ကျွန်တော်နဲ့ ဖီလစ်ကော်တလာ

ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်

 

ဆရာကြီး ပါမောက္ခဖီလစ်ကော်တလာ (Philip Kotler) နဲ့ ကျွန်တော် ၁၉၇၁ ခုနှစ်ကစပြီး ရင်းနှီးခဲ့တယ်။ လူကိုယ်တိုင်မဟုတ်ဘဲ သူရေးသားတဲ့စာအုပ်ကို ကျွန်တော်ဘွဲ့လွန်ဒီပလိုမာ သင်တန်းတက်ရင်း လေ့လာခွင့်ရခဲ့တာ။ ၁၉၇၂ ခုနှစ် မဟာသိပ္ပံတက်တုန်းကလည်း မာကတ်တင်း (Marketing) ဘာသာရပ်ကို သင်ယူစဉ် ဆရာကြီးရေးသားခဲ့တဲ့စာအုပ်တွေ၊ သုတေသနစာတမ်းတွေနဲ့ ထိတွေ့ခဲ့ရပါတယ်။ ပါရဂူဘွဲ့သုတေသနစာတမ်းပြုစုစဉ်ကလည်း ဆရာကြီးရဲ့ အတွေးအခေါ်တစ်ခုဖြစ်တဲ့ လူမှုရေးလုပ်ငန်းတွေမှာ Marketing ပညာအသုံးချမှုကိုလည်း အသုံးချခဲ့တယ်။ Marketing လို့ ပြောရင် ဈေးရောင်းဈေးဝယ်နဲ့ ပတ်သက်ကြောင်း နားလည်ကြတယ်။ အမှန်တော့ အရောင်းအဝယ်လို့ လွယ်လွယ်သုံးတဲ့ မာကတ်တင်းဟာ စီးပွားရေးနယ်ပယ်မှာသာမက အုပ်ချုပ်ရေး၊ နိုင်ငံရေးနဲ့ လူမှုရေးကဏ္ဍတွေမှာလည်း အသုံးချနိုင်ကြောင်း သတိပြုသင့်ပါတယ်။ ဆရာကြီးဟာ မာကတ်တင်း ဘာသာရပ်ကို ဖော်ထုတ်နိုင်ခဲ့သူတစ်ဦးဖြစ်တယ်။

 

ဆရာကြီး၏ မြန်မာပြည် ပထမခရီးစဉ်

၂၀၁၄ ခုနှစ်မှာ ဆရာကြီးဟာ မြန်မာပြည်ကို ပထမဆုံး ရောက်ခဲ့တယ်။ သူ့ရဲ့ဟောပြောမှုကို အမျိုးသား ဇာတ်ရုံခန်းမမှာ ကျင်းပခဲ့တယ်။ စီစဉ်ဆောင်ရွက်ပေးသူက ဆရာဦးထင်ဇံကျော်နဲ့ သူ့ရဲ့သားဖြစ်တဲ့ ဒေါက်တာ ထက်ဇံလင်း။ အဲဒီပွဲလုပ်ဖို့ ကျွန်တော်နဲ့ တိုင်ပင်ခဲ့ကြတယ်။ ဆရာကြီး လာမယ့်အကြောင်း သိရတော့ ကျွန်တော်က အတော် အားတက်မိတာ။ သူ့အနေနဲ့ အခုလို မြန်မာပြည် လာခြင်းဟာ အလွန်ကြိုဆိုရမယ့် ကိစ္စတစ်ခု။ ကျွန်တော် ကလည်း လိုအပ်တဲ့ပြင်ဆင်မှုတွေ လုပ်ခဲ့တယ်။ ဆရာကြီး နဲ့အတူ ဟောရမယ်၊ သူနဲ့ လူတွေ့မေးမြန်းမှုလုပ်ရမယ်ဆိုတာမို့ ပြင်ဆင်ရတယ်။ ဒါပေမယ့် ကံဆိုတာက ဆန်းကြယ်လှတယ်။ ပွဲလုပ်မှာက စနေနေ့။ ငါးရက် လောက်အလို တနင်္လာနေ့မနက်စောစော ကျွန်တော် အင်းလျားကန်ပေါင်မှာ လေ့ကျင့်ခန်းလုပ်ဖို့ လမ်းလျှောက် ထွက်ခဲ့တယ်။ တစ်နာရီလောက်လေ့ကျင်ခန်းလုပ်ပြီး အပြန် ကန်ပေါင်ပေါ်မှာ ခွေးတစ်ကောင်နဲ့ ဝင်တိုက်မိတာ ကြောင့် ချော်လဲ သွားတယ်။ လဲလဲချင်းထလို့ မရတော့ဘူး။ အနီးအနားက သူတွေကဝိုင်းပြီး အကူအညီပေးကြတယ်။ နောက်ဆုံး တော့ အာရှတော်ဝင်ဆေးရုံရောက်သွားတာ။ ရောက်ရောက်ချင်း အထူးကုဆရာဝန်တွေက စစ်ဆေးတဲ့ အခါ တင်ပါးရိုးအက်သွားကြောင်း သိရတယ်။ အိပ်ရာပေါ် က မထနိုင်တော့ဘူး။ နာတာက လွန်ကဲလှတယ်။ အခုလို ခံစားရပေမယ့် ဆရာကြီးနဲ့ တွေ့ရမယ့်ပွဲကိုပဲ အာရုံရှိခဲ့ တယ်။ ဒါကြောင့် ကျွန်တော့်ကို ကုသပေးတဲ့ အထူးကု ဆရာဝန်ကြီး ဒေါက်တာဦးနေဝင်းကို စနေနေ့ပွဲ တက်နိုင် အောင်သာ ကြိုးစားပေးပါလို့ တောင်းခံခဲ့တယ်။ သူက လည်း လိုလေသေးမရှိ ကုသမှုတွေ လုပ်ပေးခဲ့တယ်။ စနေနေ့မနက်မှာ လူနာတင်ယာဉ်နဲ့ ဆေးရုံကနေ အမျိုးသားဇာတ်ရုံကို သွားခဲ့တယ်။ ကျွန်တော်နဲ့အတူ အနီးကပ်စောင့်ရှောက်ဖို့ ဒေါက်တာဟိန်းသူအောင်က လိုက်ပါခဲ့တယ်။ သူက ဒေါက်တာထက်ဇံလင်းရဲ့ သူငယ်ချင်း။ ဇာတ်ရုံရောက်တော့ စင်မြင့်ပေါ်ကို လူနာတွေ အသုံးပြုတဲ့ ဘီးတပ်ကုလားထိုင်နဲ့ တက်ခဲ့ရ တယ်။ ပရိသတ်တွေကတော့ အံ့ဩကြမှာ။ ပွဲမှာ စိတ်ဆောင်လို့၊ စိတ်တင်းထားလို့ တစ်နေကုန်နေနိုင်ခဲ့ တယ်။ ဆေးရုံရောက်မှ လဲတော့တာပဲ။

ဒုတိယအကြိမ်ရောက်ရှိခြင်း

ဒီတစ်ခေါက်ပွဲကို World Marketing Summit 2019 အဖြစ် သတ်မှတ်ခဲ့တယ်။ ဆရာကြီးဟာ မြန်မာပြည်တွင် သာမက ၂၀၁၉ အတွင်း နိုင်ငံ ၁၁ နိုင်ငံမှာ အခုလိုပွဲတွေ လုပ်မှာဖြစ်တယ်။ ဒါ့ကြောင့် မြန်မာပြည်မှာ ကျင်းပခွင့် ရတာဟာ နိုင်ငံအတွက် ဂုဏ်ယူစရာတစ်ခုပဲ ဖြစ်တယ်။ ငါးနှစ် အတွင်း အခြေအနေတွေက အတော်ပြောင်းခဲ့တာ။ ဒီတစ်ခေါက်ပွဲက အင်းယားလိတ်ဟိုတယ်ရှေ့က Yangon Convention Centre မှာ လုပ်မှာ။ ပရိသတ်က ၂၀၀၀ ကျော်။ စီစဉ်ရသူတွေအတွက်က မလွယ်ကူလှဘူး။ ဒေါက်တာထက်ဇံလင်းနဲ့ သူ့ရဲ့ဇနီး ဒေါက်တာစုမွန်တို့ အတော်ပင်ပန်းကြတာ။ ဒါပေမယ့် သူတို့က လုပ်ရည် ကိုင်ရည်ရှိတယ်။ ကြိုးစားတယ်။ အားထည့်တယ်။ စိုးရိမ် စရာတွေ၊ စိတ်ပူရတာတွေကို ကျော်လွှားနိုင်ခဲ့တယ်။

ပွဲမလုပ်မီတစ်ရက်မှာ ဆရာကြီးနဲ့ နေ့လယ်စာ စားဖြစ်တယ်။ အံ့ဩစရာက ဆရာကြီးရဲ့ အသက် ၈၉ နှစ် ရှိပြီ။ ဒါပေမယ့် မထင်ရဘူး။ သွက်သွက်လက်လက်။ သူနဲ့ အတူ ပါမောက္ခသုံးဦး၊ သူ့ကုမ္ပဏီက တာဝန်ရှိသူနှစ်ဦး။ ညနေ ညစာစားပွဲကို Chatrium Hotel မှာ ကျင်းပခဲ့တယ်။

မိန့်ခွန်းတွေ ပြောကြတယ်။ စပွန်ဆာကုမ္ပဏီတွေကို ဂုဏ်ပြုမှတ်တမ်းတွေ ပေးခဲ့ကြတယ်။ ပွဲစတဲ့မနက်မှာ ကျွန်တော်တို့ မိသားစုသုံးဦးက ခန်းမကို စောစောရောက်ခဲ့ တယ်။ ပရိသတ်တွေကလည်း ကြိုရောက်နေကြတယ်။ ဆရာကြီးကို သိတဲ့သူတွေက အများကြီး။ သူ့ရဲ့စာဖတ် ပရိသတ်တွေကလည်း အများကြီး။

 

ဆရာကြီးက သူ့ရဲ့နောက်ဆုံးပေါ် Marketing 4.0 အတွေးအခေါ်ကို စိတ်ဝင်စားဖွယ် တင်ပြသွားခဲ့တယ်။ အခုခေတ်မှာတော့ အရာရာဟာ 4.0 ဖြစ်နေပြီ။ မာကတ် တင်းဘာသာမှာလည်း အခုလိုပဲ ပြောင်းလဲမှုတွေနဲ့ ရင်ဆိုင်နေရတယ်။ အထူးသဖြင့် ခေတ်သစ်နည်းပညာ အသုံးချမှုအကြောင်း တင်ပြသွားတယ်။ ကျွန်တော့်အနေနဲ့ က “နောက်ကျတဲ့သူရဲ့ အခွင့်အရေး” ဆိုတဲ့ခေါင်းစဉ်နဲ့ တင်ပြ ဆွေးနွေးခဲ့တယ်။ ဆရာကြီးက သူပြောပြီးတိုင်းမှာ မနားဘဲ ကျွန်တော့်ရဲ့တင်ပြမှုတွေကို စိတ်ဝင်တစား နားထောင်ခဲ့တယ်။ နေ့လယ်စာစားပြီး ကျန်တဲ့ပညာရှင် တွေ ဟောပြောကြတယ်။ ပရိသတ်တွေအတွက် တစ်နေ့တည်း ပညာတွေ တဝကြီးရခဲ့တာ။ စိတ်ဝင်တစား ပွဲတက်တဲ့ သူတွေကို ကျွန်တော်ချီးကျူးရတယ်။ ကျေးဇူး တင်ရပါတယ်။ ငွေကုန်ကြေးကျခံပြီး ပညာယူကြတယ်။ ဆရာဦးထင်ဇံကျော်ရဲ့ အဆက်အသွယ်တွေက ကျယ်ပြန့် တော့ နယ်စုံ၊ ဒေသစုံက ပရိသတ်တွေ ရောက်လာကြတယ်။

အားလုံးဟာ အရောင်းအဝယ်ဈေးသည်တွေ

အခုလို ကမ္ဘာကျော်ပညာရှင်ကြီးတစ်ဦးနဲ့ တွေ့ဆုံ ရတဲ့အခွင့်အရေးဟာ ထူးခြားလှတဲ့ အခွင့်အရေး ဖြစ်ပါ တယ်။ နောက်တစ်ကြိမ်ဆိုတာ သိပ်မသေချာတော့ဘူး။ ဆရာကြီးဟာ ရောင်းခြင်း၊ ဝယ်ခြင်းဆိုတဲ့ပညာကို သင်ကြားရုံမက စီးပွားရေးပညာကို ကျယ်ကျယ်ပြန့်ပြန့် မျှဝေနိုင်ခဲ့သူဖြစ်တယ်။ သူ့ရဲ့အယူအဆတွေ၊ အရေးအသား တွေကို စီးပွားရေးနယ်ပယ်ကသူတွေသာမက နိုင်ငံရေး လုပ်နေကြသူ၊ အုပ်ချုပ်ရေးမှာ ပါဝင်နေကြသူ၊ လူမှုရေးမှာ တာဝန် ယူနေကြသူ အားလုံးလေ့လာသင်ယူသင့်ပါတယ်။

အမှန်တော့ ကျွန်တော်တို့အားလုံးဟာ အရောင်း ဈေးသည်တွေသာ ဖြစ်တယ်။ စီးပွားရေးလုပ်နေသူဟာ ကုန်စည်တွေ၊ ဝန်ဆောင်မှုတွေကို ရောင်းနေကြတယ်။ ဒီနေရာမှာ ဆရာကြီးရဲ့ အရေးအသားတစ်ခုကို သတိရမိ တယ်။ လုပ်ငန်းရှင်တွေဟာ ကုန်ပစ္စည်း ဝန်ဆောင်မှုတစ်ခု ကို အရင်ထုတ်ဖော်ခဲ့တယ်။ အခုလို ထုတ်ဖော်ပြီးမှ ဝယ်သူတွေကို ဝယ်ချင်အောင် မာကတ်တင်းလုပ်ကြတယ်။ ဆွဲဆောင်ကြတယ်။ ဆရာကြီးက အခုလို မစဉ်းစားဘဲ ဝယ်သူတွေ ဘာလိုချင်သလဲဆိုတာကို သိအောင် လုပ်ရ မယ်။ အခုလိုသိပြီးမှ ဝယ်သူ လိုချင်တာကို ထုတ်ဖော်ဖို့ လိုအပ်တယ်လို့ ရေးသားခဲ့တယ်။ လိုအပ်ချက်တွေကို သိရင် ထုတ်လုပ်တဲ့ပစ္စည်းဟာ အလိုလိုရောင်းနိုင်မှာ။

အမှန်တော့ ကျွန်တော်လည်း ဈေးသည်တစ်ယောက် ဖြစ်တယ်။ ပစ္စည်းရောင်းတဲ့ ဈေးသည်မဟုတ်ဘဲ အတွေး အခေါ်ကို ရောင်းသူဖြစ်တယ်။ ကျွန်တော့်ရဲ့ ဟောပြောမှု တွေ၊ အရေးအသားတွေကတစ်ဆင့် အတွေးအခေါ် အယူ အဆတွေကို ရောင်းနေခြင်းသာ ဖြစ်တယ်။ ဒါကြောင့် ဝယ်သူတွေကို သိနိုင်အောင် ကြိုးစားကြတယ်။ ပရိသတ် တွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်အောင် ကြိုးစား ရတယ်။ အခုလိုကြိုးစားရာမှာ ပရိသတ်တွေအတွက် အကျိုးရှိစေမယ့် အကြောင်းအရာတွေကို ပြင်ဆင်ပြီး တင်ပြရတယ်။

နိုင်ငံရေးလုပ်နေကြသူတွေ၊ အုပ်ချုပ်ရေးတာဝန်ယူသူ တွေဟာလည်း ဈေးသည်တွေ ဖြစ်တယ်။ ပြည်သူတွေ အကျိုးရှိမယ့် ဝန်ဆောင်မှုတွေကို ဖော်ထုတ်ရမှာ။ ကိုယ်ရောင်းတဲ့ပစ္စည်း လူကြိုက်များရင် ကိုယ့်အတွက် အကျိုးရှိမှာသာ ဖြစ်တယ်။ ရောင်းခြင်းအလုပ်က အမိန့်နဲ့ ဆောင်ရွက်လို့ မရပါဘူး။ ခိုင်းလို့မရဘူး။ လိုလိုချင်ချင် ဖြစ်လာအောင် ဆွဲဆောင်ရမှာ။ ဆရာကြီးရဲ့ အရေးအသား တွေဟာ လက်တွေ့ကျလှတယ်။ ဆွဲဆောင်မှုဟာ အလွန် အရေးကြီးလှတယ်။ အခုလို ဆွဲဆောင်နိုင်ဖို့ ယုံကြည်မှု တည်ဆောက်ရမှာ။ ရောင်းတဲ့အခါမှာ အတုအပတွေ ရောင်းလို့မရဘူး။ စစ်မှန်တဲ့ အရည်အသွေးပြည့်ဝမှ အဆင်ပြေမှာဖြစ်တယ်။ ရောင်းဝယ်မှုပညာကို လူတိုင်း စိတ်ဝင်စားစေချင်တယ်။ ဆရာကြီးရဲ့ အရေးအသားတွေနဲ့ အကျွမ်းတဝင် ရှိစေချင်တယ်။

ကုန်ပစ္စည်းမှာ အမှတ်တံဆိပ်ဟာအရေးကြီး

လုပ်ငန်းအဖွဲ့အစည်းတွေမှာ၊ ကုမ္ပဏီတွေမှာ မာကတ်တင်းဌာနတွေ သီးခြားဖွင့်လှစ်ပြီး လှုပ်ရှားနေကြ တယ်။ အဓိပ္ပာယ်က ဒီဌာနက ရောင်းဝယ်မှုကို တာဝန် ယူနေတာ။ ကျန်တဲ့ဌာနတွေရဲ့ အလုပ်မဟုတ်ဘူးလို့ လွဲမှား ပြီးမြင်နေကြတယ်။ အမှန်တော့ ကုမ္ပဏီမှာ၊ အဖွဲ့အစည်း မှာ တာဝန်ယူနေကြသူတိုင်းဟာ ရောင်းဝယ်သူတွေ ဖြစ်ရ မှာ။ အခုလို စဉ်းစားမှ လုပ်ငန်းအောင်မြင်မှုရမှာ။

ဆရာကြီးရဲ့ အရေးအသားတွေမှာ ကုန်အမှတ်တံဆိပ် brand အကြောင်း မကြာခဏ ဖော်ထုတ်ခဲ့တယ်။ ကုန်ပစ္စည်းမှာ အမှတ်တံဆိပ်ဟာ အလွန်အရေးကြီးလှ တယ်။ ဆွဲဆောင်မှုရှိအောင် ကြိုးစားရမယ်။ ဝယ်သူတွေ မှတ်မိအောင် ဆောင်ရွက်ရမှာက ကုန်အမှတ်တံဆိပ်လို့ ပြောရမှာ။ ပစ္စည်းအတွက်၊ကုမ္ပဏီအတွက်သာမက ပုဂ္ဂိုလ် တစ်ဦးချင်းအတွက်လည်း အရေးပါလှပါတယ်။ ဒါကြောင့် Personal branding ကို လူတိုင်းသတိပြုဖို့လိုတယ်။ မိမိရဲ့ brand ကို သတိထားပြီး ပြုစုစောင့်ရှောက်ရမယ်။ နိုင်ငံ တစ်နိုင်ငံအတွက်လည်း Nation branding ဟာ အလွန် အရေးကြီးလှတယ်။ မြန်မာပြည်ဆိုတာလည်း brand တစ်ခုပဲဖြစ်တယ်။ မြန်မာလို့ပြောရင် လူတွေက ဘာတွေ စဉ်းစားကြသလဲ။ ဘာတွေ မှတ်ချက်ပေးကြသလဲ။ မိမိ နိုင်ငံရဲ့ နိုင်ငံတကာမှာရှိတဲ့ပုံရိပ်ကို ဖော်ထုတ်နိုင်ဖို့ အလွန် အရေးကြီးလှတယ်။ မျက်မှောက်ခေတ် စိန်ခေါ်မှုမျိုးစုံနဲ့ ရင်ဆိုင်နေရချိန်မှာ ပိုပြီးအရေးပါလှပါတယ်။ ။

 

မြန်မာ့အလင်း