ကပ်ရောဂါတုံ့ပြန်ဆောင်ရွက်ရေးမှာ ပါဝင်ကူညီမယ့် ကင်းလှည့်စက်ရုပ်

ကလျာမိုးမြင့်

 

စင်ကာပူနိုင်ငံမှာ ကပ်ရောဂါအခြေအနေကို ထိန်းချုပ်နိုင်ဖို့အတွက် ဒေသခံပြည်သူတွေ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာ နေထိုင်ခြင်းကို လိုက်နာကျင့်သုံးစေမယ့် နည်းလမ်းသစ်တွေကို အစိုးရက ကြိုးစားလုပ်ဆောင်နေတာ တွေ့ရပါတယ်။

 

ကင်းလှည့်နေတဲ့စက်ရုပ်

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာပဲ အစိုးရက boston Dynamic ရဲ့ အဝါနဲ့အနက်ရောင်ပါရှိတဲ့ ခွေးပုံသဏ္ဌာန် ဖန်တီးထုတ်လုပ် ထားတဲ့ စက်ရုပ်တွေကိုဒေသရှိ ပန်းခြံတစ်ခြံမှာ စတင်ချထားလိုက်ပြီဖြစ်ကြောင်းကို ကြေညာခဲ့ပါတယ်။ ခြေလေးချောင်း ရှိတဲ့ စက်ရုပ်ခွေးတစ်ကောင်ဟာ ဒီရက်ပိုင်းအတွင်းမှာ အဆိုပါပန်းခြံ ဧရိယာတစ်ဝိုက် ကင်းလှည့်နေခဲ့ပြီး တစ်ယောက်နဲ့ တစ်ယောက် ခပ်ခွာခွာနေကြဖို့ အရေးကြီးတယ်ဆိုတဲ့အကြောင်း အသံသွင်းထားတဲ့ အသိပေးစကားသံကို ထုတ်လွှင့် နေခဲ့ပါတယ်။

 

စက်ရုပ်ခွေးလို့ခေါ်နိုင်တဲ့ အဲဒီကိရိယာမှာ ကင်မရာတွေလည်း တပ်ဆင်ထားပြီး ဒီကင်မရာတွေက အနီးအနား ပတ်ဝန်းကျင်မှာရှိနေတဲ့ အရာတွေကို စောင့်ကြည့်စစ်ဆေးနိုင်ပြီး ပန်းခြံထဲမှာ လူဘယ်နှယောက်စုဝေးနေ တယ်ဆိုတာ ကို တာဝန်ရှိသူတွေက ခန့်မှန်းတွက်ချက်နိုင်စေဖို့ အကူအညီပေးတယ်လို့ သိရပါတယ်။

 

စဉ်းစားကြံဆ

စက်ရုပ်မှာတပ်ထားတဲ့ ကင်မရာတွေဟာ သီးခြားစီ သို့မဟုတ် တစ်ယောက်တည်းရှိနေတဲ့သူတွေကို ခြေရာခံမှတ်သား နိုင်ခြင်းမရှိသလို အဲဒီလူရဲ့ ပုဂ္ဂိုလ်နဲ့သက်ဆိုင်တဲ့ ဘယ်အချက်အလက်ကိုမှ ကောက်ယူသိမ်းဆည်းခြင်းမပြုဘူးလို့ အစိုးရက စောင့်ကြည့်စက်ရုပ်တွေနဲ့ ပတ်သက်ပြီး ရှင်းပြထားပါတယ်။

 

စင်ကာပူနိုင်ငံဟာ အရှေ့တောင်အာရှဒေသမှာ ကိုဗစ်-၁၉ ကူးစက်ခံရမှု အမြင့်ဆုံးနိုင်ငံ တစ်နိုင်ငံဖြစ်နေသလို မကြာသေးခင် အချိန်လေးအတွင်းမှာတင် တစ်နိုင်ငံလုံး ရောဂါကူးစက်မှုနှုန်းကလည်း တစ်ဟုန်ထိုးမြင့်တက် လာခဲ့တာကြောင့် အစိုးရက ရောဂါကူးစက်မှုအခြေအနေကို ထိန်းချုပ်နိုင်မယ့်နည်းတွေကို အမျိုးမျိုးစဉ်းစားကြံဆ ခဲ့ရပါတယ်။

 

စည်းကမ်းလိုက်နာစေမည်

လူအများနဲ့ ရောနှောဆက်ဆံခြင်းမှ ရှောင်ရှားခြင်း(သို့မဟုတ်) တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေထိုင်ခြင်းကို မလိုက်နာသူ တွေရှိရင် အဲဒီလူတွေကို မဖြစ်မနေ စည်းကမ်းလိုက်နာစေဖို့အတွက် ဒီနည်းကို ထုတ်ဖော်စမ်းသပ်နေတာ ဖြစ်တယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။

 

ခွေးပုံသဏ္ဌာန် စောင့်ကြည့်စက်ရုပ်ကို အသုံးပြုလုပ်ဆောင်သွားမယ့် ပိုင်းလော့ပရောဂျက်အစီအစဉ်ကို လက်ရှိမှာ ပန်းခြံတစ်ခုမှာ ရက်သတ္တပတ်နှစ်ပတ်ကြာတဲ့အထိ အချိန်အကန့်အသတ်နဲ့ ဆောင်ရွက်နေတယ်လို့ သိရပြီး ဒီအစီအစဉ်နဲ့ ကောင်းကောင်းအလုပ်ဖြစ်တယ်ဆိုရင် အစီအစဉ်ကို ထပ်တိုးလုပ်ဆောင်ဖို့ အာဏာပိုင်တွေက ထပ်ပြီးစဉ်းစားသွားမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

 

တစ်ကျော့ပြန်ဖြစ်ပွား

စင်ကာပူနိုင်ငံဟာ ကိုဗစ် - ၁၉ ကူးစက်မှုကို တုံ့ပြန် ဆောင်ရွက်မှုတွေ ကျကျနန လုပ်ဆောင်ခဲ့ပြီးပြီလို့ ကြွေးကြော်ခဲ့တဲ့ နိုင်ငံတွေထဲမှာ ပါဝင်လာတာ ဘယ်လောက်မှ မကြာသေးလိုက်ခင်မှာပဲ ကိုဗစ်-၁၉ ဒုတိယလှိုင်းလို့ ဆိုရမယ့် ရောဂါကူးစက်မှု နောက်တစ်ကျော့ ပြန်လည်ဖြစ်ပွားခြင်းကို ရင်ဆိုင်နေရပြန်ပါတယ်။ အစိုးရက ဗိုင်းရပ်စ်ပိုးစစ်ဆေးဖို့ လွတ်သွားတယ်လို့ ယူဆရတဲ့ လူတွေလည်း အစုလိုက်ပိုများလာခဲ့ပြီး နေ့စဉ်ကူးစက်မှုနှုန်းကလည်း မြန်မြန်ဆန်ဆန် ထိုးတက်ခဲ့ပါတယ်။

 

ပြီးခဲ့တဲ့မတ်လ ၁၇ ရက်ကစပြီး စင်ကာပူရဲ့ ရောဂါကူးစက်ခံရတဲ့ အတည်ပြုလူနာ အရေအတွက်ဟာ ၂၆၆ ဦးကနေ၂၁၇၀၇ ဦးအထိ တိုးပွားလာခဲ့တယ်လို့ ဂျွန်ဟော့ ကင်းတက္ကသိုလ်က ကောက်ယူထားတဲ့ အချက်အလက် တွေမှာ ဖော်ပြနေပါတယ်။ ပြည်သူလူထုအတွင်းမှာ ရောဂါကူးစက်မှုအခြေအနေ ပိုဆိုးလာတဲ့အတွက် အစိုးရက တုံ့ပြန်ဆောင်ရွက်ရမယ့် နည်းပညာရပ်တွေကို ပိုမိုရယူ နိုင်ဖို့ ကြိုးပမ်းလျက်ရှိပါတယ်။

 

ခြေရာခံဆော့ဖ်ဝဲဖန်တီး

ပြီးခဲ့တဲ့မတ်လအတွင်း စင်ကာပူမှာ ဗိုင်းရပ်စ်ပိုးကူးစက်ခံထားရတဲ့သူ တစ်ယောက်ယောက်နဲ့ နီးနီးကပ်ကပ် ထိတွေ့မှုရှိခဲ့ကြောင်း သိရှိနိုင်စေမယ့် ဘလူးတု အသုံးပြုခြေရာခံ ဆော့ဖ်ဝဲတစ်ခုကို တစ်နိုင်ငံလုံးအသုံးပြုနိုင်ဖို့ ဖန်တီးခဲ့ပါတယ်။ အခုအသုံးပြုနေတဲ့ စောင့်ကြည့်စက်ရုပ်ဟာ တခြားလုပ်ဆောင်နိုင်တဲ့ စွမ်းရည်တစ်ခုလည်းရှိပြီး ဒေသဆိုင်ရာ သီးခြားကန့်သတ်စောင့်ကြည့်မှု ဆောင်ရွက်တဲ့ အဆောက်အအုံတစ်ခုမှာဆိုရင် လူနာတွေဆီ ဆေးဝါးတွေ သယ်ဆောင်လာပေးဖို့လည်း အကူအညီပေးတယ်လို့ အစိုးရကဖော်ပြပါတယ်။

 

လွန်ခဲ့တဲ့နှစ်အနည်းငယ်အကြာတုန်းက အွန်လိုင်းဗီဒီယိုတွေမှာ ပျံ့နှံ့ခဲ့ပြီး စိတ်ဝင်တစားဖြစ်ခဲ့ကြတဲ့ တောင်ပေါ်တက်နိုင်၊ လှေကားပေါ်တက်နိုင်တဲ့အပြင် ယုတ်စွအဆုံး သင်သောက်ဖို့ အအေးခွက်ကိုတောင် ယူလာပေးနိုင်တယ်ဆိုတာကို ပြသခဲ့တဲ့စက်ရုပ်တွေကို အများအားဖြင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေ၊ တူညီတဲ့အလုပ်တွေကို ထပ်ကာတလဲလဲ လုပ်ကိုင်ရတဲ့ ကားတပ်ဆင်စက်ရုံလို နေရာမျိုးတွေမှာ စောင့်ကြည့်ထောက်လှမ်းမှုတွေ လုပ်ဆောင်ဖို့အတွက် အသုံးပြုခဲ့ကြ တယ်လို့ ဘော့စတွန် ဒိုင်နမစ်ကုမ္ပဏီက ပြောပါတယ်။

 

အများပြည်သူဘေးကင်းလုံခြုံစေဖို့

ပြီးတော့ ဒီစက်ရုပ်တွေကို အများပြည်သူဘေးကင်း လုံခြုံစေရေးကိုအဓိကထားတဲ့ အကြောင်းပြချက်တွေနဲ့လည်း ချထားခဲ့ကြပါတယ်။ သာဓကပြရရင် ခပ်ဝေးဝေးကနေ အန္တရာယ်ရှိတယ်လို့ ယူဆရတဲ့ သံသယရှိ ထုပ်ပိုးပစ္စည်းတွေကို စက်ရုပ်အသုံးပြုပြီး စစ်ဆေးထောက်လှမ်းမှု ပြုလုပ်တာမျိုးပါ။

 

အန္တရာယ်ရှိတဲ့ ပါဆယ်တစ်ခုဖြစ်နေခဲ့မယ်ဆိုရင်တောင် စက်ရုပ်ကို အသုံးပြုလိုက်တဲ့အတွက် လူတွေမှာ ထိခိုက်မှု မရှိနိုင်တော့ပါဘူး။ စက်ရုပ်ရဲ့ လျင်မြန် သွက်လက်မှုအတွက် မော်ဒယ်မြှင့်ထားတယ်လို့ စင်ကာပူအစိုးရက ပြောပါတယ်။

 

ကွဲပြားခြားနားချက်

ဘီးတပ်ထားတဲ့စက်ရုပ်တွေနဲ့ ကွဲပြားခြားနားတဲ့ အချက်ကတော့ Spot လို့ခေါ်တဲ့ စက်ရုပ်တွေက မြေပြင်အနေအထား အမျိုးမျိုးကို ဖြတ်ကျော်သွားလာပြီး အလုပ်လုပ်နိုင်သလို အနှောင့်အယှက် အတားအဆီးတွေကိုလည်း ကောင်းစွာ ဖယ်ရှားသွားလာနိုင်တဲ့အတွက် အများပြည်သူရှိရာ ပန်းခြံတွေနဲ့ ဥယျာဉ်စိုက်ခင်းတွေမှာ စောင့်ကြည့်လုပ်ငန်းတွေ ဆောင်ရွက်ဖို့ အကောင်းဆုံး စက်ရုပ်တွေ ဖြစ်လာစေတယ်လို့ သိရပါတယ်။

 

လူတွေကိုယ်တိုင် မလုပ်ဆောင်နိုင်တဲ့ တချို့အရာတွေမှာ နည်းပညာအကူအညီတွေ ရယူခြင်းက တစ်ခါတစ်ရံမှာ သိသာထင်ရှားတဲ့ အကျိုးကျေးဇူးတွေ ဖြစ်ထွန်းစေပါတယ်။ လက်ရှိမှာတော့ စောင့်ကြည့်စက်ရုပ်တစ်ရုပ်နဲ့အတူ အနည်းဆုံး ပန်းခြံစောင့်တစ်ဦးက ကင်းလှည့်သွားမှာ ဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။   ။

ကိုးကား-စီအင်န်အင်န်