ကျွန်တော်နဲ့ ကိုဗစ်-၁၉ ဝေါဟာရအသစ်များ


ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်

ကိုဗစ်-၁၉ ကပ်ရောဂါကြီးဆိုက်ရောက်တဲ့အချိန်ကစပြီး တစ်ကြိမ်တစ်ခါမှမကြားဖူးတဲ့၊ မသုံးခဲ့တဲ့ ဝေါဟာရအသစ်တွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ အခက်အခဲတွေကြားက‌ အခုလိုအသုံးအနှုန်းအသစ်တွေကြောင့် ဆန်းသစ်နေတယ်။ အခြေအနေတစ်ခုပေါ်မှာ မူတည်ပြီးအခုလိုဖြစ်ခဲ့တာ။
ပထမဆုံးအသုံးအနှုန်းက ကိုဗစ် - ၁၉ ရောဂါ ပြန့်ပွားကူးစက်မှုကို တားဆီးနိုင်တဲ့ အနေအထိုင်အပြု အမူဖြစ်တယ်။ အင်္ဂလိပ်လို Social distancing လူတစ်ယောက်နဲ့တစ်ယောက် နီးနီးကပ်ကပ်မနေဘဲ အနည်းဆုံးခြောက်ပေခွာနေထိုင်လှုပ်ရှားဖို့။ လူမှုဆက်ဆံ ရေးအရ လူတွေဟာ တစ်ဦးနဲ့တစ်ဦး နီးနီးကပ်ကပ် နေတတ်ကြတယ်။ ထိတွေ့ဆက်ဆံကြတယ်။ အနောက် တိုင်းယဉ်ကျေးမှုအရ လက်ဆွဲနှုတ်ဆက်တာ လူမှုရေး ထုံးစံတစ်ရပ် တစ်ကမ္ဘာလုံးမှာ ကျင့်သုံးတဲ့ ရင်းနှီးမှုရဲ့ သင်္ကေတတစ်ရပ်ဖြစ်တယ်။ ကပ်ရောဂါကို ရင်ဆိုင်ဖို့ လူမှုရေးအရ ကင်းကွာအောင်နေရမယ်လို့ အကြံပြုခဲ့ တယ်။ ဒါကို လိုက်နာနေကြတယ်။ ဒါကြောင့် အစည်း အဝေးတွေမှာ အရင်လို ပူးပူးကပ်ကပ်မထိုင်တော့ဘဲ ခြောက်ပေအကွာမှာထိုင်ကြပြီး လုပ်စရာရှိတာတွေ လုပ် နေကြတယ်။ ဘဏ်တွေ၊ ဆိုင်တွေမှာလည်း ဖောက်သည် တွေတန်းစီတဲ့အခါ အရင်လို နီးနီးကပ်ကပ်မနေဘဲ အနည်းဆုံးခြောက်ပေအကွာမှာ နေရမယ်လို့ သတ်မှတ်ခဲ့ တယ်။ ဘာကြောင့် အခုလိုလုပ်ရသလဲဆိုတဲ့ အကြောင်း ရင်းကို သုံးသပ်ရင် ရောဂါပိုးဟာ တစ်ယောက်ကနေ နောက်တစ်ယောက်ကို အလွယ်တကူ ကူးနိုင်တယ်။ အခုမကူးနိုင်အောင် တစ်ယောက်နဲ့တစ်ယောက် ခပ်ဝေး ဝေးနေကြရမှာ။
ခပ်ခွာခွာနေဖို့ဆိုတာ
ကျွန်တော်က စောဒကတက်ချင်တယ်။ Social distancing ဆိုတဲ့ ဝေါဟာရဟာမပြည့်စုံဘူး။ အမှန်တော့ Physical distancing ဖြစ်တယ်။ တစ်ယောက်နဲ့ တစ်ယောက် နီးနီးကပ်ကပ် မနေဖို့ဖြစ်တယ်။ ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးမှု၊ ယဉ်ကျေးမှုအတွယ် အတာတွေကိုတော့ မစွန့်လွှတ်သင့်ဘူး။ လူတွေဟာ လူမှုရေးသတ္တဝါတွေသာဖြစ်တယ်။ တစ်ဦးတစ်ယောက် တည်း အထီးကျန်တဲ့ဘဝမှာ ကာလရှည်မနေနိုင်ဘူး။
တစ်ယောက်နဲ့တစ်ယောက် ခြောက်ပေအကွာမှာ နေပြီး နေထိုင်လှုပ်ရှားကြပေမယ့် တစ်ဦးပေါ် တစ်ဦး သံယောဇဉ် တွယ်တာမှု၊ ရင်းနှီးမှုတွေကတော့ ရှင်သန်ဆဲ ဖြစ်ရမယ်။ Physical နဲ့ Social ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်း ဆိုင်ရာဟာ မတူညီပါဘူး။ Social distancing ဟာ အပြော လွယ်သလောက် လက်တွေ့မှာခက်ခဲတယ်၊ ခဲယဉ်းတယ်။ အနှောင့်အယှက်တွေရှိတယ်။ အကောင်အထည်ဖော်ဖို့ ခက်ခဲတာကို သတင်းတွေမှာ တွေ့ရတယ်။ အခုချိန်အထိ အစည်းအဝေးတွေလုပ်နေကြတယ်။ အလှူအတန်း၊ အခမ်းအနားတွေ ကျင်းပလျက်ပဲ။ လူစုလူဝေးတားဆီးမှု တွေရှိပေမယ့် စုဝေးတုန်း။ တစ်လောက စင်ကာပူနိုင်ငံမှာ Social distancing ကျင့်သုံးမှုပျက်ကွက်သူတွေကို တားဆီးတဲ့ တာဝန်ရှိသူတွေကို မကျေနပ်ပြီး အနှောင့် အယှက်ပြုနေတာ ကြားရတယ်။ အိန္ဒိယနိုင်ငံမှာ အခုလိုပဲ မကျေနပ်ရုံမဟုတ်တော့ဘဲ အကြမ်းဖက်တဲ့အထိ တုံ့ပြန်ခဲ့ တယ်။ Social distancing ကြောင့် လူတွေအထီးကျန်တဲ့ စိတ်တွေ တိုးပွားလာတယ်၊ စိုးရိမ်မှုတွေပွားများလာတယ်။ ဒါကြောင့်လည်း ကျွန်တော်တင်ပြချက်တစ်ခုကို လုပ်ခဲ့ တယ်၊ ဖြန့်ဝေခဲ့တယ်။ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေတဲ့ အချိန်မှာ လူမှုရေးဆက်သွယ်မှုတွေ မပပျောက်အောင် ဆင်ခြင်ရမယ့် အချက်ငါးချက်ကို တင်ပြခဲ့ပါတယ်။ အဲဒီအချက်တွေကို ဒီဆောင်းပါးက တစ်ဆင့်မျှဝေ ချင်ပါတယ်။
အရေးကြီးနဲ့ အရေးပေါ်
ပထမဆုံးတစ်ယောက်နဲ့တစ်ယောက်လေးနက်တဲ့တန်ဖိုးရှိတဲ့၊ ဆက်သွယ်ဆက်ဆံမှုတွေကို ဆောင်ရွက်ဖို့။ လူတိုင်းဟာ ကိုဗစ်-၁၉ ရဲ့ သတင်းတွေကို စောင့်မျှော်ပြီး‌ ကြောင့်ကြနေကြတယ်။ စိတ်သောကဖိစီးမှုတွေနဲ့ မွန်း ကျပ်နေကြတယ်။ ဒီလိုအချိန်မျိုးမှာ အရေးကြီးတဲ့အရာနဲ့ အရေးပေါ်တဲ့အရာကို ခွဲခြားတတ်ဖို့လိုအပ်တယ်။ အရေး ကြီးတာက မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်း၊ လုပ်ဖော် ကိုင်ဖက်၊ သူတို့နဲ့ နွေးနွေးထွေးထွေးနေဖို့က အရေးကြီးတဲ့ အရာ၊ ခေတ်မီနည်းပညာတွေနဲ့ ဆက်သွယ်နိုင်ပြီး လုပ် ကြဖို့ တိုက်တွန်းချင်တယ်။ အနည်းဆုံးတစ်နေ့တစ်ကြိမ် အတူတူ အင်တာနက်ကတစ်ဆင့် လက်ဖက်ရည်သောက် လို့ရတယ်။ နေ့လယ်စာ၊ ညစာ စားလို့ရတယ်။ ဒီအချိန်မှာ တစ်ယောက်နဲ့တစ်ယောက် အသိပညာတွေမျှဝေနိုင် တယ်။ ကိုယ်နှစ်သက်တဲ့စာအုပ်တွေကို မျှဝေနိုင်တယ်။ ပုံစံအမျိုးမျိုးဆောင်ရွက်နိုင်မယ်။
ဒုတိယအချက်ကတော့ ခေတ်မီနည်းပညာတွေကို သုံးရမယ်။ Zoomရဲ့ အကူအညီနဲ့ တစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ်ဆက်ဆံနိုင်တဲ့ ပုံစံ အသစ်တွေက မျိုးစုံ၊ လူတွေဝေးနေပေမယ့် စိတ်တွေက ကင်းစရာမလို ဘူး။ တတိယအချက်ကတော့ ကင်းကွာမှုကို ဖြေလျှော့ဖို့ အိမ်မှာနေရပေမယ့် ရုံးမှာလှုပ်ရှားနေသလို ကြိုးစားရမှာ။ တစ်ယောက်နဲ့ တစ်ယောက်အားပေးရမယ်၊ ကိုယ်ချင်းစာရ မယ်။ စတုတ္ထအချက်အနေနဲ့ကတော့ ကျွန်တော်နှစ်သက် လှတဲ့ EQ ပဲဖြစ်တယ်။ တစ်ဦးပေါ် တစ်ဦးကိုယ်ချင်းစာစိတ် တွေ တိုးပွားအောင်မေးရမယ်။ အထူးသဖြင့် နားထောင် နိုင်တဲ့သတ္တိ၊ တစ်ဖက်သားရဲ့ ခံစားမှုတွေ၊ ကြောင့်ကြမှု တွေ၊ အကြောက်တရားတွေကို နားလည်အောင် ကြိုးစား ရမှာဖြစ်တယ်။ အခုလို ဆောင်ရွက်ရာမှာ အရေးကြီးဆုံး ကတော့ ကိုယ့်အကြောင်းကိုယ်သိဖို့လိုတယ်။ ကိုယ့် အကြောင်းကိုယ်သိပြီး ကိုယ့်ကိုယ်ကိုယ်စီမံရမယ်။ ဒါမှ တစ်ပါးသူရဲ့စိတ်ခံစားမှုတွေ နားလည်နိုင်မှာဖြစ်တယ်။ နောက်ဆုံးအချက်ကတော့ အကောင်းမြင်တတ်တဲ့ စိတ်ရှိ ဖို့ပဲ၊ အကောင်းမြင်ရင် ကောင်းတာပဲ ပြောမှာ၊ ကောင်း တာပဲလုပ်မှာ။
အိမ်မှာနေရင်း အလုပ်လုပ်ခြင်း
ဒုတိယဝေါဟာရကတော့ Working from home အိမ်မှာနေပြီး အလုပ်လုပ်ခြင်း။ ကိုဗစ်-၁၉ ကြောင့် လုပ်ငန်းတွေမှာ ဝန်ထမ်းတွေက အိမ်မှာပဲနေပြီး အလုပ် လုပ်တဲ့အစီအစဉ်တွေကို ကျင့်သုံးကြတယ်။ ကျွန်တော့် သမီးက မတ်လအလယ်လောက်ကတည်းက အိမ်ကနေ အလုပ်လုပ်နေပြီ။ အသုံးအနှုန်းဝေါဟာရရဲ့ အနက် အဓိပ္ပာယ်ကို ဂဃနဏမသိဘဲ ခပ်လွယ်လွယ်သုံးနေတာ တွေ့ရတယ်။ အိမ်မှာနေပြီးအလုပ်လုပ်တယ်လို့ပြောရင် အလုပ်လုပ်ရမယ်ဆိုတာကို သိဖို့လိုအပ်တယ်။ အိမ်မှာ နေကြတာကို လူတိုင်းနှစ်သက်ကြတယ်။ ကြိုဆိုကြတာ၊ ရုံးတက်စရာမလိုတာကို ကြိုက်နေကြတယ်။ ဒါပေမယ့် အမှန်တော့ တစ်ဖက်ကအိမ်မှာနေသလို တစ်ဖက်က အလုပ်လုပ်ရမယ်ဆိုတာကို သဘောပေါက်ရမယ်။ ကိုယ့်ရဲ့ အထက်လူကြီး၊ ကြီးကြပ်သူတွေမရှိတော့ လွတ်ပြီကျွတ်ပြီ လို့ သဘောထားလို့မရဘူး။ သတ်မှတ်ထားတဲ့အလုပ် တာဝန်တွေကို သတ်မှတ်ထားတဲ့အချိန်အတွင်း ပြီးအောင် လုပ်ရမယ်။ ကြီးကြပ်သူမရှိတာမို့ ပေါ့ပေါ့တန်တန်တာဝန် မဲ့လို့မဖြစ်ဘူး။
ဒီနေရာမှာ Working from home အိမ်မှာ အလုပ်လုပ် တာနဲ့ Staying at home အိမ်မှာနေတာကိုလည်း ကွဲကွဲပြားပြားသိရမယ်။ အိမ်မှာနေတယ်လို့ ပြောတာက အချို့လုပ်ငန်းအဖွဲ့အစည်းတွေမှာ တစ်ပတ်ရုံးတက်၊ တစ်ပတ်အိမ်မှာနေဆိုတဲ့ အစီအစဉ်တွေကျင့်သုံးနေတယ်။ အိမ်မှာနေတဲ့တစ်ပတ်မှာတော့ ရုံးတာဝန်၊ အလုပ်တာဝန် မရှိဘူး။ အိမ်မှာပဲ မိသားစုနဲ့အချိန်ပြည့် နေထိုင်တာဖြစ် တယ်။ ဒီဝေါဟာရအသုံးအနှုန်းနှစ်ခုကို ရောလို့မရဘူး။ ဝန်ထမ်းတွေက သဘောမပေါက်ကြသလို စီမံခန့်ခွဲသူ တွေကလည်း ရောထွေးနေတာ။ အိမ်ကနေအလုပ်လုပ်ရမှာ။ ကျွန်တော်အမြဲပြောခဲ့တဲ့ Work life balance (အလုပ်နဲ့ ဘဝမျှတအောင် နေထိုင်မှု)ဟာ အရေးကြီးတယ်။ အိမ်က နေအလုပ်လုပ်တာဟာ ထင်သလောက်မလွယ်လှဘူး။ မိသားစုနဲ့အတူ နေထိုင်လှုပ်ရှားရတာမို့ အနှောင့်အယှက် တွေရှိနိုင်တယ်။ ရုံးကပုံစံထိတွေ့ဆက်ဆံမှုမျိုးမရှိတာကလည်း စိန်ခေါ်မှုတစ်ရပ်။ ကျွန်တော်က အသုံးများတဲ့ ဝေါဟာရနှစ်ရပ်ကို တင်ပြခဲ့တာ။ တလောက ဆောင်းပါး တစ်ပုဒ်မှာ ပုံမှန်အသစ် (New Normal) ဆိုတဲ့ အကြောင်း ကိုလည်း တင်ပြခဲ့တယ်။
အနေအထားသစ်မှာ ရှင်သန်နိုင်ဖို့
ကျွန်တော်တို့တစ်တွေဟာ မထင်မှတ်ဘဲ၊ မရည်ရွယ် ဘဲ ပုံမှန်အသစ်ကို ရင်ဆိုင်နေကြရတယ်။ ကိုဗစ်-၁၉ အလွန်ဆိုတာကို လူတိုင်းက မျှော်လင့်ချက်ကြီးကြီးနဲ့ ဖြစ်နိုင်မဖြစ်နိုင်ဆိုတာထက် ဖြစ်ချင်တာကိုပဲ ဦးစားပေး နေကြတယ်။ အရင်လိုပဲ ဆိုတာကတော့ မရှိနိုင်ဘူး။ လုံးဝ မထင်မှတ်တဲ့နေရာတစ်နေရာကို ရောက်သွားမှာ။ ဒီအနေ အထားအသစ်မှာ ရှင်သန်အောင် လှုပ်ရှားကြဖို့လိုအပ် တယ်။
အိမ်ကနေ အလုပ်လုပ်တဲ့ အတွေ့အကြုံတွေကြောင့် ကိုဗစ်-၁၉ အလွန်ကာလမှာ အဖွဲ့အစည်းတွေ၊ ရုံးတွေ၊ ကုမ္ပဏီတွေရဲ့ စီးပွားရေးပုံစံတွေဟာ ပြောင်းလဲမှာဖြစ်သလို ဝန်ထမ်းတွေရဲ့ စိတ်ထားတွေ၊ နေထိုင်လှုပ်ရှားတဲ့ အပြု အမူတွေကလည်း ပြောင်းလဲရမှာသာ ဖြစ်ပါတယ်။ ။

မြန်မာ့အလင်း