ကရင်ပြည်နယ်အတွင်း မျှော်မှန်းလူဦးရေ ကိုးသိန်းခုနှစ်သောင်းကျော်ကို ဆင်ခြေထောက်ရောဂါကင်းဝေးရေး သန်ချဆေးပေါင်းတိုက်ကျွေးမည်

ဘားအံ  ၁၇  ဇန်နဝါရီ 

 

ကရင်ပြည်နယ်အတွင်း (၂)နှစ်အောက်ကလေငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ ရောဂါတစ်ခုခုကိုပြင်းထန်စွာ ခံစားနေရသူများနှင့် အရက်အလွန်အကျွံသောက်နေသူများမှလွှဲ၍ မျှော်မှန်းလူဦးရေ ၉၇၅၃၄၀ ကို ဆင်ခြေထောက် ရောဂါကင်းဝေးရေးစီမံချက်ဖြင့် သံချဆေးပေါင်းတိုက်ကျွေးသွားမည်ဖြစ်ကြောင်း ဇန်နဝါရီလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီအချိန် ဘားအံမြို့၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် ၂၀၁၈ ခုနှစ် အတွက် ဆင်ခြေထောက်ရောဂါကင်းဝေးရေး လူအားလုံးဆေးကျွေးခြင်းလုပ်ငန်း ပြည်နယ်အဆင့်အသိပေးဆွေးနွေးပွဲ အခမ်းအနားမှသိရသည်။

 

558

 

အခမ်းအနားတွင် ပြည်နယ်လူမှုရေးဒေါက်တာတင်ဝင်းကျော်က အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဇော်လင်းက ဆင်ခြေထောက်ရောဂါကင်းဝေးရေး လူအားလုံးဆေးကျွေးခြင်းလုပ်ငန်း အကြောင်းကို ရှင်းလင်းပြောကြားကာ ပြည်နယ်ငှက်ဖျားတိုက်ဖျက်ရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူးဒေါက်တာ မင်းမျိုးကြည်က ဆင်ခြေထောက်ရောဂါအကြောင်း ရှင်းလင်းပြောကြားသည်။

 

ဆင်ခြေထောက်ရောဂါသည် လတ်တလော သေစေနိုင်သောရောဂါမဟုတ်သော်လည်း ခြေလက်အင်္ဂါပုံသဏ္ဍန် ပျက်ယွင်းခြင်းကြောင့် လူမှုရေး၊စီးပွားရေး ထိခိုက်နစ်နာဆုံးရှုံးမှုရှိသည့်ရောဂါဖြစ်ရာ ကရင်ပြည်နယ်အတွင်း ဇန်နဝါရီလ ၂၂ ရက်နေ့မှ ၃၁ ရက်နေ့ထိ ကျန်းမာရေးဝန်ထမ်းများကိုအခြေခံပြီး သင်တန်းပေးထားသည့် စေတနာ့ဝန်ထမ်း ဆေးတိုက်အဖွဲ့များက မြို့နယ်အသီးသီးရှိ ရပ်ကွက်၊ ကျေးရွာများတွင် သံချဆေးပေါင်းလိုက်လံတိုက်ကျွေးသွားမည် ဖြစ်သည်။

 

သွားလာရခက်ခဲသော ဝေးလံသည့်အရပ်ဒေသများနှင့် တိုင်းရင်းသားလက်နက်ကိုင်ဒေသများတွင် ဆင်ခြေ ထောက်ရောဂါကာကွယ်ဆေးတိုက်ကျွေးနိုင်ရေးနှင့်ပတ်သက်ပြီး KNU ကရင်ကျန်းမာရေး နှင့် ကယ်ဆယ်ရေးဌာနမှ ဒေါက်တာမာတာက ကျွန်တော်တို့ဆီမှာလည်း ပြည်သူ့ကျန်းမာရေးဌာနလို အဆင့်ဆင့်ဖွဲ့စည်းထားတာရှိတယ်၊ တာဝန် ခံတွေရှိတယ်၊ ရွာတိုင်းမှာကျွန်တော်တို့ဝန်ထမ်းတွေရှိတဲ့အတွက် သူတို့ကိုဖြန့်ဝေပေးပြီးတော့ ဆေးတိုက်ပါတယ်၊ ဆင်ခြေထောက်ရောဂါပပျောက်ရေးညွှန်ကြားချက်ရှိတဲ့အတိုင်း ကျွန်တော်တို့ လိုက်လုပ်ပါတယ် ဟု ပြောသည်။

 

လူအားလုံးဆေးတိုက်ကျွေးနိုင်ရေးအတွက် ကျန်းမာရေးဝန်ထမ်းများသာမကသက်ဆိုင်ရာလူမှုအဖွဲ့အစည်းများ နှင့် ပြည်သူလူထုပူပေါင်းပါဝင်မှသာ ဆေးတိုက်လုပ်ငန်းစဉ် အောင်မြင်နိုင်မည်ဖြစ်သည့်အတွက် အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တိုက်တွန်းနိုးဆော်ထားကြောင်း သတင်းရရှိသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)