ကယားပြည်နယ် လွိုင်ကော်မြို့အတွင်း KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ်မှုများကျူးလွန်

နေပြည်တော် ဇန်နဝါရီ ၁၃

 

ကယားပြည်နယ် လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်ရှိအစိုးရနည်းပညာ တက္ကသိုလ် (GTU) နှင့် ဗုဒ္ဓဥယျာဉ်တစ်ဝိုက် KNPP အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များ စိမ့်ဝင်ရောက်ရှိနေကြောင်း အကြမ်းဖက်အဖွဲ့အစည်းများကို မလိုလား၊ လက်မခံသည့် ဒေသခံပြည်သူများ ၏သတင်းပေးပို့ချက်အရ ဇန်နဝါရီ ၁၁ ရက် မွန်းလွဲပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်၍ ဖော်ထုတ်ချေမှုန်းရေး လုပ်ငန်းများဆောင်ရွက်ခဲ့ရာ အကြမ်းဖက် သောင်းကျန်းသူအဖွဲ့များသည် လူနေအဆောက်အဦများ၊ အစိုးရ အဆောက်အဦများနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦများကို အကာအကွယ်ရယူ၍ လည်းကောင်း၊ ရပ်ကွက်အတွင်းရှိ ဒေသခံများအား အန္တရာယ်အတွင်းမှ ဘေးကင်းရာသို့ သွားလာခွင့်ပြုရမည့်အစား လူသားတံတိုင်းအဖြစ် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုအောက်ရောက်ရှိစေခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင် များကလည်း လူသားတံတိုင်းအဖြစ် အသုံးပြုခံရသည့် အပြစ်မဲ့ပြည်သူများ ထိခိုက်ဒဏ်ရာရမှု မရှိစေခြင်းငှာ အတတ်နိုင်ဆုံးရန်သူ ပစ်မှတ်များကိုသာ အနည်းဆုံး ပစ်အားအသုံးပြု၍ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

 

ထို့သို့ထိတွေ့မှု ရှိနေစဉ်အတွင်း ဇန်နဝါရီ ၁၁ ရက် မွန်းလွဲပိုင်းနှင့် ယမန်နေ့နံနက်ပိုင်းတို့တွင် KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များသည် လွိုင်ကော်အကျဉ်းထောင်အတွင်းရှိ အကျဉ်းသား/ သူများ ထိခိုက်ဒဏ်ရာရရှိစေပြီး မြို့အတွင်း၌ ဖရိုဖရဲဖြင့် ဆူပူမှုများဖြစ်စေရေးအတွက် လူနေရပ်ကွက်များအတွင်း နေရာ သုံးနေရာခွဲ၍ လက်နက်ကြီး/လက်နက်ငယ်များဖြင့် အကျဉ်းထောင်အား အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အကျဉ်းသားများ ထိခိုက်ဒဏ်ရာရရှိမှု မရှိစေရေး မိမိကိုယ်မိမိ ခုခံကာကွယ်ပိုင်ခွင့်အတွင်းမှ ပြန်လည်ပစ်ခတ်ခဲ့ရာ ဇန်နဝါရီလ ၁၁ ရက် ညနေပိုင်းနှင့် ယနေ့နေ့လယ်ပိုင်းတို့တွင် အပစ်အခတ်ရပ်တန့်လျက် အနောက်ဘက်နှင့် အရှေ့တောင်ဘက်သို့ ဆုတ်ခွာသွားခဲ့သည်။ ထို့သို့ အကြမ်းဖက်အုပ်စုနှင့် လက်နက်ကိုင် သောင်းကျန်းသူများ ဆုတ်ခွာမှုကို သိလျှင်သိချင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆုတ်ခွာရာ လမ်းကြောင်းတစ်လျှောက် လက်နက်ကြီး၊ လေကြောင်းပစ်ကူများဖြင့် ပိုင်းဖြတ်ပစ်ခတ်ခဲ့သည်။

 

ထို့ပြင် KNPP အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက် အဖွဲ့များသည် ယနေ့မွန်းလွဲပိုင်းတွင်လည်း မှုံပြာကျေးရွာ၊ ဘာဒိုကျေးရွာ၊ ဘုရားဖြူ ကျေးရွာများဘက်မှ စိုက်ခင်းများနှင့် လမ်းကြောင်းများကိုအသုံးပြု၍ အင်အားအလုံးအရင်း ထပ်မံဖြည့်တင်းလာခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက လေကြောင်းပစ်ကူများ၊ လက်နက်ကြီးပစ်ကူများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အကြမ်းဖက်အဖွဲ့များ ဖရိုဖရဲဖြင့် တောင်ဘက်နှင့် အနောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။

 

ဖြစ်စဉ်များတွင် ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ အစိုးရအဆောက်အဦ တချို့နှင့် အကျဉ်းထောင်မှ အိပ်ဆောင်တချို့ ထိခိုက်ပျက်စီးခဲ့သည်။

 

KNPP အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များ၏ အဆိုပါလုပ်ရပ်များသည် စစ်ရေးနှင့်သက်ဆိုင်သော ပစ်မှတ်များမဟုတ်ဘဲ ဘာသာရေးနှင့် သက်ဆိုင်သည့် အဆောက်အဦ၊ ပညာရေးဆိုင်ရာ အဆောက်အဦများနှင့် လူနေရပ်ကွက် အဆောက်အဦများကို အကာ အကွယ်ရယူပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း၊ တိုက်ပွဲတွင် ဒေသခံပြည်သူများကို အသက်အန္တရာယ်ဇုန်မှ ကင်းလွတ်အောင် ထွက်ခွာခွင့်ပြုရမည့်အစား လူသားတံတိုင်းအဖြစ် အသုံးချခဲ့ခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် စစ်ရေးရည်ရွယ်ချက်အတွက် အသုံးပြုထားခြင်းမရှိသော စစ်ဘက်ပစ်မှတ်မဟုတ်သည့် အပြစ်ကြွေးချွေးဖြင့်ဆက်လျက် ရှိသော အကျဉ်းသား/သူ ရာဂဏန်းမျှရှိသည့် နယ်ဘက်အကျဉ်းထောင်ကို ရည်ရွယ်ချက်ရှိစွာဖြင့် ဦးတည်တိုက်ခိုက်ခြင်းဖြစ်၍ ဂျီနီဗာ ကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime) ကျူးလွန်ရာရောက်ပြီး အဆိုပါ စစ်ရာဇဝတ်မှုများအတွက် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ၊ ရာဇသတ်ကြီးနှင့် သက်ဆိုင်ရာ တည်ဆဲဥပဒေများဖြင့် ၎င်းတို့အပေါ် ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်