ကယားတို့ဌာန ငွေတောင်ပြည် အပိုင်း(၂)

သီဟလုလင်

ထီးပွင့်ကန်မှာ ရေကန်ထဲကနေ ထီးပုံစံ အကွင်းကြီးပေါ်နေတာ ဘာကြောင့်လဲ
တချို့ခရီးသွားတွေလည်း မြင်ခွင့်မရခဲ့ကြဘူး။ တချို့ကျတော့လည်း နှစ်ပွင့်၊ သုံးပွင့် တစ်ခါတည်း ပွင့်နေတာကို မြင်ခဲ့ ကြရတယ်။ ကျွန်တော် ထီးပွင့်ကန်ကို ရောက်တော့ ရေစပ်နားမှာ ကျယ်ကျယ် ပြန့်ပြန့်ပွင့်နေတဲ့ ထီးပုံစံအကွင်းကြီးကို မြင်တွေ့ ခွင့်ရခဲ့ပါတယ်။ ဘာကြောင့် ရေကန်ထဲမှာ ခုလိုထီးပွင့်ပုံ ဖြစ်နေရသလဲ ဆိုတာ သိချင်မိခဲ့တယ်။ အဲဒီအချိန် ကတော့ ရှင်းပြနိုင်မယ့်သူ သေချာမရှိခဲ့လို့ သိခွင့်မရခဲ့ပေမယ့် နောက်ပိုင်းဖတ်ဖြစ်တဲ့ စာတချို့မှာတော့ ဒီထီးပွင့်ကန်ကြီးဟာ မီးတောင်ဟောင်းတစ်ခုရဲ့ ထိပ်ဝဖြစ်တဲ့အတွက် ကန်ရေပြင်ပေါ်ကို ထီးပွင့်ပုံသဏ္ဌာန် သဲနုန်းမြေတွေကို ပို့လွှတ်လေ့ ရှိတယ်တဲ့။ ဒီထီးပွင့်ကန်ဟာ အလျား၂၂၇ ပေ နဲ့ အနံ ၁၁၅ ပေ ရှိတဲ့ကန်ပါ။ ဒီကန်ကြီးဟာ ဒွေးမယ်နော်တို့ ညီအစ်မတွေ ရေကစားတဲ့ ရေကန်လို့လည်း တချို့က ဆိုကြပါတယ်။ ဒီထီးပွင့်ကန်နဲ့ မနီးမဝေးမှာ သဘာဝအတိုင်း ရေထွက်နေတဲ့ သစ္စာကန်နဲ့ နတ်ရေတွင်းတွေလည်း ရှိတယ်လို့ သိရပါတယ်။ ကျွန်တော်တော့ ဒီတစ်ခေါက် မရောက်ဖြစ်လိုက်ပါဘူး။ ဒဏ္ဍာရီထဲက ဒွေးမယ်နော်နဲ့ သုဓနုမင်းသားတို့ သစ္စာပြုတဲ့ကန်ပါတဲ့။ ဘယ်အချိန်ပဲဖြစ်ဖြစ် ရေမခန်းတဲ့ ရေထွက်မို့ ထူးခြားတယ်လို့ ဆိုကြပါတယ်။

ဒဏ္ဍာရီထဲက ကန်ခုနစ်ဆင့် သဘာဝကန်ဆီ
သုဓနုမင်းသားနဲ့ ဒွေးမယ်နော်တို့ရဲ့ အချစ်အလွမ်း ဇာတ်လမ်းလေးက ကယားပြည်နယ်ကို တစ်နိုင်ငံလုံးက တိုင်းရင်းသားတွေ သိအောင်လုပ်ဆောင် ပေးနေတယ်လို့ ကျွန်တော်တော့ ယူဆမိပါတယ်။ ဒွေးမယ်နော် အပါအဝင် ကိန္နရီ ညီအစ်မ ခုနစ်ဖော် ငွေတောင်ပြည်က ငွေတောင်ကြီးရဲ့ တောင်ခြေမှာရှိတဲ့ တောအုပ်ကြီးတစ်ခုထဲက ရေကန်ကို နေ့တိုင်း ရေလာဆော့ကြတယ်။ ပညာတော်သင်ကနေ ပြန်လာတဲ့ သုဓနုမင်းသားက ဒီတောအုပ်ကနေ ဖြတ်ပြန်တော့ ကိန္နရီ ညီအစ်မတွေကို တွေ့ပြီး စိတ်ဝင်စားလို့ နဂါးကျော့ကွင်းနဲ့ ထောင်ဖမ်းတဲ့အခါ အထွေးဆုံး ဒွေးမယ်နော်လေး မိပါတယ်။ ဒွေးမယ်နော်ကို သုဓနုမင်းသားက နန်းတော်ခေါ်ပြီး လက်ထပ်ထိမ်းမြားခဲ့တာမို့ ဒွေးမယ်နော်လည်း သျှောင်နောက် ဆံထုံးပါရင်း ဒီနေရာလေးကို လွမ်းဆွတ်နေရတယ်လို့ ပြောကြဆိုကြပါတယ်။ ဒီဒဏ္ဍာရီထဲက ကိန္နရီညီအစ်မ ခုနစ်ဖော် ရေကစားတဲ့နေရာဟာ ဒီကန်ခုနစ်ဆင့် ရေကန်ကြီးပဲလို့ ပြောကြပါတယ်။ လွိုင်ကော်ကနေဆို ၁၄ မိုင်ဝေးပါတယ်။ တောခြေကနေစပြီး သဘာဝအတိုင်း တစ်ဆင့်ချင်းတည်ရှိနေတဲ့ ရေကန်တွေပါ။ ခရီးသွားတွေ သွားပြီး နားနေနိုင်ဖို့ စားသောက်ဆိုင်တွေလည်း ကန်ကြီးအနီးအနားမှာ ရှိပါတယ်။ ရေကန်ကြီးကိုကြည့်ပြီး လန်းဆန်းကြည်နူး သွားစေနိုင်ပါ တယ်။ တောတောင်ရေမြေသဘာဝ အလှကို အပြည့်အဝခံစားနိုင်တဲ့နေရာ တစ်ခုပါပဲ။ ဒီနေရာမှာ ခုလို ရေပြင်နဲ့ တောတောင်အလှကို ခံစားတာထက်ပိုပြီး လုပ်ဆောင်လို့ရမယ့် အစီအစဉ်လေးတွေ လုပ်ဆောင်ပေးရင် ခရီးသွားတွေအတွက် ပိုပြီးလာရတာ ကျေနပ်မှုရှိစေမယ်လို့ ထင်မိပါတယ်။ ဒဏ္ဍာရီထဲက ကန်ကြီးကို အပြင်မှာ မြင်ဖူးအောင် လာကြည့်တာထက် ပိုပြီးလေးနက်တဲ့ ခရီးသွားအစီ အစဉ်တွေ စဉ်းစားဖော်ထုတ်ကြရင် ပိုပြီး လာချင်စရာကောင်းပါလိမ့်မယ်။

 

t1

 

သစ်သား ခေါင်းတလားတွေနဲ့ ခြောက်ခြားစရာ ကြတ်ဂူ
လွိုင်ကော်ဝန်းကျင်မှာ နာမည်ကြီးတဲ့ လည်ပတ်စရာ နောက်တစ်ခုက ကြတ်ဂူပါ။ ခုနက ခရီးစဉ်တွေနဲ့ ဆက်စပ်လို့ မရပါဘူး။ အရှေ့နဲ့ အနောက် ခရီးစဉ်တွေ ဖြစ်နေတာမို့ ကြတ်ဂူကို သွားမယ်ဆိုရင် ဒီးမော့ဆိုကနေ လွိုင်ကော်မြို့ထဲ ပြန်ဝင်ရပါတယ်။ တစ်နေ့တည်းနဲ့ အစုံရောက်အောင် သွားရတာမို့ မွန်းလွဲ ၁ နာရီကျော်မှ လွိုင်ကော်မြို့ထဲ နေ့လယ်စာ စားကြရတယ်။ လွိုင်ကော်မြို့ထဲက စားကောင်းတဲ့ ရွှေလက်ရာ မြန်မာထမင်းဆိုင်မှာ စားဖြစ်ခဲ့တယ်။ အဲဒီကနေမှ ကြတ်ဂူရှိတဲ့ လွိုင်ကော်မြို့ အရှေ့ဘက် ၁၀ မိုင်ကို သွားကြပါတယ်။ ကြတ်ဂူက ပင်လယ်ရေမျက်နှာပြင် အထက် ပေ ၁၉၉၀ မှာရှိတဲ့ ထုံးကျောက်ဂူ တစ်ခုပါ။ ကယားလို ရာစုကုလို့ ခေါ်ပါတယ်။ ဒီဂူအတွင်းမှာ သစ်လုံးကိုထွင်းပြီး လုပ်ထားတဲ့ သစ်သားခေါင်းတလားတွေ အများအပြား တွေ့ရှိခဲ့ကြပါတယ်။ တချို့ခေါင်းတလားတွေက ၁၅ ပေအထိ ရှည်ကြပါတယ်။ အတိုဆုံး နှစ်ပေရှိတဲ့ ခေါင်းတလားတွေအထိ ရှိကြပါတယ်။ ခေါင်းတလားတချို့ကို မြေပြင်မှာ၊ တချို့ကို ပေ ၂၀၊ ၃၀ လောက်မြင့်တဲ့ ဂူမျက်နှာကြက်တွေမှာ တွေ့ကြရတာပါ။ လွန်ခဲ့တဲ့ နှစ် ၇၀ လောက်တုန်းကတော့ အခေါင်းတွေထဲမှာ အရိုးစုတွေ တွေ့ရ တယ်လို့ ပြောကြပေမယ့် ခုရှိနေတဲ့ အခေါင်းတွေမှာတော့ အရိုးစုတွေ မတွေ့ရပါဘူး။ လက်ရှိအချိန်အထိ ခေါင်းတလား ၁၅၀ လောက် တွေ့ထားပြီ ပြောပေမယ့် ကျွန်တော်တို့ကတော့ အထဲမှာ နည်းနည်း ပဲမြင်ခဲ့ရတယ်။

သဘာဝလိုဏ်ဂူတစ်ခု ဆိုပေမယ့် ဘာသာရေး ယုံကြည်မှုတွေနဲ့ နွယ်ပြီး ဂူအတွင်းကို ဖိနပ်ပေးမစီးသလို၊ ဂူ အတွင်းနဲ့ အနီးဝန်းကျင်မှာ သောက်စား မူးယစ်တာ၊ စည်းကမ်းမဲ့ အမှိုက်ပစ်တာ၊ မဟုတ်တာလုပ်တာ၊ အပြောအဆို ညစ်ညမ်းတာ၊ သဘာဝပတ်ဝန်းကျင်ကို ဖျက်ဆီးတာတွေ မလုပ်ဖို့ ပြင်းပြင်းထန်ထန် တားမြစ်ပါတယ်။ ဂူအတွင်း လည်တဲ့အခါ လက်နှိပ် ဓာတ်မီးယူသွားဖို့ သတိပေးသလို၊ ဂူအတွင်း လေ့လာချိန်ကိုလည်း မနက် ၉ နာရီကနေ ညနေ ၄ နာရီထိပဲ သတ်မှတ်ခွင့်ပြုပေးထားပါတယ်။

ကြတ်ဂူထဲကို ဝင်ဖို့ အရင်ဆုံး ထုံးကျောက်တောင်ကြီးပေါ် တက်ရပါတယ်။ အုတ်လှေကား ပြေပြေလေးတွေက လာပြီး လေ့လာသူတွေကို သက်သောင့်သက်သာ ဖြစ်စေပါတယ်။ ဖိနပ်တွေကို ကားပေါ်မှာ ထားခဲ့တာလည်း သိပ်အဆင် မပြေပြန်ဘူး။ ကားကို ကြတ်ဂူရှိတဲ့ဝင်းရဲ့ အပြင်ဘက်မှာ ထားခဲ့ရပြီး လူတွေက အထဲကို လမ်းလျှောက်ဝင်ကြရတယ်။ ပြီးတော့ လှေကားကနေတစ်ဆင့် တောင်ပေါ်တစ်နေရာကို ပေ ၁၀ဝ လောက်တက် ရတယ်။ ဒီနေရာတွေမှာ ဖိနပ်မပါရင် အဆင်မပြေ ပြန်ဘူး။ ဖိနပ်ကို ဂူအဝင်ဝမှာ တည်ထားတဲ့ စေတီလေးနားက ဖိနပ် ထားတဲ့နေရာလေးမှာ ထားခဲ့လို့ရပါတယ်။

အဲဒီကနေ ဂူအတွင်းပိုင်းကို သစ်သားလှေကားနဲ့ တံတားထိုးထားတာတွေ ဖြတ်ပြီး ဝင်ရောက်ရပါတယ်။ ဂူထဲမှာ ကျောက်စွယ် ကျောက်ခတ်ပန်းဆွဲ တွေလည်း ရှိပါ တယ်။ လာရောက် လေ့လာသူတွေ အဆင်ပြေအောင်လို့ ဂူအတွင်းပိုင်း ပေ ၁၈၀ဝ ကျော် အထိ မီးကြိုးတွေသွယ်ပြီး မီးရောင်ပေးထားပေမယ့် အလွန်လုံလောက်တဲ့ ပမာဏတော့ မဟုတ်ပါဘူး။ ဓာတ်မီးလည်း မပါတော့ ကိုယ့်ဖုန်းမီးလေးတွေကို ပဲ အားကိုးပြီး လျှောက်ရပါတယ်။ ဂူအတွင်း စဝင်ဝင်ချင်းတော့ နည်းနည်း ခြောက်ခြားပါတယ်။ နောက်တော့ တဖြည်းဖြည်း သွားလာရအဆင်ပြေလာတယ်။ အသက်ရှူလို့ မဝချင်သလို ဖြစ် တတ်တယ်။ ဂူအတွင်းထဲမှာလည်း ဘုရားတည်ထားတာ တွေ့တယ်။ မီးတန်းသွယ်တဲ့နေရာ ပြီးသွားရင် ရှေ့ဆက်သွားဖို့ အဆင်မပြေတော့ပါဘူး။ တချို့ လေ့လာသူတွေလည်း ကိုယ့်အစီအစဉ်နဲ့ကိုယ် တော်တော်နက်နက်အထိ ဝင်ကြည့်ကြတယ် ကြားဖူးပါတယ်။ တချို့ကလည်း ဒီကြတ်ဂူအတွင်းမှာ ဘုရင်တစ်ပါးပါးနဲ့ သူ့အမှုထမ်းတွေရဲ့ ခေါင်းတလားတွေ ရှိနေနိုင်တဲ့ အတွက် စိတ်ဝင်စားစရာတွေ ရှိမယ်လို့ ယူဆကြတယ်။ ရှာတွေ့နိုင်ဖို့ ကြိုးစားကြတယ်လို့လည်း ပြောသံကြား ခဲ့ဖူးတယ်။ ကျွန်တော်တို့ကတော့ ကြတ်ဂူအတွင်း သတ်မှတ်ထားတဲ့နေရာ အရောက်မှာ ပြန်လှည့်ခဲ့ကြတယ်။ ကြတ်ဂူတောင်က အဆင်းလမ်းမှာ သတိပြုမိတာ တံခွန်တိုင်စိုက်ထူထားတာပဲ။ ဒီဘက်မှာ တံခွန်တိုင် စိုက်ထူပူဇော် လှူဒါန်းရင်း ဆုတောင်းတဲ့ ဓလေ့နဲ့ အစဉ်အလာရှိကြောင်းကို မှတ်သားမိတယ်။ ဒီတံခွန်တိုင်က သဘာဝတရားကို ရည်ညွှန်းတာဖြစ်ပြီး စကြဝဠာတစ်ခုလုံးနဲ့အတူ ကမ္ဘာ့ဓာတ်ကြီးလေးပါး ညီညာမျှတမှုရှိအောင် ရည်ရွယ်ဆုတောင်း စိုက်ထူထားတာလည်း ဖြစ်ပါတယ်။

ကယားတို့ဒေသမှာ စားစရာသောက်စရာ
လွိုင်ကော်ဘက်ရောက်ရင် မဖြစ်မနေ စားဖြစ်အောင် စားသင့်တဲ့ ဒေသထွက် စားစရာ ကောင်းကောင်းတွေ ရှိပါတယ်။ ဒါတွေ စားဖြစ်အောင် စားခဲ့ပါနော်။

t2

 

(၁)    ကယားဝက်အူချောင်း
ကြိုတင်မှာရတဲ့အပြင် ရက်ကြာကြာ အထားမခံတဲ့အတွက် တစ်ရက်နှစ်ရက်အတွင်း စားရပါတယ်။ ပြန်မယ့်ရက်နဲ့ တွက်ချက်ပြီး မှာကြားရပါတယ်။ မှာမှလည်း လုပ်ပေးပါတယ်။ အရသာအလွန် ရှိပါတယ်။ အချောင်းလိုက် အရှည်ကြီးကို အပြင်ပန်း မြင်ရတာကတော့ ပုံစံတစ်မျိုး ဖြစ်နေပေမယ့် စားလိုက်ရင် အရသာ အလွန်ကောင်းလွန်းတယ်။ ဆိုးဆေးနဲ့ ကြာရှည်ခံဆေး မသုံးလို့ အထားမခံတာပါ။ အသားများများနဲ့ အစပ်အဟပ် တည့်တည့် လုပ်ထားတဲ့ ဝက်အူချောင်းကို အစိမ်းလိုက် လှီးဖြတ်ပြီး ဒီအတိုင်းကို မက်ခါမှုန့်နဲ့ ငရုတ်သီးမှုန့် ရောစပ်ထားတဲ့ အမှုန့်နဲ့ တို့စားရပါတယ်။ ကြော်စားရင်လည်း ကောင်းလှပါတယ်။ ကျွန်တော် ရောက်တုန်းက ကယားဝက်အူချောင်းကို ရန်ကုန်သယ်နိုင်အောင် ကိုယ်တိုင် မှာပေး၊ စီစဉ်ပေး၊ လာပို့ပေးတဲ့ ကျွန်တော့် မိတ်ဆွေ စာရေးအလွန်ကောင်းတဲ့ စာရေးဆရာ သော်ဇင် (လွိုင်ကော်) ရဲ့ ကျေးဇူးကြောင့် အတော်လေး အဆင် ပြေပြေဖြစ်သွားတယ်။ မှာမယ့်နေရာနဲ့ မှာရမယ့်အချိန်ကို သိပ်မသိတာလည်း ပါတော့လေ။ သူကူညီလို့သာ အဆင်ပြေ သွားတာ။

(၂)    ကယားဟင်းထုပ်
ဝက်သား ဒါမှမဟုတ် ကြက်သားနဲ့ လုပ်ထားတဲ့  ဟင်းထုပ်ရှိသလို၊ သက်သတ် လွတ်ဟင်းထုပ်လည်း ရှိပါတယ်။ မင်္ဂလာ ရပ် ကံ့ကော်လမ်းထဲက ဦးထွန်းရ မင်္ဂလာဟင်းထုပ်ဆိုင်က နာမည်ကြီးသလို စားလို့လည်း ကောင်းပါတယ်။ စောစောသွားမှ စားရပါတယ်။ ကုန်တာမြန်ပါတယ်။ အဲဒီ ဆိုင်က ဝက်လုံးလည်း ကောင်းတယ်။

(၃)    ဝါးပိုးကောင်ကြော်၊ ဝါးပိုးကောင်ဟင်း
(၄)    ခါချဉ်ဥကြော်
(၅)    ကယားခေါင်ရည်
(၆)    ဆန်လှော်ဆေးခါး

ကယားမြေမှာ မြန်မာထမင်းဟင်း စားမယ်ဆိုရင်တော့ တောင်ကွဲစေတီ လမ်းပေါ်က “ရွှေလက်ရာ” ဆိုင်က လက်ရာ အလွန်ကောင်းတယ်။ ဝန်ထမ်းတွေကလည်း ဖော်ရွေတယ်။ နေ့စဉ် ဟင်း Menu  က ပြောင်းတယ်ထင်ပါတယ်။ ဒီနေ့ အတွက်ရနိုင်တဲ့ ဟင်းဆိုတဲ့ Menu က စာရွက်လေးကို လက်ရေးနဲ့ ရေးထားပြီး အပေါ်မှာ နေ့စွဲတပ်ပေးထားတယ်။ ကျွန်တော်စားတဲ့နေ့ကတော့ ဝက်သား ဟင်း၊ ဝက်ကလီစာဟင်း၊ ဝက်သား ပုန်းရည်ကြီး၊ ဝက်သားကြော်၊ ဝက်ခြေ ထောက် ဟင်းရည်၊ ကြက်သားဟင်း၊ ကြက်သားကြော်၊ ကြက်အာလူး၊ ကြက် အသည်းအမြစ်ဟင်း၊ ကြက်သား ကာလ သားချက်၊ ကြက်ခွေးတောက်၊ ဆိတ်သား ငရုတ်သီးချက်၊ ဆိတ်သားဟင်း၊ ဆိတ်ကလီစာဟင်း၊ ငါးမြင်းဆီပြန်ဟင်း၊ ငါးရှဉ့် ဂွေးသီး၊ ငါးကြင်းကြော်ချက်၊ ပုစွန်တုပ်ဆီ ပြန်ဟင်းတွေရပါတယ်။ အကုန်တော့ မစားပါဘူး။ ကြက်ခွေးတောက်၊ ဝက်ပုန်း ရည်၊ ကြက်ကာလသား၊ ဆိတ်ကလီစာ၊ ငါးကြင်းကြော်ချက်တွေ စားကြည့်တာ အတော်လေး ကောင်းတယ်။ အရန်ဟင်း အသုတ်လေးတွေလည်း စုံတယ်။ အရည် သောက်ချဉ်ရည် ဟင်းလေးလည်း ပေးတယ်။ တို့စရာလည်း စုံတယ်။ တကယ့်ကို လတ်ဆတ်စိမ်းမြနေတာပါ။ ထမင်းစားပြီးရင်လည်း အချိုပွဲကို နာနတ်သီးပေးတယ်။ သကြားလုံး၊ တော်ဖီလေးတွေ ကျွေးတယ်။ ဈေးနှုန်းကျတော့လည်း တစ်ယောက်ကို ငွေကျပ် ၃၀ဝဝ ဝန်းကျင် လောက်ပဲကျတော့ တန်တယ်ပြောရမယ်။ ဒီဆိုင်အကြောင်းကို Fooda-holic Myanmar Page မှာလည်း ကျွန်တော် ရေးဖူးသေးတယ်။

ညစာကို ဘီယာနဲ့ ဘာဘီကျူ လေးစားချင်တယ်ဆိုရင်တော့ Loikaw City Kyay Oh & BBQ House က ကောင်းတယ်။ သူလည်း ဆိုင်ခွဲတွေ ရှိတယ်။ မြို့ထဲကဆိုင်က BBQ ရွေးစရာ ပိုစုံတယ်ပြောတယ်။ အဲ့ဒီဆိုင်မှာလည်း ကယား ဝက်အူချောင်းကြော်ကို မက်ခါမှုန့်နဲ့ ရနိုင်တယ်။ ရန်ကုန်စာ အလွမ်းပြေရနိုင်တာလည်း ဒီဆိုင်ပဲဆိုပါတော့။

လွိုင်ကော် ခရီးစဉ်ကတော့ ကျွန်တော့်ကို ပြန်ပြီးသတိရစေတာတွေ အတော်များပါတယ်။ ကွယ်လွန်သွားပြီဖြစ်တဲ့ ဖေဖေ့ကို အရင်ဆုံး သတိရစေတယ်။ ဆယ်တန်းဖြေပြီးခါစ ကောင်လေးတစ်ယောက်ရဲ့ လွတ်လပ်မှု၊ စူးစမ်းလိုစိတ်နဲ့ အညိုရောင် နယ်မြေလို့သတ် မှတ်ခံရချိန်ထဲ ည ၆ နာရီထိုးရင် အပြင် မထွက်ရလို့ လုပ်စရာရှိတာတွေကို ညနေစောင်းရင် အပြေးအလွှား လုပ်ရတဲ့ အမှတ်တရတွေ၊ ရန်ကုန်အစားအစာတွေကို သတိရလို့ တစ်မြို့လုံး ပြူးပြဲရှာရင်း တစ်ခုတည်းသော ဘာဂါဆိုင်လေးမှာ စားခဲ့ရတဲ့ ဘာဂါရဲ့ အရသာ။ လွိုင်ကော်မှာ လည်လို့မဝသေးတဲ့ ကျွန်တော်ကတော့ အခွင့်ကြုံရင် ထပ်သွားချင် ပါသေးတယ်။ နောက်ထပ် လည်ပတ်လေ့လာ စရာတွေ ရှိနေဦးမယ်လို့လည်း ယုံကြည်လို့ ငွေတောင်ပြည်မှာ ခြယ်မှုန်းတဲ့ ပန်းချီကားတစ်ချပ်ကို ကျွန်တော့်ရင်ထဲမှာ ထာဝရ သိမ်းဆည်းထားချင်ပါသေးတယ်။     ။