ကရင်ပြည်နယ် ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း ယာယီရုံးခန်းဖွင့်လှစ်

ဘားအံ  ၇    နိုဝင်ဘာ 

 

ကရင်ပြည်နယ် ရင်ခွင်မဲ့ကလေးများ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း ၏ ယာယီရုံးခန်း ဖွင့်လှစ်ခြင်းကို ယနေ့ မွန်းလွဲပိုင်းက ဘားအံမြို့ အမှတ်(၄)ရပ်ကွက် ခေမာ လမ်းရှိ အဆိုပါ ယာယီရုံးခန်း၌ ကျင်းပသည်။

 

ရုံးခန်း ဖွင့်လှစ်ခြင်းနှင့် စပ်လျဉ်း၍ ကရင်ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာ တင်ဝင်းကျော်နှင့် ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှူး ဦးဇော်မင်းတို့က အသင်း၏ လုပ်ငန်းစဉ်များနှင့် ယာယီရုံးခန်း ဖွင့်လှစ်မှုကို ရှင်းလင်းပြောကြားကြပြီး ရုံးခန်းကို ဖွင့်လှစ်ပေးသည်။

 

"နိုင်ငံရဲ့ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုနဲ့အတူ လူမှုရေး စံနှုန်းတွေကလည်း အချို့နေရာ တွေမှာ ပြောင်းလဲလာပါတယ်။ ပြောင်းလဲမှုနဲ့အတူ လူငယ်တွေရဲ့ တန်ဖိုးထားမှုတွေကပါ လျော့နည်းလာပြီး မလိုချင်ဘဲနဲ့ရရှိလာတဲ့ ကလေးတွေကို စွန့်ပစ်ကြပါတယ်။ ဒါတွေကို လျှော့ချ နိုင်ဖို့နဲ့ မဖြစ်လာအောင် ကာကွယ်ဖို့အတွက် ရည်ရွယ်ပြီး အသင်းကို ဖွဲ့စည်းရခြင်း ဖြစ်ပါတယ်" ဟု ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှူး ဦးဇော်မင်းက ပြောသည်။

 

ကရင်ပြည်နယ်ရှိ မြို့နယ် ၇ မြို့နယ်တွင် အသင်းကို ဖွဲ့စည်းပြီးဖြစ်၍ ပညာပေးခြင်းနှင့် ကူညီဆောင်ရွက်မှု လုပ်ငန်းများအား မိတ်ဖက်အဖွဲ့အစည်းများနှင့် ကျယ်ကျယ်ပြန့်ပြန့် ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ကရင်ပြည်နယ် ရင်ခွင်မဲ့ကလေးများ လျှော့ချရေးနှင့် ကာကွယ်စောင့် ရှောက်ရေးအသင်းမှ သိရသည်။

 

ထိန်လင်းအောင်(ပြန်/ဆက်)

 

SHARE THIS ON SOCIAL MEDIA