ကပ်ရောဂါတစ်ခုဖြစ်လာနိုင်တဲ့ တုပ်ကွေးဗိုင်းရပ်စ်အသစ်

mdn

ကလျာမိုးမြင့် - ရေးသားသည်

 

တရုတ်နိုင်ငံမှာ မွေးမြူထားတဲ့ဝက်တွေမှာ တုပ်ကွေး ရောဂါအမျိုးအစားသစ်တစ်ခု ကူးစက်ဖြစ်နေတာကို ဆေးပညာရှင်တွေက တွေ့ရှိခဲ့ရပြီးနောက် အဲဒီတုပ်ကွေးရောဂါဟာကပ်ရောဂါတစ်ခုဖြစ်လာနိုင်တဲ့ အလားအလာ ရှိကြောင်း သတိပေးခဲ့ပါတယ်။ မကြာသေးခင်ကမှ ဝက်တွေဆီမှာ ဒီရောဂါဖြစ်နေမှန်း သိရတာဆိုပေမယ့် လူတွေကို ရောဂါကူးစက်နိုင်တယ်လို့ ကျွမ်းကျင်သူတွေကပြောပါတယ်။

 

သန္ဓေပြောင်းနိုင်

 

ဝက်တွေမှာတွေ့ရတဲ့အဲဒီတုပ်ကွေးဗိုင်းရပ်စ်အသစ်ဟာ သန္ဓေပြောင်းနိုင်တဲ့အတွက် ဝက်တွေဆီကနေ တစ်ဆင့် လူကို ကူးစက်ပြီးတဲ့နောက်မှာ လူတစ်ဦးကနေ တစ်ဦးဆီကို အလွယ်တကူ ကူးစက်သွားပြီး ကပ်ရောဂါအဖြစ်နဲ့ ကမ္ဘာတစ်ဝန်း ပျံ့နှံ့ရောက်ရှိသွားမှာကို စိုးရိမ် ပူပန်မိတယ်လို့ သုတေသနပြု လေ့လာသူတွေက ဆိုပါတယ်။

 

ဒီရောဂါက ချက်ချင်းလက်ငင်းကြီးတော့ ပြဿနာ တစ်ခုဖြစ်လာဦးမှာ မဟုတ်ပေမယ့် လူတွေကိုကူးစက် တွယ်ကပ်ပြီးနေနိုင်တဲ့ ထူးခြားလက္ခဏာတွေအားလုံး ဒီဗိုင်းရပ်စ်မှာရှိနေတဲ့အတွက် အနီးကပ်စောင့်ကြည့်ဖို့ လိုအပ်လိမ့်မယ်လို့ အကြံပြုထားပါတယ်။ ဒီဗိုင်းရပ်စ်က အမျိုးအစားသစ် တစ်ခုဖြစ်တဲ့အတွက် လူတွေမှာ ဗိုင်းရပ်စ်ကို ခုခံနိုင်စွမ်းနည်းပါးတာ ဒါမှမဟုတ် ခုခံနိုင် စွမ်းမရှိတာမျိုး ဖြစ်နိုင်တယ်လို့ သိရပါတယ်။

 

အနီးကပ်သတိထားစောင့်ကြည့်ဖို့လို

 

ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး ကနဦးတွေ့ရှိမှု သုံးသပ်ချက်တွေကို Proceedings of the National Academy Sciences ဂျာနယ်မှာ ဆေးပညာရှင်တွေက ရေးသား ဖော်ပြထားပါတယ်။ ဝက်တွေမှာတွေ့ရတဲ့ ဗိုင်းရပ်စ် အမျိုးအစသစ်ကို ထိန်းချုပ်နိုင်မယ့် စီမံဆောင်ရွက် ချက်တွေ ချမှတ်ဖို့လိုအပ်ပြီး ဝက်တွေကို အဓိကကိုင်တွယ် ထိတွေ့နေရတဲ့ မွေးမြူရေးလုပ်သားတွေကို အနီးကပ် သတိထားစောင့်ကြည့်ဖို့ မြန်မြန်ဆန်ဆန်အကောင်အထည် ဖော်သင့်တယ် လို့ ဆေးပညာရှင်တွေက အကြံပြုထားတဲ့ သုံးသပ်ချက်တွေကို ဖော်ပြထားပါတယ်။

 

ကမ္ဘာတစ်ဝန်းမှာ လက်ရှိကူးစက်ပျံ့နှံ့နေတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကို အဆုံးသတ်နိုင်ဖို့ နိုင်ငံတကာက အသည်း အသန်လုံးပန်းနေရချိန် ယခုတစ်ဖန်ဝက်တွေဆီမှာ ထပ်မံတွေ့ရတဲ့ တုပ်ကွေးဗိုင်းရပ်စ်အသစ်ဟာ ကျွမ်းကျင်သူ ပညာရှင်တွေက သတိထားစောင့်ကြည့်နေရတဲ့ အမြင့်ဆုံးခြိမ်းခြောက်မှု အန္တရာယ်တွေထဲမှာ တစ်ခုအပါဝင် ဖြစ်လာ လျက်ရှိပါတယ်။

 

ခံနိုင်ရည်ရှိ

 

၂၀၀၉ခုနှစ်မှာ ကမ္ဘာတစ်ဝန်းလုံးက တွေ့ကြုံရင်ဆိုင် ခဲ့ရတဲ့ အာဖရိကဝက်အပြင်းဖျားရောဂါဟာ နောက်ဆုံး ဖြစ်ပွားခဲ့တဲ့ကပ်ရောဂါဖြစ်ပြီး စိုးရိမ်ခဲ့ရတဲ့အခြေအနေထက် အသေအပျောက်နည်းခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ အာဖရိကဝက်အပြင်းဖျားရောဂါဟာ ယခင်နှစ်တွေမှာ မကြာခဏဖြစ်ပွားခဲ့တဲ့ တခြားသော တုပ်ကွေးဗိုင်းရပ်စ်တွေနဲ့ ဆင်တူတဲ့အတွက်ကြောင့် လူကြီးတွေမှာ ဒီဗိုင်းရပ်စ် ကိုခံနိုင်ရည်ရှိနေကြလို့ပါပဲ။

 

AH1N1 pdm 09 လို့ အမည်ပေးထားတဲ့ အဲဒီဗိုင်းရပ်စ် အန္တရာယ်ကနေ လူတွေကို သေချာကာကွယ်ပြီးသား ဖြစ်အောင် နှစ်စဉ်ပုံမှန်ပေးနေကျ တုပ်ကွေးရောဂါကာကွယ် ဆေးတွေကို ယခုဖြန့်ဝေထားပြီဖြစ်ပါတယ်။

 

ပြောင်းလဲမှုရှိလာ

 

တရုတ်နိုင်ငံမှာ ယခုထပ်မံတွေ့ရှိရတဲ့ တုပ်ကွေး ဗိုင်းရပ်စ်အသစ်ဟာ၂၀၀၉ခုနှစ်ကထွက်ပေါ်ခဲ့တဲ့ အာဖရိက ဝက်အပြင်းဖျားရောဂါကို သယ်ဆောင်တဲ့ ဗိုင်းရပ်စ်နဲ့ ဆင်တူပေမယ့် ပြောင်းလဲမှုတချို့ ရှိလာတယ်လို့ သိရပါ တယ်။ လောလောဆယ်မှာတော့ ဒီဗိုင်းရပ်စ်က ကြီးကြီး မားမားခြိမ်းခြောက်မှု ဖြစ်မလာသေးဘူး။ ဒါပေမယ့် စိတ်ချ ရတဲ့အနေအထားလည်း မဟုတ်တဲ့အတွက် မျက်ခြည် မပြတ်စောင့်ကြည့်ရမယ့် အရာတစ်ခုဖြစ်တယ်လို့ ပါမောက္ခ ကင်ချော်ချိန်နဲ့ လုပ်ဖော်ကိုင်ဖက်တွေက အလေးအနက် ပြောကြားခဲ့ပါတယ်။

 

 အသက်ရှူလမ်းကြောင်းထဲမှာ ပေါက်ဖွားနိုင်

 

ဆေးပညာရှင်တွေက GAEA HINI လို့အမည်ပေး ထားတဲ့ တုပ်ကွေးဗိုင်းရပ်စ်ဟာ လူရဲ့ အသက်ရှူ | လမ်းကြောင်းမှာရှိတဲ့ ဆဲလ်တွေထဲမှာ ပေါက်ဖွားကြီးထွား နိုင်ပြီး ဆပွားနိုင်တယ်လို့ ဆိုပါတယ်။ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၈ခုနှစ်အထိ အချက်အလက်တွေကို ကြည့်လိုက်တဲ့အခါ မကြာသေးခင်က တရုတ်နိုင်ငံရှိ သားသတ်ရုံတွေနဲ့ ဝက်  မွေးမြူရေးခြံတွေမှာ အလုပ်လုပ်ကိုင်နေကြတဲ့သူတွေ ရောဂါကူးစက်ခံခဲ့ရတဲ့ သက်သေအထောက်အထား တွေကို လေ့လာသူတွေ တွေ့ရှိခဲ့ပါတယ်။

 

လက်ရှိပေးနေတဲ့ တုပ်ကွေးကာကွယ်ဆေးက အခုပေါ်လာတဲ့ ဗိုင်းရပ်စ်အသစ်ကို ကာကွယ်နိုင်မယ့်ပုံ မပေါ်ဘူးလို့လည်း ဆိုပါတယ်။ လက်ရှိမှာ ကျွန်ုပ်တို့ဟာ  ကိုဗစ်- ၁၉ ဗိုင်းရပ်စ်ကြောင့် စိတ်ရှုပ်ထွေးနေရတာ မှန်ပေမယ့် ဖြစ်လာနိုင်တဲ့ဗိုင်းရပ်စ်အသစ်တွေရဲ့ အန္တရာယ် ကိုလည်း သတိလက်လွတ်ခံလို့မရဘူးလို့ ဗြိတိန်နိုင်ငံ  နော်တင်ဟမ်တက္ကသိုလ်မှာ လုပ်ငန်းဆောင်ရွက်နေတဲ့  ပါမောက္ခ ကင်ချော်ချန်က သတိပေးခဲ့ပါတယ်။

 

ပုံသေပြောင်းလဲနေ

 

သီအိုရီအရဆိုရင် တုပ်ကွေးရောဂါကူးစက်မှုဟာ အချိန်မရွေးဖြစ်ပွားနိုင်ပေမယ့် အခုအချိန်အထိကတော့ အဖြစ် မများသေးဘူးလို့ ဆိုရမှာပါ။ ဗိုင်းရပ်အမျိုးအစား သစ်တစ်ခု ထွက်ပေါ်လာတဲ့အခါ အဲဒီဗိုင်းရပ်စ်က လူတစ်ဦး ကနေ တစ်ဦးဆီ အလွယ်တကူ ကူးစက်ပျံ့နှံ့ နိုင်တဲ့အခြေအနေရောက်သွားပြီဆိုရင် ဒါဟာ ကပ်ရောဂါ တစ်ခုဖြစ်နေပြီလို့ ဖော်ပြလိုက်တာပါပဲ။ တုပ်ကွေး ဗိုင်းရပ်စ်တွေဟာ ပုံသေပြောင်းလဲနေကြတဲ့အတွက် တုပ်ကွေးရောဂါကာကွယ်ဆေးကိုလည်း ပုံမှန်ပြောင်းလဲပေးဖို့ လိုအပ်လာပြီး ဒီဗိုင်းရပ်စ်တွေဟာ များသောအား ဖြင့် ကပ်ရောဂါအဖြစ် ရောက်ရှိလာလေ့မရှိတတ်ပါဘူး။

 

ကမ္ဘာတစ်ဝန်းကို ဒုက္ခပေးနေ

 

ဒါပေမယ့် လက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ဗိုင်းရပ်စ် စတင်ဖြစ်ပွားမှုကို ပြန်ကြည့်လိုက်မယ်ဆိုရင် တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ဒီရောဂါစတင်ပေါက်ဖွားချိန်က တိရစ္ဆာန်တွေ မှာသယ်ဆောင်လာတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ် လူကိုကူးစက်ခံရခြင်းဖြစ်တယ်ဆိုပြီး အစပိုင်း မှာ ဆေးပညာရှင်တွေက သုံးသပ်ခဲ့ကြပါတယ်။ နောက်တော့ ဗိုင်းရပ်စ်က လူအချင်းချင်းကူးစက်နိုင်တယ် ဆိုတာကို သိရှိရတဲ့အချိန်မှာ မြန်မြန်ဆန်ဆန်နဲ့ ကျယ်ကျယ်ပြန့်ပြန့် ကူးစက်ပျံ့နှံ့သွားခဲ့ပြီဖြစ်ပြီး အခုဆိုရင် ကိုဗစ်-၁၉ ကပ်ရောဂါဆိုတဲ့ အမည်ဆိုးကြီးနဲ့ ကမ္ဘာတစ်ဝန်းကို အကြီးအကျယ်ဒုက္ခပေးနေပြီ ဖြစ်ပါတယ်။

 

သတိရှိဖို့လို

 

ဒါကြောင့် အပ်နဲ့ထွင်းရမယ့်အရာကို ပုဆိန်နဲ့ထွင်းရတဲ့ အခြေအနေမျိုး မရောက်ရလေအောင် ဆေးပညာရှင် တွေက ဝက်တွေမှာလတ်တလောတွေ့ရတဲ့ တုပ်ကွေးဗိုင်းရပ်စ် အမျိုးအစားသစ်ကို သေချာစောင့်ကြည့်ဖို့နဲ့ လိုအပ်တဲ့အစီအမံတွေကို အခုကတည်း က ချမှတ်ဆောင်ရွက်ဖို့ အကြံပြုတိုက်တွန်းနေပါတယ်။ တစ်ဖက်မှာ ကိုဗစ်- ၁၉ ကို တွန်းလှန်ရင်ဆိုင်နေရချိန်  အခြားတစ်ဖက်က ဝင်လာနိုင်တဲ့ ရောဂါဘယတွေရဲ့ အန္တရာယ်တွေ ကိုလည်း သတိရှိစွာနဲ့ ကြိုတင်တွက်ဆ ထားဖို့ လိုအပ်မှာဖြစ်ပါတယ်။ ။

 

ကိုးကား- ဘီဘီစီ