ကယား တိုင်းရင်းသားတို့၏ ကေ့ထိုးဘိုး(ခေါ်) တံခွန်တိုင်ပွဲတော်

၁၁ သြဂုတ်

 

သစ်ပင်ကိုရွေးချယ်ပြီးနောက် ပထမဦးစွာ တံခွန်တိုင်နတ်ဆရာက စတိသဘောမျိုးဖြင့် သစ်လုံးကို စတင်ခုတ် ရသည်။ ထို့နောက်မှလိုက်ပါလာသူများက ဝိုင်းဝန်းခုတ်ကြရသည်။ သစ်ပင်ကိုခုတ်လှဲ၍ တံခွန်တိုင်လုပ်ရန်အတွက်လိုသလောက်အတိုအရှည် တိုင်းထွာဖြတ်တောက်ကြပြီးနောက် သစ်လုံးကိုနွယ်ကြိုးများ၊ ဝါးလုံးများဖြင့် ချည်နှောင်ကာထမ်းပိုးလာကြရသည်။

 

ယင်းကဲ့သို့ တံခွန်တိုင်ကိုသယ်ယူရာတွင်မည်သည့်ယာဉ်မှ အသုံးမပြုကြသလို သယ်ဆောင်ရာတွင်လည်း မောင်းထု၍ သယ်ဆောင်ကြလေ့ရှိသည်။ အကယ်၍ တံခွန်တိုင်မှာတောင်ပေါ်တွင်ရှိနေပါက နွယ်ကိုကြိုး ကျစ်သူကကျစ်ကာ ယင်းနွယ်ကြိုးများဖြင့် တောင်ခြေအရောက်ဆွဲယူချကြရပြီး သတ်မှတ်ထားသည့်စခန်းသို့ ရောက်ရှိသည့်တိုင်အောင်အထက်ပါအတိုင်းပင် ထမ်းပိုးသယ်ဆောင်ကြရသည်။ ထိုသို့သယ်ယူလာချိန်တွင် တံခွန်တိုင်နတ်ဆရာက တံခွန်တိုင်သစ်လုံးပေါ်၌စီး၍လိုက်ပါလာရသည်။

 

ထို့နောက် ရပ်နားရန်သတ်မှတ်ထားသော စခန်းသို့ ရောက်ရှိသည့်အခါ တံခွန်တိုင်ကို မြေပြင်ပေါ် သို့ခေတ္တ ချထားပြီး ၎င်းတို့နေအိမ်အသီးသီးမှ ချက်ပြုတ်၍ ယူဆောင်လာကြသော ထမင်းဟင်းများ၊ ခေါင်ရည်များကို အသင့်စောင့်ကြိုနေသော အမျိုးသမီးများနှင့်အတူတကွ တပျော်တပါးကြီး စားသောက်ကြသည်။ အခြားရွာနီး ချုပ်စပ်မှ မိတ်ဆွေများက တံခွန်တိုင်ကို ဝင်ရောက်ကူညီထမ်းပိုးပေးကြသည့်အတွက် ထိုသူများကိုလည်း ထမင်းဟင်းများနှင့် ခေါင်ရည်များကို တိုက်ကျွေးကြရသည်။

 

ယင်းနောက် ရပ်နားသည့်စခန်းမှတစ်ဖန်တံခွန်တိုင်ကို မိမိတို့ရွာ၌ တံခွန်တိုင်စိုက်ထူရန် သတ်မှတ်ထားသော နေရာသို့ ဆက်လက်ထမ်းပိုးသွားကြပြန်သည်။ တံခွန်တိုင်ပွဲတော်ကျင်းပသည့်နေရာများကို များသောအားဖြင့် ရွာအလယ်ရှိကုန်းမြင့် သို့မဟုတ် ရွာထိပ်ကိုရွေးချယ်မှုပြုကြသည်။ တံခွန်တိုင် နယ်မြေမှာ ကာရံထားခြင်းမရှိဘဲ တံခွန်တိုင်များပတ်လည်ဝိုင်း၍ စိုက်ထူထားခြင်းသာဖြစ်သည်။ သီးသန့်ထားသည့်နေရာသို့ ရောက်သောအခါ တံခွန်တိုင်လုပ်မည့်သစ်လုံးကိုညင်သာစွာချကြရသည်။ ထိုသို့ချရာ၌ တံခွန်တိုင်ထိပ်ပိုင်းကို မြေကြီးနှင့် မထိမိ စေရန် အထူးဂရုစိုက်ကြရသည့်အတိုင်း တိုင်ထိပ်ပိုင်းကို သစ်သားတုံးတစ်ခုပေါ်တွင် မြေမကျစေရန်တင်၍ ထားကြခြင်းဖြစ်သည်။

 

ထိုသို့ချထားပြီးသောအခါတွင် ရွာတွင်အသင့်စောင့်ကြိုနေကြသော အမျိုးသမီးကြီး၊ ငယ်များက ရေတကောင်း များတွင်သပြေပန်းများစိုက်ကာယူလာကြပြီး သပြေခက်များဖြင့် အဆိုပါတိုင်ကို ရေပက်ဖျန်းကြရသည်။ ထို့နောက် တံခွန်တိုင်အသစ်နှင့်အဟောင်းတို့ကို ရေသွန်းလောင်းပေးကြပြီးအချင်းချင်းလည်း တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ရေပက်ကစားကြသည်။ တံခွန်တိုင်မစိုက်မီ မြေပေါ်သို့ချထားစဉ် ယင်းတံခွန်တိုင်အနီးသို့ အမျိုးသမီးများ မကပ်ရချေ။ ခွေးများဖြတ်ကျော်မသွားစေရန်လည်း နေ့ရောညပါစောင့်ရှောက်ကြရသည်။ အဖို တိုင်ဖြစ်လျှင်ငါးရက်ထားရပြီး အမတိုင်ဖြစ်လျှင် သုံးရက်ထားရသည်။ အဖိုတိုင်မှာ ၂၅ ပေမှ အများဆုံး၄၅ ပေအထိ ရှည်လျား၍ အမတိုင်မှာ ၁၂ပေခန့် ရှည်လျားသည်ဟု သိရသည်။

 

ထိုရက်များအတွင်း၌ တံခွန်တိုင်ကို ရှစ်မြှောင့် သို့မဟုတ် ခြောက်မြှောင့်ဖြစ်အောင်ပြုလုပ်ကြရသည်။ တံခွန် တိုင်တွင် တပ်ဆင်ရန်အတွက်လည်း ထီး၊ ကြက်လျှာနှင့် တံခွန်ပြားစသည်တို့ကို သုံးရက်အတွင်း အပြီး ရက်ကြရသည်။ ရွာရှိအိမ်တိုင်းမှ တစ်အိမ်လျှင်ချည်ငါးကျပ်သားခန့်ကောက်ခံပြီး ကြက်လျှာများကို ရှေးယခင်က အပျိုစစ်စစ် အမျိုးသမီးများက ရက်လုပ်ကြသည်။ ယခုခေတ်တွင်မူ မည်သည့် အမျိုးသမီးမဆို ရက်လုပ် နိုင်ကြသည်ဟု ဆိုသည်။တံခွန်တိုင် မစိုက်ထူမီတစ်ရက်မှစ၍ဝက်များကိုသတ်ဖြတ်ပြီး တံခွန်တိုင် စိုက်ထူပြီး သည့်ညနေအထိ ဧည့်သည်များအား ကျွေးမွေးဧည့်ခံကြသည်။ အိမ်တိုင်းစေ့တတ်အား သရွေ့ဝက်များကို သတ်ကာ လာသမျှဧည့်သည်များကိုထမင်းနှင့်ဝက်သားဟင်းများဖြင့် ကျွေးမွေးကြ၍ ဆွေမျိုးသားချင်းမိတ် ဆွေများ ကိုလည်းခေါင်ရည်အိုးငယ်တစ်အိုးစီနှင့် ဝက်သားအနည်းဆုံး သုံးတုံးစီ ပို့ပေးလေ့ရှိကြသည်။

 

ထို့နောက် နောက်တစ်နေ့နံနက် ၆ နာရီခန့်တွင် တံခွန်တိုင်ကို စိုက်ထူကြသည်။ထိုအချိန်တွင် အမျိုးသမီးများက တံခွန်တိုင်ကိုရေဘူးထဲမှရေကို သပြေခက်များဖြင့်ပက်ဖျန်း၍ ရေသွန်းလောင်းကြသည်။ တံခွန်တိုင်ကိုဝိုင်း၍ ကသောအကတွင် အမျိုးသမီးများပါဝင်ဆင်နွှဲခြင်း မပြုရချေ။ ရေဘူးကိုယ်စီ ယူဆောင်လာကြသော တံခွန် တိုင်ပွဲကို ဘေးမှထိုင်ကြည့်နေကြသည့် ပရိသတ်ကလည်း အချင်းချင်းရေပက်ဖျန်းကြသလို တံခွန်တိုင် အသစ်နှင့်အဟောင်းတို့ကိုလည်း  ရေပက်ဖျန်းကြသည်။တံခွန်တိုင်ခုတ်လာသည့် နေ့ရက်မှစ၍ တံခွန်တိုင် ထူသည့်နေ့ရက်အထိ သုံးရက်တာကာလအတွင်း ကယားတိုင်းရင်း သားတို့သည်ရွာရှိ တံခွန်တိုင်နတ် ဆရာ နေအိမ်မှစ၍ တံခွန်တိုင်ထူသည့် အဆက်အနွှယ်လူများ၏ အိမ်တို့ကို အတီးအမှုတ်များတီးကာ လက်ယာရစ် လှည့်ပတ်ကြသည်။ နောက်တစ်နေ့နံနက်တွင်ရေနတ်စာကျွေး၍ မိုးခေါ်ကြသည်။

 

ယောကျာ်းလေးများအား တစ်အိမ်တစ်ယောက်စီစုပြီးခြုံစောင်အနီတစ်ထည်၊ ပေါက်ပေါက်၊ သပြေရွက်၊ ဝါးကြက်လျှာ၊ စက္ကူကြက်လျှာ၊ ခေါင်ရည်၊ငှက်ပျောသီးများယူဆောင်၍ အတီးအမှုတ်များဖြင့် နတ်ပူဇော်ရန် ထွက်ကြသည်။ငှက်ပျောသီး၊ ပေါက်ပေါက်၊ သပြေခက်၊ နှီးဖြင့်ထိုးထားသည့် ဝက်သားတုံး၊ ဝါးဘူးငယ်ဖြင့်ထည့်ထားသော ခေါင်ရည်တို့ကိုစိုက်ကာနတ်စာကျွေးကြပြီးနောက် တံခွန်တိုင်ပွဲပြုလုပ်မှုကို အဆုံးသတ်ကြလေ့ရှိသည်။

 

ရာမည