ကရင်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနား ပုသိမ်မြို့တွင် ကျင်းပမည်

ပုသိမ် ၁၃  သြဂုတ်

 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားလူမျိုးရေရာ ဝန်ကြီးဌာနက ကြီးမှူးကျင်းပသော ဝါခေါင်လ ကရင်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားကို သြဂုတ် ၁၅ ရက်နေ့တွင် မြို့တော်ခန်းမ၌ စည်းကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာသည် ကရင်လူမျိုးတို့ တန်ဖိုးထားသော အလွန်မွန်မြတ်သည့် ရိုးရာအမွေအနှစ်ဖြစ်သည့်အတွက် ပျောက်ပျက်မသွားစေရန် ဖော်ထုတ်ထိန်းသိမ်းရေး၊ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများကို အနာဂါတ် ကရင်မျိုးဆက်သစ်များအား လက်ဆင့်ကမ်း အမွေပေးရေးနှင့် ယဉ်ကျေးမှု အမွေအနှစ်များ၊ အမျိုးသားရေးစိတ်ဓာတ်များ တိုးတက်ရှင်သန်နိုးကြားစေရေး၊ ကရင်လူမျိုးတို့၏ ယဉ်ကျေးမှု နှင့် ရိုးရာဓလေ့များကို အခြားတိုင်းရင်းသားလူမျိုးများ ပိုမိုသိရှိစေပြီး လူမျိုးအချင်းချင်း ချစ်ခင်လေးစားမှုကို အပြန်အလှန်တည်ဆောက်ရေး စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပသွာမည်ဖြစ်ကြောင်း သိရသည်။

 

ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနား ပြုလုပ်ရာတွင် ပါဝင်သော အဆင်တန်ဆာများမှာ စကော၊ ယောက်မ၊ နုတ်ပန်းညှိ၊ ထမင်းသုပ်၊ ကောက်ညှင်းထုပ်၊ ကြံ၊ အုန်းသီး၊ ငှက်ပျောသီးနှင့် ချည်ဖြူတို့ဖြစ်သည်။

 

မောင်မောင်မြင့်(ပြန်/ဆက်)