ကသာပြည်သူ့ဆေးရုံတွင် (၂)ထပ်တိုးချဲ့လူနာဆောင် ဆောက်လုပ်မည်

ကသာ ၉ ဖေဖော်ဝါရီ

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကုသရေးဦးစီးဌာနမှ အပ်နှံသည့် ကသာပြည်သူ့ဆေးရုံတွင် ဖျားနာနေသော လူနာများအတွက် လိုအပ်နေသော (၂)ထပ်တိုးချဲ့လူနာဆောင် ဆောက်လုပ်မည့် မြေနေရာပေါ် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၈ နာရီက ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီထွန်း၊ ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးတင့်ဝေသုံ၊ ကျန်းမာရေးဦစီးဌာနမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော တာဝန်ရှိသူများက ယင်းအဆောက်အဉီ မြေနေရာပေါ်တွင် ပန္နက်တင်ခဲ့ကြပြီး အမွှေးနံ့သာရည်များ ဖျန်းခဲ့ကြသည်။

 

dfsew

 

ယင်းနောက် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီထွန်း၊ ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးတင့်ဝေသုံနှင့် တာဝန်ရှိသူများသည် ကသာပြည်သူ့ဆေးရုံအတွင်း ဆောက်လုပ်နေသည့် ဧရာကမ်းသာ အောက်စီဂျင် ပရဟိတအသင်းနှင့် တန်ဆောင်တိုင် သွေးလှူရှင် ပရဟိတအသင်းအတွက် အဆောက်အဦ ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။

 

အဆိုပါ (၂)ထပ်တိုးချဲ့လူနာဆောင် အဆောက်အဦသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေ ကျပ် ၁၇၀ ဒသမ ၈၀ သန်းနှင့် လုပ်ငန်းတစ်ခုလုံး ခွင့်ပြုရန်ပုံငွေ ကျပ် ၄၁၇ သန်းတို့ဖြင့် တည်ဆောက်သည့် (၁၂၀ x ၅၆)ပေရှိ (၂)ထပ်အဆောက်အဦဖြစ်ပြီး “အောင်မြင်မြန်မာ” ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည်။ အဆောက်အဦကို ယခုဘဏ္ဍာနှစ်အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေ ကျပ် ၁၇၀ ဒသမ ၈၀ သန်းဖြင့် တည်ဆောက်မည်ဖြစ်ရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် လုပ်ငန်းတစ်ခုလုံး ခွင့်ပြုရန်ပုံငွေ ကျပ် ၄၁၇ သန်းဖြင့် ဆက်လက်တည်ဆောက်သွားမည်ဖြစ်သည်။

 

ယင်းအဆောက်အဦ ပြီးစီးပါက ဖျားနာနေသော လူနာများကိုထားရှိပြီး  အဆောက်အဦတွင် လိုအပ်နေသော အခန်းများခွဲကာ ကဏ္ဍအလိုက် ထားရှိသွားမည်ဖြစ်ကြောင်း၊ လူနာများနှင့် လူနာစောင့်များ နားနေရန်အတွက်လည်း အဆင်ပြေသွားမည်ဖြစ်ကြောင်း၊ ယခုလက်ရှိ အဆောက်အဦများအပြင် တိုးချဲ့လူနာဆောင်များ ဆောက်လုပ်ပေးသည့်အတွက် အထူးပင်ဝမ်းသာကြောင်း၊ နောက်ထပ်ဆောက်လုပ်ရန် စီစဉ်ထားသည့် အဆောက်အဦများလည်း ရှိသေးကြောင်းနှင့် အဆောက်အဦအတွက် အလှူရှင်များလည်း လိုအပ်လျက်ရှိကြောင်း ကသာခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ခရိုင်ဆရာဝန်ကြီး ဒေါက်တာလာမာမီးက ပြောသည်။

 

ရဲအောင်(ကသာ)