ကူးစက်ရောဂါအန္တရာယ် ရှောင်လွှဲနိုင်ကြရန်

 

ခေတ်မီတိုးတက်လာမှုက ကမ္ဘာကြီးကို ရွာကြီးကဲ့သို့ ပြောင်းလဲသွားစေခဲ့သည်ဆိုခြင်းမှာ လက်တွေ့ ဘဝဖြစ်၏။ ငြင်းဆန်၍မရ၊ ရှောင်လွှဲ၍ မရ။ နိုင်ငံများ၏ နယ်နိမိတ်များ မည်သို့ပင် သတ်မှတ် စည်းခြားထားသည်ဖြစ်သော်လည်း တစ်နိုင်ငံနှင့် တစ်နိုင်ငံအကြား နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု စသည့်နယ်ပယ်အသီးသီးတွင် အချင်းချင်း ကူးလူးဆက်ဆံနေကြသည့် ပုံသဏ္ဌာန်မှာ နှစ်ဆယ့်တစ်ရာစုတွင် များစွာပြောင်းလဲသွားခဲ့ပြီ။

နိုင်ငံရေးအရ တစ်နိုင်ငံနှင့်တစ်နိုင်ငံအကြား ဩဇာသက်ဆက်နွယ်မှု၊ စီးပွားရေးအရ ပူးပေါင်းကူးသန်း အလုပ်လုပ်ကြမှု၊ ယဉ်ကျေးမှုရေးရာတွင် တစ်ကမ္ဘာလုံး နယ်စည်းမခြား ကူးလူးဆက်ဆံပြောင်းလဲ လာမှုတို့ သာမက ကူးစက်ရောဂါပိုးမွှားများ ဟိုမှသည် သည်မှဟိုလွယ်လွယ်ကူကူ ပျံ့နှံ့လာမှုတို့အထိဟု ဆိုရချေမည်။

မည်သို့သောအကြောင်းဖြင့်ဖြစ်စေ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကူးသန်းသွားလာရသည်မှာ မခက်ခဲတော့ သည့်ခေတ်တွင် ရောဂါပိုးမွှားများကလည်း ကူးစက်ပျံ့နှံ့လွယ်လာသည်မှာ သဘာဝသာလျှင်ဖြစ်ချေ၏။ ထိုသို့သော ကမ္ဘာပတ်ပျံ့နှံ့နေသည့် ကူးစက်ရောဂါပြဿနာသည် တစ်နှစ်ထက်တစ်နှစ် ပို၍ရှုပ်ထွေးကာ ပို၍ အန္တရာယ်များသော ပုံစံမျိုး ဖြစ်ဖြစ်လာသည်ကိုလည်း တွေ့ရသည်။

အထူးသဖြင့်မူ ယခုနှစ်များအတွင်း အသက်ရှူလမ်းကြောင်းနှင့် ပတ်သက်နှီးနွယ်နေသည့် ကူးစက် ဖျားနာရောဂါအမျိုးမျိုးတို့ ကမ္ဘာတစ်ဝန်း ပျံ့နှံ့သည့် အဖြစ်အပျက်များက ကမ္ဘာ့လူသားတို့ကို ခြိမ်းခြောက်မှုကြီးသဖွယ် ဖြစ်ခဲ့သည်။

လွန်ခဲ့သောနှစ် ဒီဇင်ဘာလက ပေါ်လာသော တရုတ်နိုင်ငံ ဝူဟန်မြို့မှစတင်ကာ ပျံ့နှံ့လာသည့် ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်မှုက ကမ္ဘာတစ်ဝန်းကို စိုးရိမ်စေခဲ့သည်။ အထူးသဖြင့် မြန်မာနိုင်ငံကဲ့သို့သော အိမ်နီးချင်း နိုင်ငံတို့အဖို့ ပို၍စိုးရိမ်စရာဖြစ်လာသည်။ ယခုအခါ ထိုရောဂါပိုး ကူးစက်မှုကြောင့် တရုတ်နိုင်ငံအတွင်း လူပေါင်း ၇၀၀၀ ကျော်သို့ ပြန့်ပွားခဲ့ပြီး လူ ၁၀၀၀ ခန့် စိုးရိမ်ဖွယ်အခြေအနေရှိကာ ၁၇၀ ကွယ်လွန်ခဲ့ပြီးဖြစ်သည်ဟု သိရသည်။

ယခင့်ယခင် ဖြစ်ပွားခဲ့ဖူးသော ကူးစက်ရောဂါများထက် များစွာပိုအန္တရာယ်ရှိသည်ဟုလည်း ရှုမြင်ကြပါသည်။ အထူးသဖြင့် လူအချင်းချင်း ကူးစက်လွယ်ခြင်း၊ ကူးစက်မှုမြန်ဆန်ခြင်း၊ ရောဂါဖြစ်ပွားလျှင် ပြင်းထန်ပြီး လူသေဆုံးမှုအထိ ဖြစ်နိုင်ခြင်းတို့ကြောင့်ဖြစ်၏။

ထိုပိုးမွှားကူးစက်မှုနှုန်းမှာ အလွန်မြန်ဆန်သည်ဖြစ်သောကြောင့် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင် ကိုယ်တိုင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲနှင့် တွေ့ဆုံကာ ရောဂါကာကွယ်တားဆီးနိုင်ရေးနှင့် ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် တိုင်ပင်ခဲ့သည်ဟု သတင်းများအရ သိရပါသည်။

နိုင်ငံအတွင်း ဖြစ်ပွားနေမှု၏ အန္တရာယ်ကို အများပြည်သူသိရှိနိုင်ရန် သတင်းထုတ်ပြန်မှု ပွင့်ပွင့်လင်းလင်း ရှိစေရေးကိုလည်း အစိုးရက အရေးတယူဆောင်ရွက်မည်ဟုလည်း ဆို၏။

တရုတ်နိုင်ငံပြင်ပရှိ အခြားသောနိုင်ငံများတွင်လည်း ကူးစက်ရောဂါ ပျံ့နှံ့စပြုနေသည်ကို စစ်ဆေးတွေ့ရှိ ရသည်များလည်း ရှိနေကြောင်း သတင်းများတွင် တွေ့ရှိရပါသည်။

ကမ္ဘာလုံးဆိုင်ရာ ပြဿနာဖြစ်သည့်အတွက် မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာမိသားစုတို့သည် တစ်ဦးနှင့်တစ်ဦး ကူညီပေးရေးနှင့်အတူ ရောဂါကာကွယ်တားဆီးနိုင်ရန်၊ ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန် စသည်တို့ကို မည်သို့ဆောင်ရွက်ကြခြင်းက အကောင်းဆုံးဖြစ်မည်ကို တိုင်ပင်ကြံဆ ပြင်ဆင်နေကြ ပါသည်။

ယခုကဲ့သို့သော ကူးစက်ရောဂါများမှာ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သည့်အတွက် အဓိကအားဖြင့် လူတို့၏ ကိုယ်ခံအားကောင်းမွန်မှုအပေါ်တွင် များစွာမူတည်နေသည်ဟု ပညာရှင်များက အတည်ပြုထားပါသည်။ ကိုယ်ခံအားကောင်းသည်နှင့်အမျှ ထိုဗိုင်းရပ်စ်ကို တွန်းလှန်ဖြိုဖျက် နိုင်မည်ဖြစ်သောကြောင့် လူတစ်ဦးချင်းအနေဖြင့် ကိုယ်ခံအားကောင်းမွန်အောင် ဂရုစိုက်ခြင်းဖြင့် များစွာကာကွယ်နိုင်မည်ဟု လည်း ဆိုပါသည်။

အများပြည်သူအနေဖြင့်လည်း ထိုကဲ့သို့သော ကျန်းမာရေးဆိုင်ရာ အရေးပေါ်နေသည့် အချိန်မျိုးတွင် မိမိကိုယ်ကိုယ် ကိုယ်ခံအားကောင်းစေရန် အစားအသောက်အနေအထိုင် ဂရုပြုနေထိုင်ကြရေး၊ တစ်ကိုယ်ရေ သန့်ရှင်းရေး အထူးသဖြင့် လက်ကို အစဉ်သဖြင့် သန့်စင်စေရန် ဆေးကြောပေးရေး၊ အတတ်နိုင်ဆုံး လူထူထပ်သည့်နေရာများကို ရှောင်ကြဉ်ရေး၊ မဖြစ်မနေ သွားရမည်ဆိုလျှင်လည်း နှာခေါင်းစည်း၊ ပါးစပ်စည်း အကာအကွယ်တို့ဖြင့် နေထိုင်ရေး၊ ချောင်းဆိုးနှာချေလျှင် စက္ကူစ၊ လက်ကိုင်ပဝါတို့ဖြင့် အကာအကွယ်ပြုရေး အစရှိသည့် ကျန်းမာရေးဆိုင်ရာ အသိရှိကာ သတိထား နေထိုင်ကြခြင်းဖြင့် ကူးစက်ရောဂါပြဿနာကို ဝိုင်းဝန်းကာကွယ်ထိန်းချုပ်ကြပါရန် တိုက်တွန်းလိုက်ရ ပါကြောင်း။ ။

မြန်မာ့အလင်း