ကယန်းသွေးချင်းတို့ရဲ့ ပန်ပက်ရွာသာစခန်းကိုလ မြန်းကြွခဲ့ပါ

၂ သြဂုတ်

ပန်ပက် (သို့မဟုတ်) ထင်းရှူးမြိုင်သာယာနေရာဒေသတစ်ခုသို့ရောက်လျှင် ထိုမြို့၊ ထိုရွာ၊ ထိုဒေသနှင့် စပ်လျဉ်းသောအမည်နာမ အဓိပ္ပာယ်ကိုသိလို၍ စေ့ငုတတ်သည်ကတော့ ကျွန်တော်၏အကျင့်တစ်ခုဟုပြောရမလိုပင်။ ဝန်ထမ်းဘဝတုန်းက ရခိုင်ဒေသသို့သွားခဲ့စဉ် ဆေးတံပုံသဏ္ဌာန်ကျောက်တုံးကြီး တည်ရှိနေရာအရပ်ကို ကျောက်ပန္ဒုကျေးရွာဆိုတာမျိုး၊ တစ်ခါ ပင်လောင်းနှင့်ဖယ်ခုံအကြား နွားလဘို့တောင် အနီးက ရွာလေးကို နောင်ဝိုးရွာဟု ခေါ်တာမျိုးတွေကို သိခွင့်ရခဲ့သည်။ ယခုလည်း ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ထဲက ပန်ပက်ဒေသသို့ရောက်ရှိစဉ် ပန်ပက်၏အဓိပ္ပာယ်မည်သို့ရှိမည်ကို ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဘေးတိုထံမေးမြန်းကြည့်ခဲ့ရာ ကယန်းလိုမပြောတတ်သော်ငြား ရှမ်းဘာသာအားဖြင့်တော့ ထင်းရှူးတောများဖြင့်စိမ်းလန်းသာယာနေသောအရပ်ဒေသဟု ခေါ်နိုင်ကြောင်းသိရသည်။ ဖြစ်နိုင်သည်။ ပန်ပက်ကျေးရွာအုပ်စုအတွင်းက မည်သည့်ကယန်းရွာကိုပဲကြည့်ကြည့် သူ၏ပတ်ဝန်းကျင်မှာ ထင်းရှူးတောများဖြင့် ဝန်းရံတည်ရှိလို့နေ ပေသည်။ တောရိပ် တောင်ရိပ်ဖြင့် အေးချမ်းဆိတ်ငြိမ်စွာ တွေ့မြင်ခဲ့ရသော ကယန်းရွာလေးများ။

 

5

 

ကယန်းတိုင်းရင်းသားဆိုသည်မှာ

ကယန်းတိုင်းရင်းသားများသည် ကမ်းယံလူမျိုးကြီး အုပ်စုမှ ဆင်းသက်လာကြောင်း၊ မွန်ဂိုကုန်းမြင့်၌ နေထိုင်ခဲ့ကြစဉ် ခိနှင့်ယန်းအမည်ရှိ ညီအစ်ကိုနှစ်ဦး၏ မိသားစုမှဆင်းသက်ပေါက်ဖွားလာသောကြောင့် မျိုးနွယ်စုအမည်ကို ခိယန်းဟုခေါ်တွင်ခဲ့ကြောင်း၊ ကာလကြာမြင့်လာသောအခါ ခိယန်းမှ ခယန်း၊ ထိုမှ ကယန်းအမည်သို့ပြောင်းလဲခေါ်ဆိုကြခြင်းဖြစ်ကြောင်း သုတေသီပညာရှင်များက ရေးသားဖော်ပြခဲ့ကြသည်။ ယခုအခါ ကယန်း တိုင်းရင်းသားများသည် ရှမ်းပြည်နယ် (တောင်ပိုင်း) ဒေသများ၊ ကယားပြည်နယ်၊ ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်မြောက်ပိုင်းနှင့် နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ် အရှေ့ဘက် တောင်ပေါ် ဒေသများတွင် ပျံ့နှံ့စွာ နေထိုင်လျက်ရှိကြသည်။ အဆိုပါ နေရာဒေသလေးခုတွင် နေထိုင်သော ကယန်းတိုင်းရင်းသားလူဦးရေမှာ နှစ်သိန်းကျော်ရှိကြောင်းလည်း သိရသည်။ ကယန်းလူမျိုးအုပ်စုတွင် ပဒေါင်၊ ယင်းဘော်၊ ဂေခိုနှင့် ဇယိမ်းဟုခေါ်သော တိုင်းရင်းသားလေးမျိုး ပါဝင်သည်။ ပန်ပက်ကျေးရွာအုပ်စု ကယန်းကျေးရွာ လေးများစင်စစ်သော်ကား ပန်ပက်ဆိုသည်မှာ ရွာတစ်ရွာတည်းကို òန်းဆိုခြင်းမဟုတ်ပါဘဲ ကျေးရွာအုပ်စုအတွင်းရှိ ရွာများအလိုက် ပန်ပက်(ရွမ်းကူ)၊ ပန်ပက် (ဒေါကီး)၊ ပန်ပက်(ကတဲကူ)၊ ပန်ပက် (ဆောင်လူကနား)၊ ပန်ပက်(ပင်မဆောင်)၊ ပန်ပက်(ပေါ်ကူ)၊ ပန်ပက်(လိင်ဆောင်ဒေး) စသည်ဖြင့် ခေါ်တွင်ခြင်းဖြစ်သည်။ ပရက်ကူ၊ ကသန်းကူ၊ ချယ်ရီကုန်း၊ ချောဒေး၊ လွိကထိအမည်ရှိ ကျေးရွာလေးများလည်း ရှိသေးသည်။ အကြောင်းအမျိုးမျိုးကြောင့်ဟူ၍ပဲ ပြောရမည်ထင် ပါသည်။ ၁၉၈၀ ပြည့်နှစ်လွန် နှစ်များမှစတင်၍ ကယန်းတိုင်းရင်းသားတော်တော်များများ တစ်ဖက်နိုင်ငံသို့သွားရောက်ကာ အလုပ်လုပ်ကိုင်ခဲ့ကြသည်။ ထိုအထဲတွင် ကြေးကွင်းစွပ် ကယန်းတိုင်းရင်းသားများဖြစ်သော ကယန်းလဟွီ(Lahwi ၊ kayan) ခေါ် ပဒေါင်တိုင်းရင်း သားများလည်း ပါဝင်၏။ အဆိုပါ ကယန်းလဟွီ မျိုးနွယ်(ကယန်းကခေါင်း) အမျိုးသမီးတို့သည် လည်ပင်းနှင့်ခြေ သလုံးတို့၌ ကြေးခွေများပတ်ပြီး ဝတ်ဆင်ထားသောကြောင့် ရှမ်းတိုင်းရင်းသားများက (ယန်ပတောင်) ကြေးခွေပတ်ကယန်းလူမျိုးဟု ခေါ်တွင်ခဲ့ကြရင်း ပဒေါင်လူမျိုးဟု လူသိများလာခြင်းဖြစ်သည်။ တစ်ဖက်နိုင်ငံ၌ အလုပ်လုပ်နေသူများထဲမှာ အချို့ဆိုလျှင် နှစ်ပေါင်း ၂၀ ကျော် ၃၀နီးပါးရှိခဲ့ပြီ။ ဟိုဘက်မှာ စားဝတ်နေရေး အဆင်ပြေသည်ပဲထားဦးတော့ မွေးရပ်မြေသို့ ပြန်လာချင်ကြ သည်။ ထိုသို့ပြန်လာလိုသူ၊ ပြန်လာခဲ့သူများထဲမှာ ဒီးမော့ဆိုမြို့နယ် ပန်ပက်ဒေသမှ ကယန်းတိုင်းရင်းသားများလည်း အပါအဝင်ဖြစ်၏။ သူတို့တစ်တွေ အိမ်အပြန်ခရီးမှာ အဆင်ပြေချောမွေ့စေဖို့အတွက် နိုင်ငံတော်အစိုးရက လိုအပ်သည်များ စီစဉ်ဆောင်ရွက်ပေးခဲ့သည်။

နိုင်ငံတော်အကြီးအကဲများကလမ်းညွှန်

နိုင်ငံတော်သမ္မတကြီး ဦးထင်ကျော် တာဝန်ယူစဉ်ကာလ ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၃ရက်နေ့မှ ၄ရက်နေ့အထိကယားပြည်နယ်ခရီးစဉ်အတွင်း လွိုင်ကော်-တောင်ငူလမ်းခွဲမှ ပန်ပက်အုပ်စု ရွမ်းကူရွာသို့သွားလမ်း (၆/၄)မိုင် မြေသားလမ်းအား ကျောက်ချော/ကတ္တရာလမ်း အဖြစ် အဆင့်မြှင့်တင်ပေးပါရန် တင်ပြမှုအပေါ် ဆောင်ရွက်ပေးနိုင်မည့် အခြေအနေ ပြန်လည်တင်ပြရန် လမ်းညွှန်မှာကြားခဲ့သည်။ ထိုခရီးစဉ်မတိ်ုင်မီ သွားရောက်ခဲ့သည့်ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ ၂၀၁၆ ခုနှစ်အောက်တိုဘာလ ၄ ရက်နေ့ ကယားပြည်နယ်ခရီးစဉ်၌လည်း ပန်ပက်ကျေးရွာ လမ်းပြုပြင်ရေးနှင့် ရေရရှိရေးကိစ္စများကို ဖြည့်ဆည်းဆောင်ရွက်ပေးရန်၊ ထိုင်းနိုင်ငံမှရွှေ့ပြောင်းရောက်ရှိလာသော ပန်ပက်ကျေးရွာရှိ ကယန်း (ပဒေါင်) တိုင်းရင်းသားများအား ပြောင်းရွှေ့နေရာချထားရေးနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ သစ်အခြေခံ၊ ဝါးအခြေခံ လက်မှုလုပ်ငန်းများနှင့် မွေးမြူရေးလုပ်ငန်း များလုပ်ကိုင်ဆောင်ရွက်နိုင်ရေး ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်မည့် အစီအမံတင်ပြရန် လမ်းညွှန်ခဲ့ပါသည်။

နယ်စပ်ရေးရာဝန်ကြီးဌာနက ရေရရှိရေးတာဝန်ယူပန်ပက်ဒေသကျေးရွာများ ရေရှားပါးမှုနှင့်ကြုံတွေ့ခဲ့သည်မှာ ကာလအတန်ကြာခဲ့လေပြီ။ ပေ ၈၀ဝ ခန့်အဝီစိတွင်းတူးပါသော်ငြားလည်း ရေကမထွက်၊ ရှမ်းပြည်နယ်အချို့ကျေးရွာများလို သဘာဝစိမ့်ရေစမ်းရေများ လည်းမရှိ၊ ရေက ရွှေထက်ရှားနေသလိုပင်။ နယ်စပ်ရေးရာ ဝန်ကြီးဌာနက ပန်ပက်ဒေသ ရေရရှိရေးကို တာဝန်ယူဆောင်ရွက်ခဲ့ရာ ကယားပြည်နယ်ဒေသဖွံ့ဖြိုးမှုကြီးကြပ် ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးအောင်ကျော်မြင့်နှင့် ဒေသခံတိုင်းရင်းသားများ ပူးပေါင်းကူညီရှာဖွေမှုဖြင ့်လွိကထိရွာအနီး မြေအောက်ပေ ၁၀ဝ ခန့်အနက်ရှိဂူတစ်ခုတွင် ရေထွက်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။ ၄င်းရေအရင်းအမြစ်မှနေ၍ ရေစုပ်ပန့်ဖြင့် ပင်မရေစုကန်သို့စုပ်တင်ခြင်း၊ ထိုမှတစ်ဆင့် အမြင့်ပိုင်းရေစုကန်များသို့ရေတင်ပန့်များဖြင့် အဆင့်ဆင့်တွန်းတင်ပြီး ကျေးရွာများ သို့အရောက် ဖြန့်ဝေပေးပို့သည့်စနစ်ကို အသုံးပြုခဲ့သည်။ ယင်းသို့ဆောင်ရွက်ပေးမှုကြောင့် လွိကထိရေထွက်မှ ၁၁ မိုင်ခန့်ကွာဝေးသော ရှမ်း/ကယားနယ်စပ်ရှိ ကသန်း ကူကျေးရွာအပါအဝင် လွိကထိကျေးရွာ၊ ချယ်ရီကုန်း ကျေးရွာ၊ ချယ်ရီကုန်းတောင်ထိပ်၊ လိင်ဆောင်ဒေးကျေးရွာ၊ ပရက်ကူကျေးရွာ၊ ပေါကူကျေးရွာ၊ ရွမ်းကူတောင်ထိပ်၊ ရွမ်းကူကျေးရွာ၊ ရွမ်းကူအောက်ကျေးရွာ၊ ဒေါကီးကျေးရွာ၊ ချောဒေးကျေးရွာ၊ တိုင်းရင်းသားကုန်း၊ ပန်ပက်လမ်းဆုံ၊ ဆောင်လူကနားရွာသစ်၊ ဆောင်လူကနားရွာဟောင်း၊ ပင်မဆောင်ကျေးရွာတို့အပါအဝင် ကျေးရွာပေါင်း ၁၇ ရွာမှ ဒေသခံတိုင်းရင်းသားများသည် သန့်ရှင်းသော သောက်သုံးရေကို လုံလောက်စွာသုံးစွဲရရှိနေကြပြီဖြစ်သည်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေ၃၂၉ ဒသမ ၅၁ သန်းဖြင့် ဆောင်ရွက်ခဲ့ပြီး ၂၀၁၈ ခုနှစ်မတ်လ ၂၃ ရက်နေ့တွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ထို့အပြင် ပန်ပက်ဒေသမှ ကယန်း(ပဒေါင်)တိုင်းရင်းသူများအား လွိုင်ကော်မြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်တန်းကျောင်းသို့ တက်ရောက်စေကာ အခြေခံအိမ်တွင်းမှုသင်တန်း၊ အဆင့်မြင့် စက်ချုပ်သင်တန်း၊ သိုးမွေးစက်ဆွဲသင်တန်းနှင့် ရိုးရာဂျပ်ခုတ်သင်တန်းများ သင်ကြားပေးခဲ့သည်။

ပြည်နယ်အစိုးရက လမ်းနှင့် မီးဆောင်ရွက်ပေး

နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်ချက်ပါ ပန်ပက်ကျေးရွာအုပ်စု ကယန်းတိုင်းရင်းသားကျေးရွာများ သို့အရောက် ကားလမ်းအဆင့်မြှင့်တင်ပေးရန်အတွက်ကယားပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေမှ ငွေကျပ်သန်းပေါင်း ၆၄၅ ဒသမ ၄၂၆ သန်း သုံးစွဲ၍ လွိုင်ကော်-တောင်ငူကားလမ်းခွဲမှ ပန်ပက် (ကသန်းကူ)အထိ (၆/ဝ)မိုင်ကိုကတ္တရာခင်းပေးခဲ့သည်။ ထိုနည်းတူစွာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ငွေကျပ်သန်းပေါင်း ၂၆၈ ဒသမ ၄၂၅သန်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ၉၆ ဒသမ ၉၁၄သန်း သုံးစွဲ၍ လွိုင်ကော်-တောင်ငူ မဟာဓာတ်အားလိုင်းမှနေ၍ ပန်ပက်ကျေးရွာအုပ်စုတွင်းရှိ ကျေးရွာအားလုံးသို့အရောက် ၁၁ ကေဗွီလိုင်းသွယ်တန်းခြင်းနှင့် ဓာတ်အားခွဲရုံများ တည်ဆောက်ခြင်း၊ နေအိမ်များသို့ မီးသွယ်တန်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။

ဟိတဓရပရဟိတကျောင်း၏ ကူညီဆောင်ရွက်မှု

နိုင်ငံတော်အစိုးရ၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ကယားပြည်နယ်အစိုးရအဖွဲ့တို့၏ အထက်ပါရေ၊ မီ လမ်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းမရှိသေးမီ ပန်ပက်ကျေးရွာများတွင် ရေရှားပါးခြင်း၊ အစားအစာလိုအပ်ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ လိုအပ်ခြင်းတို့ ကြုံတွေ့ခဲ့ရစဉ် ရွမ်းကူကျေးရွာ ရှိ ဟိတဓရပရဟိတ ဆရာတော် ဘဒ္ဒန္တဝိမလာဘိဝံသ၊ ဆရာတော်ဦးစန္ဒိမာ၊ ဆရာတော်ဦးရာဇိန္ဒ၊ ဆရာတော်ဦးဩဘာသတို့က ဦးဆောင်၍ ရေသယ်ယာဉ်ဖြင့်လှည့်လည်ပို့ဆောင်ဝေငှပေးခြင်း၊ ဟိတဓရပရဟိတ (အခမဲ့) ဆေးပေးခန်းဖွင့်လှစ်၍ နေ့စဉ် လူနာ ၄၀ ခန့်ကို ကုသပေးခြင်း၊ ရွာသူရွာသားများအား အခါ အားလျော်စွာ ဆန်၊ ဆီ၊ ဆား၊ အဝတ်အထည်နှင့် အစားအသောက်များ ထောက်ပံ့ပေးခြင်း၊ ကျေးရွာစာသင်ကျောင်းအား မူလတန်းအဆင့်မှ အလယ်တန်းကျောင်း တိုးမြှင့်ခွင့်ရရှိရေး ကြိုးပမ်းဆောင်ရွက်ခဲ့ကြပြီး ကျောင်းဆောင်များဆောက်လုပ်ရန် မြေလှူဒါန်းခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ယခုအခါ ကတဲကူတွင် အလယ်တန်းကျောင်းတစ်ကျောင်း၊ ဆောင်လူ ကနားတွင် ကျေးလက်ကျန်းမာရေးဌာနခွဲတစ်ခု တိုးချဲ့ဖွင့်လှစ်နိ်ုင်ခဲ့ပြီဖြစ်သည်။

ပြောင်းလဲခဲ့ပြီကယန်းတို့ဌာနီ

ပန်ပက်ကျေးရွာအုပ်စု ကယန်းကျေးရွာတိုင်း လိုလိုမှာပင် တစ်ဖက်နိုင်ငံမှ ပြန်လည်ရောက်ရှိလာသူများကြောင့် ၂၀၁၆-၂၀၁၇ လူဦးရေကိန်းဂဏန်းထက်၂၀၁၈-၂၀၁၉ ကိန်းဂဏန်းများက တိုးတက်မြင့်မားလာကြောင်း တွေ့ရသည်။ စပါး၊ ပြောင်း၊ နှံစားပြောင်း၊ ဖရုံ၊ သခွားနှင့် မြေပဲတို့ စိုက်ပျိုးကြသည်။ သစ်၊ ဝါးအခြေခံလက်မှုလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်လာကြသည်။ အမှတ်တရပစ္စည်းအရောင်းဆိုင်များတွင် ကယန်း တဘက်၊ လွယ်အိတ်၊ အင်္ကျီ၊ လုံချည်၊ လက်စွပ်၊ လက်ကောက်၊ နားကပ်၊ ကယန်းလည်ပင်းစွပ်ကြေးကွင်း၊ အရုပ်အမျိုးမျိုးတို့ကို ဝယ်ယူရရှိနိုင်သည်။ ထိုဒေသသို့လာရောက်လေ့လာလည်ပတ်သူများကို ကယန်းသွေး ချင်းများက ရိုးရာအစားအစာများဖြစ်သော ခေါင်ရည်၊ ဝက်ရိုးစွပ်ပြုတ်၊ ဝက်ခေါင်းသုပ်၊ ကြက်သားသုပ်၊ ငုံးထောင်း၊ အမဲသားထောင်း၊ ဆန်ပြုတ်အမျိုးမျိုးတို့ဖြင့်ဧည့်ခံကျွေးမွေးကြပါလိမ့်မည်။ ရိုးရာတံခွန်တိ်ုင်ပွဲတော်၊ ကယန်းနှစ်သစ်ကူးပွဲတော်၊ လက်ထပ်ပွဲ၊ အိမ်သစ်တက်ပွဲ၊ တောင်ယာမီးရှို့ပွဲ၊ ပျိုးကြဲပွဲ၊ ရိုးရာနတ်ပူဇော်ပွဲ၊ အမဲလိုက်ပွဲစသည်တို့အပြင် ကြက်ရိုးထိုးဗေဒင်နှင့်ရိုးရာချည်မျှင်စွပ် ဆုတောင်းခြင်းတို့ကို ကြည့်ရှုလေ့လာ ခွင့်ရပါဦးမည်။ သည့်အတွက် ယခင်ကာလများနှင့် မတူတော့ပြီဖြစ်သော ကယန်းတို့ဌာနီ ပန်ပက်ကျေးရွာဆီသို့ခါတစ်လှည့် မြန်းကြွခဲ့ပါရန် ဖိတ်မန္တက ပြုလိုက်ရပါသည်။

မြင့်စိုး(နတလ)