ကယော(ဗရဲ့)လူမျိုးအကြောင်း တစ်စေ့တစ်စောင်း

၃ နိုဝင်ဘာ

 

လူမျိုးတစ်မျိုး၏ လူမျိုးဆက်နွှယ်ပုံနှင့် လူမျိုးအစကိုလေ့လာရာတွင် ထိုလူမျိုး၏ စာပေသမိုင်းမှတ်တမ်းများ၊ အိမ်နီးချင်းလူမျိုး များ၏ စာပေသမိုင်းမှတ်တမ်းများကို အားကိုး အားထားပြုရမည်ဖြစ်သည်။


သို့ရာတွင် ထိုလူမျိုး၌ စာပေမှတ်တမ်းများ၊ အိမ်နီးချင်းလူမျိုးတို့၏ စာပေမှတ်တမ်းများ၊ အားကိုးအား ထားမပြုနိုင်ပါက ထိုလူမျိုး၏ လူမှုရေးဆိုင်ရာဓလေ့ထုံးစံများ၊ ယဉ်ကျေးမှု၊ ယုံကြည်ကိုးကွယ်မှုဆိုင်ရာ အယူဝါဒ၊ ဒဏ္ဍာရီပုံပြင်၊ ရှေးလူကြီးတို့၏ စကား၊ တေး၊ ကဗျာ၊ လင်္ကာ၊ ဝတ်စားဆင်ယင်မှု၊ အသုံးအဆောင် ပစ္စည်းများ၊ ဘာသာစကားဆိုင်ရာ အရင်း အမြစ်၊ ကိုယ်ခန္ဓာအစိတ်အပိုင်း စသည်တို့ကို လေ့လာ သည့်ပညာရပ်တို့ဖြင့် လေ့လာရမည် ဖြစ်သည်။

 

တိုင်းရင်းသားလူမျိုးများဖြစ်ကြကုန်သော ကယား၊ ကယော၊ ကယန်း အစရှိသော လူမျိုး များတွင် မိမိ၏ လူမျိုးသမိုင်းကို စာပေအက္ခရာ တို့ဖြင့် မှတ်တမ်းတင်ထားခြင်း မရှိသောလူမျိုး များဖြစ်ကြ သည့်အလျောက် လူမျိုးဆက်နွှယ်ပုံ နှင့် လူမျိုးအစကို ခိုင်လုံသောအထောက် အထားများ၊ သာဓကများဖြင့် ဖော်ပြနိုင်စွမ်း မရှိပါ။ သို့သော်လည်း တိုင်းရင်းသားလူမျိုး များသည် မိမိတို့၏ သမိုင်းနှင့် ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို စကား၊ တေး၊ ကဗျာ၊ လင်္ကာတို့ဖြင့် စိတ်နှလုံး၌မှတ်သားထားလျက် သက်ကြီးစကားသက်ငယ်ကြားသည်ဟု ဆို သည့်အတိုင်း ရှေးလူကြီးတို့၏စကားကို ခေတ်ကာလအဆက်ဆက်တွင် လက်ဆင့်ကမ်း ပေးအပ်နိုင်ရေး အတွက် နှုတ်တိုက်အာဂုံဆောင် စေလျက် မှတ်သားလာခဲ့ကြသည်။

 

ကယော(ဗရဲ့)ဆင်းသက်လာပုံ

 

 

 

ကယောလူမျိုးတို့သည် မွန်ဂိုလွိုက်အုပ်စု ထိုင်းတရုတ်အနွယ်ဝင် ကရင်လူမျိုးတွင် ကယောလူမျိုးပါဝင်သည်။ ဘွဲ့ကရင် (ဗရဲ့ကရင်)သည် မိမိကိုယ်ကို ပရာကယော ဟူ၍လည်းကောင်း၊ ဘာကယောဟူ၍ လည်း ကောင်း ခေါ်ဆိုကြသည်။ ကယောလူမျိုးများ သမိုင်းတွင်လည်းကောင်း၊ စာပေတွင် လည်း ကောင်း ဘွဲ့ပဒဲ၊ ဗရဲ့၊ ပရယ်ဟူ၍သာ လူ အများခေါ်ဝေါ်သုံးစွဲကြသည်။ ကရင်အနွယ်ဝင်တွင် အကြီးမားဆုံးသောလူမျိုးဖြစ်သော် လည်း ၎င်းတို့နေထိုင်ရာဒေသသည် အခြား လူမျိုးများနှင့် နီးစပ်သောကြောင့် ယဉ်ကျေးမှု ရောနှောလာ သောအခါတွင် မူလအရင်းအမြစ် ပျောက်ပြီး နီးစပ်ရာလူမျိုးအဖြစ် ခံယူကြသည် ကို လေ့လာတွေ့ရှိရပါသည်။ ကယားပြည်နယ်၌ ဒုတိယအများဆုံးလူမျိုးဖြစ်ပြီး ကယား၊ ကယော၊ ကယန်းလူမျိုးများက အဓိကလူမျိုး အဖြစ် ထင်ရှားလျက်ရှိသည်။ ကယောတို့ နေထိုင်ရာအရပ်ဒေသများမှာ လမ်းပန်းဆက် သွယ်ရေးအလွန်ခက်ခဲသဖြင့် လူဦးရေနည်းသော လူမျိုးဖြစ်သည်။

 

ဘာသာစကားနှင့်စာပေ

 

ကယောလူမျိုးစုသည် ကရင်အနွယ်ဝင် ဖြစ်သည်။ စကောကရင်ဘာသာစကားနှင့် ၅ဝ ရာခိုင်နှုန်းခန့် လေယူ လေသိမ်းပြောဆိုမှုများ တူညီသည်။ လျှာသံ၊ အာသံ၊ နှာသံ၊ စကားကွဲ၊ စကားအက်နည်းပြီး လေ့လာ ရာတွင် လွယ်ကူသည်။စာပေမှာ အနောက်တိုင်း အီတာလျံ ကက်သလစ်သာသနာပြု ဘုန်းတော်ကြီး ရိုဖရေးဒို ဂေါင်တီက ဂေးဘားဘာသာစကားကို လက်တင်ဘာသာစကားဖြင့် တီထွင်ထားသော စာပေဖြစ်သည်။ ၎င်းစာပေကို ၁၈၆၉-၁၈၇၅ ခုနှစ်ခန့်တွင် တရားဝင်တီထွင်ခဲ့ပြီး ကယောလူမျိုး၊ ကယားလူမျိုးနှင့် ကယန်း လူမျိုးများ ယနေ့တိုင်သုံးစွဲခဲ့သည်မှာ ရာစုနှစ် တစ်ခုပင်ရှိပြီဖြစ်သည်။

 

ဗရဲ့မှ ကယောသို့ ပြောင်းလဲခေါ်ဝေါ်ခြင်း

 

 

ကယောလူမျိုးကို ဘွဲ့ဟူ၍လည်းကောင်း၊ ဗရဲ့ဟူ၍လည်းကောင်းခေါ်ဆိုခြင်းကို ခေတ် လူငယ်များက မနှစ်သက်ကြပါ။ ရှေးယခင်မူလ အမည်ဖြစ်သော ကယောဟူသော အမည်ကိုသာ ခေါ်ဆိုသုံးနှုန်းကြရန် အမြဲတမ်းတောင်းဆို ကြသည်။ ကယောလူမျိုးသည် မိမိတို့တွင် ကိုယ်ပိုင်သမိုင်း၊ ကိုယ်ပိုင်ဓလေ့ထုံးတမ်း၊ ယဉ်ကျေးမှုရှိသော လူမျိုးဖြစ်သည်။ကယောလူမျိုးများသည် မိမိတို့၏ အစဉ်အလာကြီးမားသော ဓလေ့နှင့်ယဉ်ကျေးမှု၊ လူမျိုး မပပျောက်ရေး အတွက် ထိန်းသိမ်းခဲ့ကြသည်။ ကယောလူမျိုးများသည် ဗရဲ့မှ ကယောသို့ ပြောင်းလဲခေါ်ဆိုရန် သက်ဆိုင်ရာသို့ တင်ပြခဲ့သည်။ ထို့ကြောင့် ၁၉၆၈-၁၉၆၉ ခုနှစ်တွင် ကယားပြည်နယ် လွိုင်ကော်မြို့ ယဉ်ကျေးမှုဦးစီးဌာန ဦးစီးမှူး ဦးဆောင်၍ ကယောလူမျိုးများ နေထိုင်ရာအရပ်ဖြစ်သော ဟိုဟာ၊ ဂေကော၊ ဆူးပြောင်း၊ တနန်းဦးကွယ်၊ ဘာဒိုတွင် ကယောလူမျိုးစုများ၏ ဆန္ဒသဘောထားကို မေးမြန်းခဲ့ပြီး ၁၉၇၁ ခုနှစ် (၂ဝ)ကြိမ်မြောက် ကယားပြည်နယ်နေ့တွင် ကယောလူမျိုးကို ဗရဲ့မှ မူလကယောသို့ တရားဝင်အမည် ပြောင်းလဲခြင်းကို ထုတ်ပြန် ကြေညာပေးခဲ့သည်။

 

ဆေးမင်ကြောင်ထိုးခြင်းဓလေ့နှင့်အချိန်

 

တစ်နှစ်တစ်ကြိမ် ၁၂ လ၊ ၁၂ ရာသီ၏ နောက်ဆုံးလဖြစ်သော နတ်တော်၊ ပြာသိုလတွင် ထိုးကြသည်။ ထိုအချိန်တွင် လယ်ယာ သီးနှံများ ရိတ်သိမ်းပြီးချိန်ဖြစ်၍ အေးချမ်း သော အချိန်ဖြစ်သည်။ ၎င်းအချိန်တွင် နေရာတိုင်း၌ နှစ်သစ်ကူးပွဲကျင်းပမည့် အချိန်ဖြစ်၍ စိတ်သစ်၊ လူသစ်၊ ပြည်သစ်တည်ရန်အတွက် လူပျို၊ အပျိုများကို ဖူးချိန်တန်၊ သီးချိန်တန် အရွယ်ဖြင့် လူပျို၊ အပျိုဘောင်အဖြစ် တရားဝင် အသိအမှတ်ပြုခြင်း၊ လူရာသွင်းခြင်း၊ နေရာ ပေးခြင်း၊ စင်တင်ခြင်း ပြုလုပ်ကြသည်။

 

မိမိတို့လူမျိုးစု မပပျောက်ရေး၊ မတိမ်ကောရေးအတွက် ထိန်းသိမ်းသွားရန်၊ မိမိတို့၏လူမျိုးစုအလိုက် သင်္ကေတ အမှတ် အသားကို ကမ္ဘာမြေကုန်သည်အထိ ဆင့်ကဲ ပြုလုပ်သွားရန် မှာသွားကြောင်း ရှေးလူကြီး များက ဆိုသည်။ လူပျို၊ အပျိုဘောင်သွင်းပွဲ မကျင်းပမီ သီတင်းတစ်ပတ်ခန့် ကြိုတင်၍ ကုန်းသတ္တဝါ၊ ရေသတ္တဝါအသားကို ရှောင်ကြဉ်ရသည်။ တစ်ကိုယ်ရေ ကျန်းမာသန့်ရှင်းခြင်းကို နေ့စဉ်ပြုလုပ်ရသည်။ ဝါရှောင်ခြင်းအမှုကိုပြုလုပ်ရသည်။ လူ့အကျင့်သိက္ခာကို သန့်သန့်ရှင်းရှင်း ထိန်းထိန်းသိမ်းသိမ်းထားရသည်။ လူပျို၊ အပျိုဂေဟာတွင်သာ အထိန်းတော်ဖြင့် နေကြရသည်။

 

အမျိုးသမီးများ သွားအနက်ရောင်ဆေးဆိုးခြင်း

 

 

အမျိုးသမီးများမှာ သီးသန့်အဆောင်တွင် နေထိုင်၍ မိမိတို့၏ သွားများကို သွားချေး ကင်းစင်အောင် ဖရုံသီးကိုကိုက်၍ သွားကို ဆေးကြောပါသည်။ အာခေါင်နှင့် သွားများ သန့်စင်သောအခါတွင် ခေါင်းဆောင်က အသင့်ခူးထားသော နွယ်သီးကိုလည်းကောင်း၊ နွယ်ခေါက်ကိုလည်းကောင်း ရှောက်ရည်နှင့် ရောစပ်ပြီး ဝါးဆစ်ဘူးခွက်တစ်ခွက်စီငုံရန် မင်္ဂလာစကားကိုရွတ်ပြီးမှ ဆေးကိုငုံထားစေ သည်။ သွားအနက်ရောင်သို့ မပြောင်းမချင်း နှီးပြားကွေးပြီး ပါးစပ်ကို ဟထားရသည်။ သို့သော် ဆေးကိုမျိုမချရပါ။ သွားအနက် ရောင်ဖြစ်လာသည့်အခါ ဆန်ပြုတ်အရည်ကျဲမှ တစ်ပါး မည်သည့်အစားအစာနှင့်သားငါးများ ကို စားခြင်းမပြုဘဲ လုံးဝရှောင်ကြဉ်ရပါသည်။ သုံးရက်မှ သီတင်းတစ်ပတ်ကြာသောအခါတွင် ဆေးမင်ကြောင်ထိုးခြင်းနှင့် သွား အနက်ရောင် ဆိုးခြင်း အမှုပြီးစီးပါက တုံးမောင်းခေါက်သံ ပေးပြီး ရွာမှအိုးစည်ဗုံမောင်းဖြင့် လာရောက် ကြိုဆိုကြသည်။


လူပျို၊ အပျို၊ ကာလသားများမှာ ဝမ်းမြောက်ဝမ်းသာစွာ ဓားသိုင်းအကဖြင့် ရွာထဲသို့ ပြန်ဝင်လာကြသည်။ ဆေးမင်ကြောင် နှင့် သွားနက်ဆိုးခြင်းပြီးနောက် လူပျို၊ အပျို ဂေဟာသို့ သီတင်းတစ်ပတ်ခန့်ကြာအောင် ဝါရှောင်ခြင်းဖြင့် ပြန်လည်နေထိုင်ကြသည်။ ဥပုသ်ထွက်ပြီးနောက် အသားငါးကို စားနိုင်ပြီ ဖြစ်သော်လည်း အဆူးရှိသော၊ အစေးရှိသော၊ အနံ့အသက်ရှိသော၊ ကျောက်ပေါ်တွင် ပေါက်သောအသီးအရွက်များ၊ ဆီးဖြူသီးနှင့် တောရိုင်း တိရစ္ဆာန်များစားသော အသီးအရွက်များကို တစ်လခန့်ရှောင်ကြဉ်ကြသည်။စည်းကမ်းဖောက်ပါက ကျားဆွဲတတ်သည်၊ ဝက်ပက်တတ်သည်၊ ဝက်ဝံကိုက်တတ်သည်၊ မြွေပေါက်တတ် သည်၊ ကင်းကိုက်တတ်သည်၊ ပဒူတုပ်တတ်သည်၊ မိုးကြိုးပစ်တတ်သည်၊ မိကျောင်းဆွဲတတ်သည်ဟူ၍ ယုံကြည် ယူဆကြသည်။

 

ကယောကယန်းလူမျိုးများ မိမိတို့၏လူမျိုးစုကို ထိန်းသိမ်းခြင်း၊ လူပျို၊ အပျိုကို ရှင်လူနတ်ကြားအောင် ဘောင်သွင်းခြင်း၊ ဥပုသ်ဆောက်တည်ခြင်း၊ ဝါရှောင်ခြင်းတို့မှာ ရှေးနှစ်ပေါင်းများစွာက ပြုလုပ်ထားသော အစဉ်အလာ အထိမ်းအမှတ်တစ်ခုဖြစ်သည်။ ဆေးမင်ကြောင်ထိုးခြင်းနှင့် သွားအနက်ဆိုး ခြင်းမပြုလုပ်သူ ဟူ၍မရှိဘဲ လူတိုင်းအမျိုးသား ရေးတာဝန်တစ်ရပ်အဖြစ် ပြုလုပ်ကြရသည်။

 

ဝတ်စားဆင်ယင်ထုံးဖွဲ့မှု

 

ကယောလူမျိုးများသည် အနုပညာ ယဉ်ကျေးမှု၊ အကအခုန်၊ ဝတ်စားဆင်ယင် ထုံးဖွဲ့မှု၊ ဓလေ့ထုံးတမ်း၊ ဘာသာစကားတို့ကို အထူးအလေးအမြတ်ထားသော လူမျိုးဖြစ် သည်။ ကယောလူမျိုး အမျိုးသား၊ အမျိုးသမီး တို့ ဝတ်စားဆင်ယင်မှုဆိုင်ရာမှာ အဓိပ္ပာယ် အမျိုးမျိုး ဖွင့်ဆိုထားသည်။အမျိုးသားများ၏ ဝတ်စားဆင်ယင်မှုမှာ လည်ခွဲသင်တိုင်းဖြစ်သည်။ အရောင်မှာ အဖြူ ရောင်အောက်ခံပြီး အနီစင်း၊ အဖြူစင်း၊ အနက်စင်း သုံးလိုင်းဒေါင်လိုက်အရောင် ဖောက်ပြီး ဝတ်ဆင်ကြသည်။ သင်တိုင်းပေါ် တွင်ရှိသော အဆင်းများမှာ ဖားစည်၏မျက်နှာပြင်ပေါ်တွင်ရှိသော နေဝန်းကြီး ရောင်ခြည်လက် ခြောက်ခု၊ ရှစ်ခု၊ ၁၂ခု ထွန်း တောက်ပြီး စက်ဝိုင်းသဏ္ဌာန် သုံးရစ်တစ်ကန့်၊ တစ်ရစ်တစ်ကန့်၊ သုံးရစ်တစ်ကန့် သက်တန့် ပမာ ဝိုင်းရံထားသော ရောင်ခြည်လိုင်းအရစ်ကို အစွဲပြုပြီး ရက်လုပ်ထားသည်။ အနက်ရောင် အဓိပ္ပာယ်မှာ သုံးခွန်းမြောက်စကားမှ ကတိ တည်သည်။ သုံးပင်လိမ်ကြိုးမှ ခိုင်သည်။ ဖိုခုံလောက်သုံးခုဆိုင်မှ မြဲသည်ဟု ဆိုသည်။ အရောင်တွင် အဖြူ၊ အနီ၊ အနက် သုံးခုအဓိက ထားပြီးရက်ကြသည်။ အဖြူရောင်မှာ သန့်ရှင်း ဖြူစင်ခြင်းကို ဆိုလိုသည်။ အနီရောင်မှာ သတ္တိရှိခြင်း၊ သစ္စာရှိခြင်း၊ ရဲရင့်ခြင်းကို ဆောင် ပြီး အနက်ရောင်မှာ ကြံ့ခိုင်မှုကို ဆိုလိုသည်။

 

အမျိုးသမီးသည် ကလေးဘဝတွင် နားပေါက်ဖောက်ပြီးနောက် သက်ငယ်ရိုး တစ်ချောင်းမှစ၍ တစ်ချောင်းပြီး တစ်ချောင်း ထိုးကာ နားပေါက်ကျယ်လာသည်အထိ ထည့် ၍ ချဲ့ပေးသည်။ အပျိုအရွယ်တွင် နားတောင်း ထဲ၌ လပြည့်ဝန်းပုံသဏ္ဌာန် ဖော်ဆောင်ထား သော ဝိုင်းစက်နေသော ကြည့်မှန်တစ်ချပ်ကို ပြုလုပ်ထားသည်။ 

 

မိုင်းနော်ရိန်း(လူမှုဘဝ)