ကသာမြို့နယ်အတွင်း ဧရာဝတီ မြစ်ရေးတိုးမှုကြောင့်  မြစ်ဘေးတစ်လျှောက်  မြေနိမ့်ပိုင်းနေထိုင်သူများအား  ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းများဆောင်ရွက်

ကသာ ၁၂ ဇူလိုင်


စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့တွင် ဧရာဝတီမြစ်ရေသည် ဇူလိုင်လအတွင်း စတင်၍ မြစ်ရေတိုးလာမှုကြောင့် မြစ်ကြောင်းတစ်လျှောက် နေထိုင်ကြသည့် ကျေးရွာအုပ်စုများအား သဘာဝဘေး အန္တရာယ်မှ ကင်းဝေးစေရေးအတွက် ကြိုတင်အသိပေးနှိုးဆော်ခြင်း လုပ်ငန်းကို ယနေ့ နံနက် (၈) နာရီခွဲအချိန်က ကသာမြို့နယ် ဧရာဝတီ မြစ်ရိုးတစ်လျှောက်တွင် ဆောင်ရွက်ခဲ့သည်။

 

1

 


ကသာမြို့၏ ဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ်သည် (၁၀၄၀)စင်တီမီတာဖြစ်ပြီး  ယနေ့နံနက် (၆) နာရီခွဲအချိန် တိုင်းထွာချက်အရ လက်ရှိ မြစ်ရေချိန်သည် (၉၄၅) စင်တီမီတာ သို့ ရောက်ရှိနေပြီး အဆိုပါ မြစ်ရေသည် နောက် (၃) ရက်အတွင်း စိုးရိမ်ရေ အမှတ်သို့ ရောက်ရှိနိုင်ပါသဖြင့် မြစ်ရိုးတစ်လျှောက် မြေနိမ့် ပိုင်းနေထိုင်သူများအား အထူးဂရုပြုနေထိုင်ကြရန်၊ လိုအပ်သည့်ပစ္စည်းများကို သိမ်းဆည်းထားကြရန်နှင့် ကျွဲနွား တိရစ္ဆာန်များကို ရေလွတ်ရာသို့ပြောင်းရွေ့ကြရန် လိုက်လံအသိပေးနှိုးဆော်ခြင်းများကို ကျောက်ထုံးကြီး အုပ်စု လက်ပံဇင်၊ ကျောက်ထုံးကြီး၊ အထက်သဖန်းကိုင်း၊ အောက်သဖန်းကိုင်း၊ ရေလည်ကျွန်း၊ ဒုံးအော့၊ ပုလွှေရွှေ၊ ကွေးကြီးကျွန်း စသည့် ကျေးရွာများတွင် ဆောင်ရွက်ခဲ့သည်။


အဆိုပါ အသိပေးနှိုးဆော်ခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Online ချစ်သူပရဟိတ အဖွဲ့တို့မှ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


ဟန်မျိုးကျော် (ကသာ)