် တော့ဘူး။ ဘွဲ့လွန်သင်တန်းတွေမှာ ပို့ချနေတာ။ ရန်ကုန်၊ မန္တလေးနဲ့နေပြည်တော်မှာ အခွင့်အရေးရရင် ရသလို စာသင်လျက်ရှိတယ်။ ပုဂ္ဂလိကတက္ကသိုလ်တွေမှာလည်း သင်တယ်။ အမှန်တော့ စာသင်ပေးပါလို့ပြောရင် ငြင်းပယ်တာ တစ်ခါမှ မရှိဘူး။ အပြင်ပရိသတ်တွေအတွက် လုပ်တဲ့ သင်တန်းတွေမှာလည်း ပို့ချနေတယ်။
မျှဝေရတာ ကျေနပ်
ဘာကြောင့် အခုလိုဝါသနာကြီးသလဲလို့ ကိုယ့်ကိုယ် ကိုယ် ပြန်မေးကြည့်တယ်၊ သုံးသပ်ကြည့်တယ်။ ကျွန်တော် က ကိုယ်သိတာ၊ ကိုယ်နားလည်တာတွေကို မျှဝေရတာ ကျေနပ်တယ်၊ ပီတိဖြစ်တယ်။ ကိုယ့်စိတ်ထဲမှာ ပညာဒါန ပေးနေတာမို့ စိတ်ချမ်းသာတယ်။ ကျွန်တော့်မှာ အလုပ် တာဝန်အမျိုးမျိုးရှိပေမယ့် ကျွှန်တော်အနှစ်သက်ဆုံး၊ အမြတ်နိုးဆုံး အလုပ်က ဆရာပဲ။ ကျွန်တော်ရဲ့ စိတ်နေ သဘောထား တည်ဆောက်မှုကို ကုလသမဂ္ဂဝန်ထမ်း တက္ကသိုလ်က စိစစ်ခဲ့တယ်။ အဖြေကို အလွယ်တကူ နားလည်လွယ်အောင် အမည်နာမ ပေးတယ်။ တချို့က ဗိုလ်ချုပ်၊ တချို့က ကုန်သည်။ ကျွန်တော့်ကို စစ်လိုက် တော့ အဖြေက “ပါမောက္ခ” ဖြစ်နေတာ တွေ့ရတယ်။ ဒါကြောင့်လည်း ပါမောက္ခတစ်ဦးဖြစ်ရတာကို ကျေနပ် တယ်။ ရာထူးနဲ့ မဆိုင်ဘူး။ မိမိဝါသနာနဲ့ ပတ်သက်တာ။
စာသင်ရတဲ့အခါ ကိုယ့်အရှေ့မှာ ကျောင်းသူ ကျောင်းသားတွေရှိတယ်။ အားလုံးက ကိုယ့်ထက်ငယ်တဲ့ သူတွေ။ ကျွန်တော် နည်းပြဆရာဘဝတုန်းကတော့ အတန်းကြီးယူရင်း တချို့တပည့်တွေက ကိုယ့်ထက် အသက်ကြီးနေတာ။ အခုအချိန်မှာတော့ အားလုံးက ငယ်ရွယ်သူတွေ စာသင်ရတာကို ခုံမင်တဲ့ ကိစ္စတစ်ခုက ကိုယ်သိတာ၊ တတ်တာကို မျှဝေရသလို ကျောင်းသူ ကျောင်းသားတွေဆီကလည်း အသိအသစ်တွေ၊ အတွေး အခေါ်အသစ်တွေ ရတယ်။ ဒါကြောင့် “ကိုယ်က အသက် ကြီးလာလေလေ၊ ကိုယ့်ရဲ့ဆရာတွေက ငယ်လာလေ လေ”လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စစ် အော်ဖရိုက်ပြောတဲ့ စကားကို ကျွန်တော်အလေးအနက် ထောက်ခံတယ်။ ဆရာ တပည့်ဆိုတာ အသက်အရွယ်နဲ့ မဆိုင်ဘဲ ကျွမ်းကျင် လိမ္မာမှုနဲ့သာ ဆိုင်တာ။ ကျွန်တော် အခုဆိုရင် သမီးဆီက သင်ရတယ်။ တပည့်ခံရတယ်။ တစ်ခါတလေ သူက စိတ်မရှည်ဘူး။ “ဖေဖေဒါတောင် မသိဘူးလား” ဆိုတာကို အပြောခံရတယ်။ ဒီလိုပဲ ဖြစ် ရမယ်။ အားလုံးဟာ ကျွမ်းကျင်လိမ္မာမှုနဲ့ဆိုင်တာ။ ဒါကြောင့်လည်း လူတိုင်းမှာ သင်ယူချင်တဲ့စိတ် အမြဲရှိ ရမယ်။ အားလုံးမသိနိုင်ဘူး။ မသိဘူးဆိုတာကိုလည်း ဝန်ခံရဲရမယ်။ သတ္တိရှိရမယ်။ အချို့က အားလုံးသိ၊ အားလုံး တတ်တယ်လို့ ထင်နေကြတယ်။ ဆရာလုပ်တဲ့သူ၊ သိတဲ့ သူက တပည့်လုပ်သူတွေ မသိတဲ့ သူတွေကို သင်တယ်ဆိုတဲ့ အယူအဆဟာ ခေတ်မမီတော့ဘူး။ အသိပညာကို အခုအချိန်မှာ လူတိုင်းက လက်လှမ်းမီတယ်။ လက်ကိုင်ဖုန်း၊ ကွန်ပျူတာတစ်ချက် နှိပ်ရုံနဲ့ ကိုယ်သိချင်တာကို ချက်ချင်း ရနိုင်တဲ့ခေတ်။ ဒါကြောင့် ဘာမှမသိတဲ့သူတွေကို သင်ကြား နေရတယ်ဆိုတဲ့ အယူအဆဟာ ခေတ်နဲ့ မဆီလျော်တော့ ဘူး။ ဆရာတွေဟာ သင်တာမဟုတ်ဘဲ ပညာရှာဖွေမှု ခရီးရှည်ကြီးမှာ ဖေးမကူညီပေးတဲ့သူတွေ၊ လမ်းညွှန်တဲ့သူတွေ ဖြစ်ဖို့လို အပ်တယ်။
ကိုဗစ်-၁၉ရဲ့ကျေးဇူးကြောင့် အိပ်ပျော်နေတဲ့ ကျွန်တော့် ကို လှန့်နှိုးလိုက်သလိုပဲ။ ကျွန်တော်အခုချိန်အထိ စာသင် ရတဲ့အခါ စာသင်ခန်းထဲ ကိုယ့်အရှေ့မှာရောက်နေတဲ့ သူတွေ ကို သင်ကြားခဲ့တာ ကိုဗစ်-၁၉ ကြောင့် ကိုယ့်အရှေ့မှာ တစ်ယောက်မှ မရှိတော့ဘူး။ ကျောင်းတွေ၊ သင်တန်း အားလုံး ပိတ်ကုန်ကြပြီ။ ကျွန်တော့်ရဲ့နောက်ဆုံး သင်တန်း က မတ်လ ၂၃ ရက်။ ဒီသင်တန်းပြီးချိန်ကစပြီး ကျွန်တော် အိမ်ထဲက အိမ်ပြင်မထွက်တော့ဘူး။ ကိုယ့်ကြောင့် သူများ အတွက် အခက်အခဲဒုက္ခ မရောက်စေချင်ဘူး။ မတ်လ ၂၇ ရက် တပ်မတော်နေ့မှာ သင်တန်းတစ်ခု စီစဉ်ခဲ့ပေမယ့် တာဝန်ရှိသူတွေရဲ့ ညွှန်ကြားချက်နဲ့ အစီအစဉ်ပျက်ခဲ့တယ်။ အကျပ်အတည်းတွေကြားက အခွင့်အရေးဆိုတာပေါ်စမြဲပဲ။
အခွင့်အရေးအသစ် ပေါ်လာ
ကျွန်တော်က အခုလို လူတွေ့ပြီး စာသင်ကြားခွင့် မရတော့ အွန်လိုင်းက သင်ကြားဖို့ အခွင့်အရေးအသစ် ပေါ်လာခဲ့တယ်။ ကျွန်တော့်ရဲ့ တူတွေဖြစ်တဲ့ ဒေါက်တာ ထွန်းသူရသက်နဲ့ ဦးရဲသူရသက်တို့က ကျွန်တော့်ကို အွန်လိုင်းကနေ စာသင်ဖို့ တိုက်တွန်းခဲ့တယ်။ သူတို့ပြောပြမှ Zoom ဆိုတဲ့ နည်းပညာရှိတာကို သိခဲ့ရတယ်။ Zoom ကိုသုံးပြီး ကိုယ်ပြောချင်တာတွေကို ပြောနိုင်မှာ။ ဒါကြောင့် လည်း ကျွန်တော် Webinar လို့ခေါ်တဲ့ အွန်လိုင်းဆွေးနွေးပွဲတွေလုပ်ဖြစ်တယ်။ ဒီစကားလုံးက Web Seminar ကို အတိုကောက် အနေနဲ့သုံးတာ။ အစမို့ မရွံမရဲဖြစ်မိတယ်။ ဒါပေမယ့် မလုပ်ရင် မဖြစ်ဘူးဆိုတဲ့ အသိနဲ့ရအောင် လုပ်မယ်လို့ စိတ်ကိုတင်းခဲ့တယ်။ အခုတော့ Webinar လုပ် တာ လေးကြိမ်ရှိသွားပြီ။ တစ်ပတ်တစ်ကြိမ် ပုံမှန်လုပ်ဖို့ လည်း စီစဉ်ထားတယ်။ အရင်တုန်းက အတန်းထဲမှာ အများဆုံးကျောင်းသား၅၀၊ ၆၀။ ပြင်ပဆွေးနွေးပွဲဆိုရင် ၅၀၀ ကျော်ကျော်၊ အခုတော့ Webinar ကို ကြည့်တဲ့ သူတွေက ထောင်ကျော်။ နည်းပညာအကူအညီနဲ့ ပိုပြီး ထိရောက်လာ တယ်။ အများကို လက်လှမ်းမီတယ်။ တက္ကသိုလ်တွေ အတွက်လည်း အခုလိုပဲ လုပ်ဖို့ စီစဉ်နေတယ်။ “ကြီးမှ လက်ပေးသင်”ရတဲ့အဖြစ်မျိုးတော့ ကြုံနေရတယ်။
အရင်တုန်းက ကျွန်တော် ဖေ့စ်ဘွတ်ကို တွင်တွင် ကျယ်ကျယ် မသုံးဖြစ်ဘူး။ သမီးရဲ့ တိုက်တွန်းမှုကြောင့် ကျွန်တော် စသုံးနေပြီ။ ကျွန်တော့်ရဲ့အမြင်၊ အတွေးတွေကို မျှဝေနိုင်ခဲ့ပြီ။ “ဇိကုပ်ပြီး နတ်ပြည်တင်” ခဲ့သလို ခံစားရတယ်။
အရင်တစ်ပတ်က ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းအတွက် အွန်လိုင်း ဆွေးနွေးပွဲတစ်ခု လုပ်ခဲ့တယ်။ နေပြည်တော်မှ ဝန်ကြီးဌာနက ဦးစီးဦးဆောင်ပြီး လုပ်ငန်းရှင်တွေ၊ အသင်း အဖွဲ့က တာဝန်ရှိသူတွေ၊ ရန်ကုန်အပြင် နယ်မြို့အသီးသီး ကသူတွေ တက်ရောက်ကြတယ်။ ကျွန်တော့်ရဲ့ တင်ပြချက် အပြီးမှာ မေးခွန်းတွေ မေးကြတယ်။ အတွေးအမြင်တွေ မျှဝေနိုင်ခဲ့တယ်။ ကုမ္ပဏီကြီးတစ်ခုရဲ့ဝန်ထမ်း ၁၅၀၀ ကျော် ကို အွန်လိုင်းက တစ်ဆင့် ဟောပြောနိုင်ခဲ့တယ်။ ပရိသတ် ၁၅၀၀ ကို နဂိုပုံစံနဲ့ ထိတွေ့ဖို့ မလွယ်လှဘူး။ အခုတော့ နည်းပညာအကူအညီနဲ့ လက်လှမ်းမီနိုင်ပြီ။ အခုလို ပညာရေးနဲ့ ပတ်သက်လာရင် အွန်လိုင်းကို တက်ခြင်းဟာ မလုပ်လို့မရတဲ့ ကိစ္စဖြစ်တယ်။ သမီးက နှစ်လယ်လောက် မှာ ဘွဲ့လွန်သင်တန်းတက်ဖို့ ဝင်ခွင့်ရထားတာ။ ဒါပေမယ့် အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ တက္ကသိုလ်အားလုံးကို ပိတ်ထားပြီး ပုံမှန်သင်တန်းတွေအစား အွန်လိုင်းနဲ့ပဲ ပို့ချနေတာ။ သင်တန်းတွေကို အခုကတည်းက သူက အွန်လိုင်းက တစ်ဆင့်ယူနေရပြီ။ နည်းပညာကို အားကိုး ရတဲ့ အွန်လိုင်း သင်ယူမှုစနစ်ကို မြန်မာပြည်မှာ ထိထိ ရောက်ရောက် အားပေးဖို့လိုအပ်တယ်။ အင်တာနက် ဝန်ဆောင်မှုတွေပေးနေတဲ့ အဖွဲ့အစည်းကုမ္ပဏီတွေဟာ ပညာရေးဝန်ဆောင်မှုနဲ့ ပတ်သက်လာရင် ဈေးနှုန်းကို သက်သက်သာသာ ညှာညှာတာတာ စဉ်းစားဖို့ လိုအပ် မယ်။ ကျောင်းသား၊ ကျောင်းသူတွေအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်အောင် ကျွန်တော် အခုလို အွန်လိုင်းတက်ပြီး သင်ကြားရေး အလုပ်တွေ လုပ်နေရတာကို ငယ်ငယ်က စက်ဘီးစီးတတ်တဲ့အချိန်ကို သွားသတိရမိတယ်။
စက်ဘီးကို မစီးတတ်စီးတတ်နဲ့ သိပ်စီးချင်တာ။ အိပ်ရာနိုးတာနဲ့ စက်ဘီးစီးချင်စိတ် ရှိတယ်။ အခုလည်း အွန်လိုင်းတက်ပြီး ပြောချင်ဟောချင်တဲ့စိတ်က ပြင်းပြ နေတာ။ ဖေ့စ်ဘွတ်ကတစ်ဆင့် သင်တန်းနဲ့ ပတ်သက်တဲ့ အကြောင်းအရာ အချက်အလက်တွေကိုလည်း မျှဝေ လျက်ရှိတယ်။ လူတွေဟာ အမြဲပြောင်းလဲမှုကို လက်ခံဖို့ လိုအပ်တယ်။ အရင်တုန်းကလိုပဲ စဉ်းစားနေလို့ မဖြစ် တော့ဘူး။ ကိုယ်ကမပြောင်းလဲရင် ကျန်ခဲ့မှာ။ “ထီးဖြူ ဆောင်း” တဲ့ ဘဝကို တမ်းတနေမယ့်အစား ပေါ်လာတဲ့ အခွင့်အရေးကို ရယူဖို့ လိုအပ်တယ်။
အခွင့်အရေးကို ရယူနိုင်ဖို့အရေးကြီး
မှန်တာကို ဝန်ခံရရင် အွန်လိုင်းကတစ်ဆင့် ဆွေးနွေး ပွဲတွေ၊ သင်ကြားပို့ချမှုတွေ လုပ်ရတာကို ကျေနပ်ပေမယ့် မျက်နှာချင်းဆိုင်လုပ်ရတဲ့ အရသာနဲ့တော့ မတူလှဘူး။ လူဆိုတာ တစ်ဦးနဲ့တစ်ဦး ထိတွေ့ဆက်ဆံမှုကို ခုံမင် တယ်၊ နှစ်သက်တယ်။ အခုတော့ စက်ကတစ်ဆင့် လုပ် နေရတာမို့ အားမရလှဘူး။ ဒါပေမယ့် အရင်အတိုင်း ဖြစ်ဖို့ မျှော်လင့်လို့ မရနိုင်တော့ဘူး။ ပုံစံအသစ်နဲ့ဆက်ပြီး လှုပ်ရှားကြရတော့မှာ။ မိမိရဲ့ကျွမ်းကျင်မှုကို တိုးတက် အောင် ကြိုးစားအားထုတ်ရမှာ။ ကျွန်တော်ကတော့ ကိုဗစ်-၁၉ ကြောင့် ပေါ်လာတဲ့အပြောင်းအလဲကို ကျေနပ် တယ်။ တက်လာတဲ့ဒီရေကို တားချင်တဲ့ ဘုရင်ကြီး မဖြစ် ချင်ဘူး။ ကြိုဆိုရမှာပဲ၊ လက်ခံရမှာပဲ ဖြစ်တယ်။ ပြောင်းလဲ မှုတစ်ရပ်ကို ရင်ဆိုင်ရာမှာ အရင်တုန်းကအကြောင်း အာရုံစိုက်မယ့်အစား ပြောင်းလဲမှုကြောင့် ပေါ်လာတဲ့ အခွင့်အရေးကို ရယူနိုင်ဖို့အရေးကြီးတယ်။
အိုင်တီနည်းပညာနဲ့ ပတ်သက်ပြီးသော်လည်းကောင်း၊ ဆက်သွယ်ရေးကွန်ရက်တွေ၊ အခြေခံအဆောက်အအုံ တွေနဲ့ ပတ်သက်လို့သော်လည်းကောင်း၊ ကျွန်တော်တို့ နိုင်ငံမှာ အားနည်းချက်ရှိပေမယ့် ဖြစ်လာတဲ့အခြေအနေ တွေကြောင့် ပြုပြင်ပြောင်းလဲမှုတွေ ပိုပြီးလုပ်နိုင်မယ်လို့ ယုံကြည်မိပါတယ်။ အွန်လိုင်းသင်ယူမှုရဲ့ဆောင်ပုဒ်က “ကြိုက်တဲ့အချိန်၊ ကြိုက်တဲ့နေရာ၊ ကြိုက်တဲ့ပုံစံ”နဲ့ လေ့လာသင်ယူရကြောင်း ဖော်ပြထားတာ ဖြစ်တယ်။ ကျွန်တော် တိုက်တွန်းချင်တာက ပြောင်းလဲမှုကို ကြိုဆို ကြပါ၊ လက်ခံကြပါ။ တစ်ချိန်က ကျောင်းသား ကျောင်းသူ တွေက ကျောင်းကိုသွားရတယ်။ အခုတော့ အွန်လိုင်းရဲ့ ကျေးဇူးနဲ့ ကျောင်းက ဆရာတွေက တပည့်တွေဆီကို သွားနေကြရပြီ။ ကျောင်းသားတွေရဲ့လိုအပ်ချက်တွေကို ကိုယ့်မှာရှိတဲ့ လက်ကိုင်ဖုန်းတွေ၊ ကွန်ပျူတာတွေက တစ်ဆင့် အရောက်သွားနေကြတာ ဖြစ်တယ်။ ကြိုဆို ကြပါစို့။ ။


မြန်မာ့အလင်း