ကျုံးကူးတံတားဖွင့်လှစ်၊ စစ်တောင်းတူးမြောင်းကို ဖြတ်သန်းတည်ဆောက်မည့် သနပ်ပင်မြို့တွင်းတံတား ပန္နက်တော်တင် တွင်းတော်ဝန်း မင်္ဂလာအခမ်းအနား ကျင်းပ 

ပဲခူး ဇန်နဝါရီ ၆

ပဲခူးမြို့၊ အရှေ့ဘက် မြို့ရှောင်လမ်း - သမိန်ဗရမ်း - ဆံတော်တွင်းလမ်းပိုင်းမှ မဂ္ဂတစ်လမ်းသို့ တိုက်ရိုက်ချိတ်ဆက်ထားသည့် လမ်းပေါ်ရှိ ကျုံးကူးတံတား ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါ တံတားအနီး၌ ကျင်းပသည်။

တံတားကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုး‌ဆွေဝင်းက ကျုံးကူးတံတား ကဗ္ပည်းမော်ကွန်းကျောက်စာတိုင်ကို စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးများက တံတားကဗ္ပည်းမော်ကွန်း ကျောက်စာတိုင်ကို အမွှေးနံ့သာရည်များ ပက်ဖျန်းကြကာ တံတားပေါ်သို့ ဖြတ်သန်းကြည့်ရှုကြသည်။

အဆိုပါ တံတားသည် အရှည်ပေ (၂၁၀)၊ ယာဉ်သွားလမ်းအကျယ် (၂၄)ပေ၊ လူသွားလမ်း အကျယ်တစ်ဖက်လျှင် (၃)ပေ (၆)လက်မစီရှိပြီ ဘိုးပိုင်အုတ်မြစ်၊ သံကူကွန်ကရစ် တံတားအမျိုးအစား ဖြစ်ကြောင်း သိရှိရသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးတို့သည် သနပ်ပင်မြို့၊ မြို့တွင်းတံတား ပန္နက်တော်တင်မည့်နေရာသို့ ရောက်ရှိပြီး အမှာစကား ပြောကြားကြသည်။

ယင်းနောက် ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက ပန္နက်တော်များရိုက်သွင်းကာ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က Vibro Hammer ဖြင့် စက်ခလုပ်နှိပ်ကာ မင်္ဂလာပိုင်တိုင်အား ရိုက်သွင်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သနပ်ပင်မြို့တွင်း တံတားသည် ပဲခူး - သနပ်ပင် - ခရမ်း - သန်လျင်လမ်းပေါ်ရှိ ကုန်စည်စီးဆင်းမှုအတွက် အဓိကအရေးပါသည့် လမ်းဖြစ်ကာ အရှည်ပေ(၂၄၀)၊ အကျယ်ပေ(၄၀)ရှိ စစ်တောင်းတူးမြောင်းကို ဖြတ်သန်းတည်ဆောက်မည့် သံကူကွန်ကရစ်တံတား တစ်စင်းဖြစ်ကြောင်း သိရသည်။

သတင်းစဉ်