ကရင်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနား ရန်ကုန်မြို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်

ရန်ကုန် ၁၁ သြဂုတ်

 

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့တို့မှ ဦးစီးကျင်းပသော ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာပြုပွဲအခမ်းအနားကို ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ MCC ခန်းမ၌ ဩဂုတ် ၂၈ ရက်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာနဝန်ကြီး ဒေါ်နော်ပန်းသဉ္ဇာမျိုးထံမှ သိရသည်။

 

“ရန်ကုန်တိုင်းဒေသကြီးမှာ ချည်ဖြူဖွဲ့အခမ်းအနားက တိုင်းဒေသကြီးအဆင့်လုပ်ခဲ့ဖူးတာ တစ်ခါမှမရှိသေးဘူး၊ ကရင်ပြည်နယ်ဘက်မှာပဲ ခမ်းခမ်းနားနားလုပ်ကြတာ၊ ရန်ကုန်မှာက နှစ်တိုင်း မြို့နယ်အလိုက် ကျင်းပတာပဲရှိတယ်၊ဒီနှစ်ကိုတော့ အားလုံးစုစုစည်းစည်းဖြစ်သွားရအောင်၊ ညီညီညွတ်ညွတ်ဖြစ်သွားရအောင် တိုင်းဒေသကြီး အဆင့်ပွဲလေးတစ်ပွဲ စီစဉ်လိုက်တယ်၊ကျွန်မတို့ ကရင်မျိုးနွယ်စုတွေအားလုံး တစုတစည်းတည်း ဆုံစည်းဖို့ အတွက်လည်း ရည်ရွယ်ပါတယ်”ဟု ဝန်ကြီး ဒေါ်နော်ပန်းသဉ္ဇာမျိုးကပြောသည်။

 

ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကို ကရင်လူမျိုးတို့ တန်ဖိုးထားသော အလွန်မွန်မြတ်သည့် ရိုးရာအမွေအနှစ်ဖြစ်သည့်အတွက် ပျောက်ပျက်မသွားစေရန် ဖော်ထုတ်ထိန်းသိမ်းရေး၊ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံ များကိုအနာဂတ် ကရင်မျိုးဆက်သစ်များအား လက်ဆင့်ကမ်းအမွေပေးရေးနှင့်ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေးစိတ်ဓာတ်များ တိုးတက်ရှင်သန်နိုးကြားစေရေး၊ မိမိတို့၏ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့များကို အခြားတိုင်း ရင်းသားလူမျိုးများ ပိုမိုသိရှိစေပြီး လူမျိုးအချင်းချင်း ချစ်ခင်လေးစားမှုကို အပြန်အလှန် တည်ဆောက်ရေးစသော ရည်ရွ ယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ကြောင်းသိရသည်။

 

အဆိုပါ ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကို ဩဂုတ် ၁၈ ရက်တွင်ပြုလုပ်ရန် သတ်မှတ်ထားသော်လည်း မြန်မာနိုင်ငံအနှံ့အပြားရှိ တိုင်းဒေသကြီးနှင့်ပြည်နယ်အချို့တွင် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ် နေသည့် နေရာများတွင်ရန်ကုန်မြို့နေ ကရင်တိုင်းရင်းသားများက ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေရသည့်အတွက် ဩဂုတ် ၂၈ ရက်သို့ပြောင်းရွှေ့ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

 

ဩဂုတ် ၂၈ ရက်တွင် ပြုလုပ်မည့် ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားတွင် နံနက် ၇ နာရီမှ စတင်ကာ အလံတင်အခမ်းအနားကျင်းပခြင်း၊ တစ်ဦးနှင့်တစ်ဦး ချစ်ကြည်ရင်းနှီးစွာဖြင့် ချည်ဖြူဖွဲ့ မင်္ဂလာ (လက်ချည်ပွဲ) ကျင်းပခြင်း၊ကရင်ရိုးရာအစားအစာများ၊ ရိုးရာယဉ်ကျေးမှုအဆိုအကများဖြင့်ဖျော်ဖြေမည်ဖြစ်ပြီး အဆိုပါအခမ်း အနားသို့ နိုင်ငံတော်အဆင့်အကြီးအကဲများကိုလည်းဖိတ်ကြားထားကြောင်း သိရသည်။ 

 

သီသီမင်း