ကရင်ပြည်နယ်နေ့ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

ဘားအံ  ၂၀ စက်တင်ဘာ 

 

နှစ်စဉ်ကျင်းပမြဲဖြစ်သော ကရင်တိုင်းရင်းသားတို့၏ ပွဲတော်တစ်ခုဖြစ်သည့် (၆၃)နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ်ပွဲတော်ကို ရိုးရာမပျက် အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ စနစ်တကျ ကျင်းပနိုင်ရေး အတွက် ဆိုင်ခန်းများနေရာချထားရေးနှင့် ရန်ပုံငွေရှာဖွေရေး အထောက်အကူပြု လုပ်ငန်းကော်မတီ၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

 

 

ယခုနှစ်ကျင်းပမည့် ကရင်ပြည်နယ်နေ့ပွဲတော်တွင်  ပွဲတော်လာပြည်သူများအတွက် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် ဝန်ထုပ်ဝန်ပိုးမဖြစ်ပေါ်စေရေးနှင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရေးအတွက် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဆိုင်းခန်းနေရာချထားပေးသွားမည်ဖြစ်ပြီး ဈေးရောင်းပွဲတော်(ကုန်စည်ပြပွဲ)နှင့် ဈေးဆိုင်ခန်းများအတွက် လုပ်ငန်းရှင်တစ်ဦးတည်းကိုသာ ဆောင်ရွက်ခွင့်ပြုမည်ဖြစ်ကြောင်း၊ တင်ဒါချထားပေးရာတွင် ဒေသတွင်းနေထိုင်သူ၊ အတွေ့အကြုံရှိသူ (လုပ်ကိုင်ခွင့်ရပြီး ကိုယ်တိုင်လုပ်ကိုင်ခြင်းမရှိဘဲ ပြန်လည် လွှဲပြောင်းပေးခဲ့သူမဖြစ်စေရ) အား ဦးစားပေးမည်ဖြစ်ကြောင်း အဆိုပါ အစည်းအဝေးမှ သိရှိရသည်။

 

 

တင်ဒါလျှောက်ထားလိုသူများအနေဖြင့် စက်တင်ဘာလ ၃၀ ရက်နေ့ထိ ကရင်ပြည်နယ်နေ့ပွဲတော်ကျင်းပရေး ကော်မတီအတွင်းရေးမှူး၊ ပြည်နယ်ပြည်တွင်းအခွန်များဦးစီးဌာနမှူးရုံး ဘားအံမြို့တွင် လျှောက်လွှာများ လာရောက်ထုတ်ယူနိုင်ကြပြီး အောက်တိုဘာလ ၁ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် ဆိုင်ခန်းနေရာချထားပေး သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)