ကယားပြည်နယ်ရှိ ရိုးရာဓလေ့များအကြောင်းကို ပုံဖော်ထားသည့် ကြတ်ဂူ ရုပ်ရှင် ကားကြီး နိုဝင်ဘာ ၁၆ မှစတင်၍ တစ်နိုင်ငံလုံးတွင် ရုံတင်ပြသမည်

ရန်ကုန် ၁၃ နိုဝင်ဘာ 

 

အောင်တိုင်းကျော် ရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်ကာ ဒါရိုက်တာလူမင်း ရိုက်ကူးသည့် ကြတ်ဂူ ရုပ်ရှင်ဇာတ်ကား အထူးပွဲကို နိုဝင်ဘာ ၁၂ ရက် ညပိုင်းက သမ္မတရုပ်ရှင်ရုံတွင် ပြသခဲ့ပြီး အဆိုပါ ရုပ်ရှင်ဇာတ်ကားအား နိုဝင်ဘာ ၁၆ ရက်မှ စတင်ကာ မြန်မာတစ်နိုင် လုံးရှိ ရုပ်ရှင်ရုံများတွင်  ရုံတင်ပြသသွားမည် ဖြစ်သည်။ 

 

“ကြတ်ဂူ” ရုပ်ရှင်ဇာတ်ကားသည် ကယားပြည်နယ်၊ လွိုင်ကော်မြို့အနီးရှိ  “ကြတ်ဂူ” တွင် သွားရောက်အခြေပြု ရိုက်ကူးထားခြင်းဖြစ်ပြီး ကယားပြည်နယ်၏ ဒေသန္တရအလှ အပများ၊ ကယားလူမျိုးတို့၏ ရိုးသားမှု၊ ရိုးရာယုံကြည်မှုနှင့် စိတ်ဝင်စားဖွယ် ဓလေ့ထုံး တမ်းများကို ထည့်သွင်းပုံဖော်ရိုက်ကူးထားသည်။

 

ကြတ်ဂူရုပ်ရှင်ဇာတ်ကားကို  ရုပ်ရှင်ဒါရိုက်တာနှင့် သရုပ်ဆောင်အဖြစ် ပါဝင်ထားသူ အကယ်ဒမီ လူမင်းက အဆိုပါဇာတ်ကားနှင့် ပတ်သက်၍ “ကိုယ်ကိုယ်တိုင် သရုပ်ဆောင်အဖြစ်ရော၊ ဒါရိုက်တာအဖြစ်ပါ ရိုက်ကူးထားတဲ့အတွက် ရင်ခုန်ပါတယ်။ ဒီဇာတ်ကားထဲမှာ ကျွန်တော်က တောကောင်တွေကို သတ်ရမှ စိတ်ချမ်းသာတဲ့ မုဆိုးအဖြစ် သရုပ်ဆောင်ထားပါတယ်။ ဇာတ်ရဲ့အကြောင်းအရာနဲ့ သရုပ်ဆောင်တွေအားလုံးက ကောင်းတဲ့အပြင် ပါဝင်တဲ့ “ကြတ်ဂူ”၊ နောက်ဒေသဆိုင်ရာ ရိုးရာယဉ်ကျေးမှုတွေကိုလည်း စိတ်ဝင်စားစရာအဖြစ် အများကြီးတွေ့ရမယ်။ အားရပါတယ်။ ကယားပြည်နယ်ရဲ့ အလှအပတွေရော၊ ကြတ်ဂူကြီးအကြောင်းရော ဇာတ်လမ်းထဲမှာ အံဝင်ခွင်ကြဖြစ် အောင် ရိုက်ကူးထားတယ်။ ကယားလူမျိုးတွေရဲ့ ကြက်ရိုးထုတ်ဗေဒင်ဆိုရင် ခေတ်ကာလနဲ့ ကွာနေပေမယ့် ဒီနေ့အထိ ယုံယုံကြည်ကြည် ရှိနေပြီးလက်ဆင့်ကမ်း ထိန်းသိမ်းနေတုန်းပဲ” ဟု ပြောသည်။ 

 

 

ကြတ်ဂူရုပ်ရှင်ဇာတ်ကားတွင် အမဲလိုက်မုဆိုး ရွှေဒေါင်းအဖြစ်လူမင်း၊ မုဆိုးရွှေဒေါင်း၏ ဇနီးစိတ်မူမမှန်သူ ဒေါ်မြစိန်အဖြစ်  ထွန်းအိန္ဒြာဗိုလ်၊ မုဆိုးရွှေဒေါင်း၏ သားထော်ကြီးအဖြစ် မြင့်မြတ်၊ ထော်ကြီးတစ်ဖက် သတ်ချစ်နေသူ ရွှေမျှင်အဖြစ် အိန္ဒြာကျော်ဇင်တို့က အဓိက ဇာတ်ဆောင်များအဖြစ် ပါဝင်ထားပြီး ကျောင်းဆရာလေးစောဝေဦးအဖြစ် ကျော်ထက်အောင်နှင့် အခြားသော အနုပညာရှင်များကလည်း အဆိုပါဇာတ်ကားကို အားဖြည့်ကူညီထားသည်။ 

 

အကယ်ဒမီထွန်းအိန္ဒြာဗိုလ်က “ကြတ်ဂူဇာတ်ကားမှာ အမျိုးသားဆုံးရှုံးသွားလို့ စိတ်ကျန်းမာရေးထိနေတဲ့ အမျိုးသမီးတစ်ယောက်အနေနဲ့ သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်း ဇာတ်အိမ်ဖွဲ့ထားတာက သဲထိတ်ရင်ဖို ဇာတ်လမ်းမျိုးတွေပါပါတယ်။  ပညာပေးအနေနဲ့ဆို ကုသိုလ် အကုသိုလ်ရဲ့ အကျိုးခံစားရတာတွေပါတယ်။ ဖျော်ဖြေမှုလည်းရမယ်။ ပညာပေးလည်းရမယ်” ဟုပြောသည်။ 

 

အဆိုပါဇာတ်ကားသည် ကိုယ်ပြုခဲ့သည့် “ဝဋ်ကြွေး” ကြောင့် မကောင်းမှုပြုလုပ်ပါက မကောင်းသည့် ဝဋ်ကြွေး ကြေအောင်ပြန်လည်ပေးဆပ်ရပြီး အခြားသူအစားထိုး၍ ပေးဆပ်မရနိုင်သည့် အကြောင်းကို ရသစုံဖြင့် ပုံဖော်ရိုက်ကူး တင်ဆက်ထားခြင်း ဖြစ်သည်။ 

 

အကယ်ဒမီအိန္ဒြာကျော်ဇင်က “သမားရိုးကျ ဇာတ်တွေထဲက ခွဲထွက်ထားတဲ့ ဇာတ်လမ်းမျိုး၊ ဇာတ်အိမ်ဖွဲ့စည်းထားတာ ထူးခြားပါတယ်။ ရသအနေနဲ့ ပြောမယ်ဆိုလည်း အမျိုးစုံပါပါတယ်။ ကိုယ်မလုပ်ဖူးတဲ့ အိုက်တင်တွေလဲပါတယ်။ ဒီလိုကားမျိုးကို ကြည့် စေချင်ပါတယ်။ ပရိသတ်ရဲ့ အသံတွေလည်း ပြန်ကြားချင်ပါတယ်”ဟုပြောသည်။ 

 

ကျော်ထက်အောင်က “ကြတ်ဂူဇာတ်ကားက ကျနော်အတွက် ပထမဆုံးကားပါ။ ကျောင်းဆရာလေးစောဝေဦးအနေနဲ့ ပါဝင်ဖြစ်ခဲ့ပါတယ်။ ကြတ်ဂူဇာတ်ကားက ကောင်းတယ်လို့ ညွှန်းတာထက် ဒီကားထဲမှာ ပါဝင်ထားတဲ့ တစ်ယောက်ချင်းစီရဲ့ ဇာတ်ကောင်စရိုက်တွေကိုကြည့်ပါ။ နောက်ကယားလူမျိုးတွေရဲ့ ယဉ်ကျေးမှု ဓလေ့တွေ၊ သူတို့ရဲ့ အဝတ်အစားတွေ၊ ထုံးတမ်းစဉ်လာတွေကလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ကြက်ရိုးဗေဒင်လို ကယားလူမျိုးတွေရဲ့ မပျောက်ပျက်သေးတဲ့ ရိုးရာဓလေ့ တွေပါပါတယ်” ဟုဆိုသည်။ 

 

နိုဝင်ဘာ ၁၆ ရက်တွင် မြန်မာတစ်နိုင်ငံလုံး၌ ရုံတင်ပြသမည့် ကြတ်ဂူ ရုပ်ရှင်ဇာတ် ကားတွင် ကံကံ၏အကျိုး၊ အစွဲအလမ်းကြီးမှုကြောင့် ကိုယ်ပြုလိုက်သည့် အကုသိုလ်ပြစ် ဒဏ်များကို ပြန်ခံစားပေးဆပ်ရပုံများကို ပြသထားပြီး ကယား ပြည်နယ်၏ ရိုးရာဓလေ့ အမွေအနှစ်များကိုလည်း မြင်တွေ့ရမည်ဖြစ်သည်။ 

 

သတင်း..ညွှန့်ကိုကို ၊ ဓာတ်ပုံ..ရဲထွဋ်