လာမည့် ဧပြီလတွင် GOOGLE PLUS ၏ ဝန်ဆောင်မှုအား ပိတ်သိမ်းသွားမည်

၁၁ ဒီဇင်ဘာ 
 
 
အမေရိကန် နည်းပညာကုမ္ပဏီ Google သည် ၎င်း၏ လူမှုကွန်ရက်အဖြစ် ဝန်ဆောင်မှု ပေးနေသည့် Google Plus အား လာမည့် ဧပြီလတွင် ပိတ်သိမ်းတော့မည်ဖြစ်ကြောင်း သိရသည်။ အစီစဉ်သစ်တစ်ခု၏ ချွတ်ယွင်းမှုကြောင့် အသုံးပြုသူ သန်းပေါင်း ၅၀ ကျော်အား ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်စေခဲ့ပြီးနောက် ခုလိုဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
 
 
တနင်္လာနေ့က ကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် လအတွင်း ဆော့ဖ်ဝဲလ် အဆင့်မြှင့်တင်မှု အမှားအယွင်းကြောင့် Google Plus အသုံးပြုသူ ၅၂ ဒသမ ၅ သန်း၏ အမည်၊ အသက်၊ အီးမေးလ် လိပ်စာနှင့် အခြား ပုဂ္ဂိုလ်ရေး အချက်အလက်များ ပေါက်ကြားမှုဖြစ်ပွားခဲ့သည်။ 
 
 
Google ၏ တရားဝင်ပြောကြားချက်အရ ဆော့ဖ်ဝဲလ် အားနည်းချက်ကို ပြုပြင်ပြီးဖြစ်ကြောင်းနှင့် ပေါက်ကြားသွားသည့် အချက်အလက်များအပေါ် အလွဲသုံးစားပြုလုပ်နေသည့် သက်သေအထောက်အထားများ မရှိကြောင်း သိရသည်။ အောက်တိုဘာလအတွင်းကလည်း အသုံးပြုသူများ၏ အချက်အလက်များ ပေါက်ကြားနိုင်ချေရှိသည့် ကျိုးပေါက်မှုဖြစ်ပွားခဲ့ကြောင်း အသိပေးခဲ့ပြီး Google Plus ၏ ဝန်ဆောင်မှုကို ၂၀၁၉ ခုနှစ် သြဂုတ်လတွင် ပိတ်သိမ်းပေးသွားမည်ဟု ကတိပြုခဲ့သည်။ သို့သော် နောက်ဆုံးဖြစ်ပွားခဲ့သည့် မတော်တဆမှုကြောင့် ပိတ်သိမ်းမှုကို လေးလစောပြီး ဆောင်ရွက်ရန် တွန်းအားဖြစ်စေခဲ့သည်။
 
 
Google Plus အား ၂၀၁၁ ခုနှစ်တွင် Facebook နှင့် ယှဉ်ပြိုင်နိုင်ရန် စတင်ကြေညာခဲ့ခြင်းဖြစ်ပြီး အောင်မြင်မှုရရှိရန်အတွက် ရုန်းကန်နေရဆဲဖြစ်သည်။ Google ၏ အမှုဆောင်အရာရှိချုပ် ဆန်ဒါ ပီချိုင်ဟာလည်း အင်္ဂါနေ့မှာ လွှတ်တော်၌ သက်သေထွက်ဆိုရာတွင် အသုံးပြုသူများ၏ အချက်အလက်များ ကာကွယ်မှုအပေါ် ပြင်းပြင်းထန်ထန် မေးမြန်းခံရဖွယ်ရှိသည်။
 
 
SMZaw(MDN)
Source> NHK