လာတော့မကွဲ့ ရွှေဗဟိုရ်

မောင်ဂတိ

ကြာတော့ ကြာခဲ့ပါပြီ။ ၁၉၆၈/၁၉၆၉ ကျွန်တော်တို့အခြေခံပညာ အထက်တန်းကျောင်းသား ဘဝကဖြစ်သည်။ ထိုစဉ်က မြန်မာစာတွင် ကဗျာလက်ရွေးစင်နှင့် စကားပြေလက်ရွေးစင်ဟူ၍ နှစ်မျိုးပြဋ္ဌာန်းခဲ့၏။ ကိုးတန်းနှင့် ၁၀ တန်း နှစ်နှစ်စလုံးအတွက် အကျုံးဝင်ရာ ၁၀ တန်းစာမေးပွဲဖြေဆိုရာတွင် ကိုးတန်းက သင်ခဲ့ပြီးသောစာများပါ ပြန်လည်ကျက်မှတ်ကြရ၏။ အင်္ဂလိပ်စာတွင်လည်း ထိုနည်းတူ ကျက်မှတ်ဖြေဆိုခဲ့ကြရသည်။ ကိုးတန်းက ရှိတ်စပီးယားကို မလွှတ်နိုင်သလို ၁၀ တန်းတွင် အဓိကသင်ယူရသည့် တီထွင်သူခုနစ်ဦးကလည်း အဓိကကျပြန်၏။ ယခု ကျွန်တော်တင်ပြလိုသည်မှာ ပြဋ္ဌာန်းစာများအကြောင်းမဟုတ်ပါ။ တစ်ချိန်က အာဂုံဆောင် ကျက်မှတ်ခဲ့ရသော လက်ရွေးစင်ကဗျာများထဲမှ သပြေညိုကဗျာလေးကို ကျွန်တော့်အတွေးပုံရိပ်တွင် အမှတ်မထင်ပေါ်လာခဲ့ရာ .... 

“သပြေညို”

သူ့ခေါင်းမှာတဲ့ သပြေညို

ငါ့ခေါင်းမှာတဲ့ သပြေညို။

တို့ပြေ (ပြည်) မှာ တို့မေကမ်းပါတဲ့၊

သပြေညို ရွှေဘိုပန်းဟာက၊

လန်းလျက်ပါကို။

ဘာမလျှော့လေနဲ့၊

လာတော့မကွဲ့ ရွှေဗဟိုရ်

လေချိုက အသွေး။

လင်းကြက် အဆော်

ကွင်းထက်မှာ တူပျော်ပျော်နဲ့

စည်တော်ကို ရည်မျှော်မှန်းကာပ

ရောင်နီမှာ အောင်စည်ရွှမ်းရအောင်

သပြေညို ရွှေဘိုပန်းရယ်နဲ့

လှမ်းကြစို့လေး။

တစ်တိုင်းပြည်လုံးက ဒို့လူရည်ချွန်

အတာသင်္ကြန်လွန်မြောက်ခဲ့ပြီးနောက် မြန်မာနိုင်ငံအတွင်း လေ့လာအပန်းဖြေရန်  ကောင်းမွန်သောခရီးစဉ်ဒေသများတွင် လူရည်ချွန်စခန်းဖွင့်ပွဲနှင့်အတူ လှုပ်ရှားမှုများကို တွေ့မြင်ကြားသိ ဖတ်ရှုနေရသည်။ ထို့အပြင် ရေကြောင်းလူငယ်၊ လေကြောင်းလူငယ်နှင့် အခြားသက်မွေးသင်တန်းကျောင်းများလည်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိ၏။ ဟိုတစ်ချိန်က အလုပ်သမားနေ့နှင့်ဆက်စပ်၍ နွေရာသီ လုပ်အားပေးစခန်းကိုလည်း နိုင်ငံတော်က ကိုယ်စားလှယ်ကြီးများအား ဧည့်ခံကျွေးမွေးရေးတာဝန်သာမက စာတွေ့လက်တွေ့သင်ခန်းစာများ အပြင် လေ့လာရေးခရီးစဉ်များကိုပါ ရန်ကုန်တိုင်းအတွင်း စီစဉ်ပေးခဲ့သည်။လူရည်ချွန်မောင်မယ်များအား တူညီဝတ်စုံဖြင့် တက်ကြွစွာ မြင်တွေ့ရသည့်အခါ တစ်ချိန်က ဆရာဗိုလ်ကျော်ဆန်း စပ်ဆိုရေးသား ထုတ်လွှင့်ခဲ့သော တစ်တိုင်းပြည်လုံးက ဒို့လူရည်ချွန်..... အစချီသော သံပြိုင်သီချင်းဆိုကြပုံကို မျက်ဝန်းထဲတွင် ပြန်လည်မြင်ယောင်နေမိသည်။

မှတ်မှတ်ရရ ဧပြီလ ၂၆ ရက်နေ့ နံနက်တွင် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၂-၂၀၂၃ ပညာသင်နှစ် လူရည်ချွန်မောင်မယ်များအား နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-II) ၌ တွေ့ဆုံ၍ ဩဝါဒစကားမြွက်ကြားရာတွင် “လူငယ်ဆိုသည်မှာ အနာဂတ်တွင် နိုင်ငံတော်၏တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြရမည့် သားကောင်းရတနာများပင် ဖြစ်ပါကြောင်း၊ လူရည်ချွန်မောင်မယ်များအနေဖြင့် မိမိကိုယ်တိုင်၊ မိမိကျောင်း၊ မိမိပတ်ဝန်းကျင်နှင့် မိမိနိုင်ငံတော်၏ အကျိုးစီးပွားအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ  သစ္စာရှိစွာ ပခုံးပြောင်းတာဝန်ယူ ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် အလေးအနက်ထား တိုက်တွန်းမှာကြားလိုပါကြောင်း” ပြောကြားခဲ့ရာ ငယ်စဉ်ကျောင်းသားဘဝက ကျောင်းကောင်စီအဓိဋ္ဌာန်ဖြစ်သည့် “မိမိကိုယ်ကို ကောင်းအောင်ကြိုးစားမည်၊ မိမိအတန်းကို ကောင်းအောင်ကြိုးစားမည်၊ မိမိကျောင်းကို ကောင်းအောင်ကြိုးစားမည်၊ မိမိတိုင်းပြည်အတွက် ကောင်းအောင်ကြိုးစားမည်” ကို ပြန်လည်သတိရမိ၏။

ဆက်လက်၍ နိုင်ငံတော်ဝန်ကြီးချုပ်က “ပညာထူးချွန်ပြီး ထက်မြက်သည့် ဉာဏ်ရည်ဉာဏ်သွေးနှင့် အသိပညာ အတတ်ပညာ များတတ်မြောက်သည့်အပြင် ကျန်းမာသန်စွမ်းခြင်း၊ ကြိုးစားအားထုတ်ခြင်း၊ စာရိတ္တကောင်းမွန်ခြင်း၊ ကိုယ်ကျင့်တရားကောင်းမွန်ခြင်း၊ ယဉ်ကျေးလိမ္မာခြင်း၊ မျိုးချစ်စိတ်ရှိခြင်း စသည့်ကောင်းမြတ်သော အရည်အသွေးများပြည့်စုံသည့်  လူ့စွမ်းအားအရင်းအမြစ်များ ရရှိပိုင်ဆိုင်ကြစေရန် လေ့ကျင့်ပျိုးထောင်ပေးခြင်းသည် အနာဂတ်နိုင်ငံတော်ကို  အုတ်မြစ်ချ တည်‌ဆောက်ခြင်းပင်ဖြစ်ကြောင်း” ပြောကြားခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လူမှုရေး ဦးတည်ချက် (၄) ချက်အနက် စတုတ္ထအချက်ဖြစ်သည့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော  ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးအတွက် လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်နိုင်ရန် ဘက်စုံပညာရေးကဏ္ဍမြှင့်တင်ရေးကို အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း မီးမောင်းထိုးပြလိုက်ခြင်းပင်ဖြစ်၏။

ပြောင်းလဲမှုများက အနမတဂ္ဂ

မြန်မာနိုင်ငံ၏ သမိုင်းကြောင်းက ရှည်လျားလှသည်။ အခန်းဆက်ဝတ္ထုရှည်ကြီး ဖတ်နေရသလို ရုပ်ရှင်စကားနှင့်ပြောရလျှင် ဇာတ်လမ်းတွဲဇာတ်ကားကြီး ကြည့်နေရသလို ခံစားမိသည်။ ခေတ်အဆက်ဆက် ဖြစ်ပေါ်ပြောင်းလဲမှုများက အနမတဂ္ဂ၊၊ ပြောမဆုံးပေါင် တောသုံးထောင်၊၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတစ်ခုတည်း ကိုကြည့်၊ အခက်အခဲအကျပ်အတည်းများက မတန်တဆ။ နိုင်ငံရေးက လှုပ်လီလှုပ်လဲ့။ အဖျက်အမှောင့်က ဟိုတစ်စ သည်တစ်စ၊၊ စီးပွားရေး က ကမောက်ကမ။ အနုတ်ကစရ၊ သည်ကြားထဲ ကိုဗစ်က နာလန်မထူအောင် ဒုက္ခပေးသည်မှာ အားလုံးအသိ။ ယခုထိ မငြိမ်သေး၊ အိုမီခရွန်ကြောင့် အဆုံးအရှုံး၊ အပျက်အစီးမများ၍သာ ကျေးဇူးတင်ရမည်။

သူနှင့်ပတ်သက်၍ မချစ်သော်လည်း အောင့်ကာနမ်းရမည်မှာ သေချာသည်။ သည်ကြားထဲ မျိုးရိုးဗီဇကွဲများ တစ်ခုပြီးတစ်ခုပေါ်နေသည့်အတွက် မမှတ်မိအောင်ပင်။ သူတို့အဆိုအရ ဗားရှင်းများက မဆုံးနိုင်။ စမ်းသပ်တွေ့ရှိသူကများတော့ သူတို့ပြောသမျှ နားထောင်ရ၊ လိုက်နာရ၊ သတိပြုကြရသည်။ ပစ်ပယ်၍လည်း မဖြစ်သည့်ဘဝ မဟုတ်ပါလား၊၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကတော့ အစောပိုင်းကတည်း က “No one is safe, unless everyone is safe.”ဟု ပြောထားသည်။ တစ်ဦးချင်းလုံခြုံစိတ်ချရအောင် မနေနိုင်သမျှ မည်သူမျှ လုံခြုံမည်မဟုတ်။ လက်ရှိမှာမူ နိုင်ငံတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနက စီစဉ်ပေးနေသည့် “ထပ်ဆောင်း” လေးကို မလွတ်ရအောင် မိမိရရ ဂရုတစိုက်ထိုးနှံကြရပေမည်။

အပေါင်းဘက်သို့ ပြလာပြီ

စီးပွားရေးနှင့်ပတ်သက်၍ အိမ်မြှောင်က ဇောက်ထိုးပြခဲ့သည်။ မပြလည်း မဖြစ်တော့သည့်အခြေအနေ၊၊ နိုင်ငံရေးဖိနှိပ်မှုနှင့်အတူ ကမ္ဘာ့စာအုပ်ကြီးထဲကအတိုင်း ဖြတ်လေးဖြတ် လုပ်လာပြန်၏။ သည်အထဲ ကိုဗစ်က တစ်ဆင့်ပြီးတစ်ဆင့်၊၊ မြွေပူရာ ကင်းမှောင့်၊ မီးလောင်ရာ လေပင့်ဆိုရမလားမသိ။ မည်သို့ရှိစေ ပြည်သူ့အား၊ သယံဇာတအား မဆုတ်မနစ်သော ဇွဲလုံ့လ ဝီရိယနှင့် ဖြောင့်မတ်သော ခေါင်းဆောင်မှုအားတို့က အနုတ်မှ အားမျှခြေ၊ ထိုမှတစ်ဆင့် အပေါင်းဘက်သို့ ပြလာပြီ။ လက်ရှိအရှိန်အဟုန်အရ အပေါင်းများ တိုးပွားလာမည့် အရိပ်အယောင်ပေါ်နေပြီ။ သည်လိုအခြေအနေ၊ အချိန်ကာလမျိုးတွင် သူတို့ဆီမှာမူ အင်္ကျီလက်မောင်းကို လိပ်တင် ရန် အားပေးကြသည်။ မြန်မာဆန်ဆန် ခါးတောင်းမြှောင်အောင် ကျိုက်ထားကြဟေ့ဟု ဆော်ဩလိုက်ချင်သည်။ အဓိကမှာ မိမိတို့ ကျရာအခန်းကဏ္ဍမှ အကောင်းဆုံး လုပ်ကိုင်ပြသကြရန်ဖြစ်၏။

တိုင်းပြည်စည်ပင်သာယာဝပြောရန်အတွက် ငြိမ်းချမ်းရေးက ပဓာနကျသည်။ ဤအတွက် နိုင်ငံတော်က အထူးအလေးထား ဝါယမစိုက် ကြိုးစားလုပ်ကိုင်လျက်ရှိ၏။ လွတ်လပ်ရေးနှင့်ထပ်တူ အမြစ်တွယ်လာခဲ့သည့် ပြည်တွင်းသောင်းကျန်းမှုသမိုင်းက ရှည်လျားခဲ့ရာ တစ်ခဏချင်းပြီးနိုင်ရန် ခက်ခဲနေသေးသည်။ အမြင်များအားလုံး တစ်ထပ်တည်း၊ တစ်သားတည်း၊ တစ်ညီတည်းဖြစ်ရန် ကြိုးစားလှုပ်ရှားကြရသည်။ အရှေ့ဘက်မိုးကုပ်စက်ဝန်း၏ အနားလိုင်းပေါ်တွင် ရောင်နီက မေးတင်စပြုပြီ။ ငြိမ်းချမ်းရေးအတွက် သီချင်းတစ်ပုဒ်မက မြန်မာ့ရုပ်သံက ည ၈ နာရီ သတင်းမလာမီ အပုဒ်ပေါင်းများစွာကို အလှည့်ကျလွှင့်ကာ ဆော်ဩလျက်ရှိ၏။

သီချင်းစာသားတိုင်းက အဓိပ္ပာယ်လေးနက်၏။ သေချာဂရုစိုက် နားထောင်လျှင် သဘောပေါက်ကြပါမည်။ အမှန်ပြောရလျှင် ကျွန်တော်တို့အားလုံး တက်ညီလက်ညီကြိုးစားလုပ်ကိုင်ကြရန် လိုအပ်ပါသည်။ ယင်းသို့လုပ်ကိုင်ရာတွင် ကျွန်တော်တို့၏အားသည် ကျွန်တော်တို့ခန္ဓာကိုယ်ထဲတွင် ပင်ရှိသည်။ နိုင်ငံနှင့်ခြုံပြောရလျှင် ပြည်တွင်းမှာသာရှိပါသည်။ စိတ်ကူးမလွဲဘဲ ယုံကြည်စွာလုပ်ကြရပါ မည်။ တစ်ခုတော့ သတိပြုစေချင်သည်။ ယင်းသို့လုပ်ကိုင်ရာတွင် ကျွန်တော်တို့အားလုံး အဂတိကင်းကြရန်လိုသည်။ ဤစကားရပ်လေးမှာ စကားလေး သုံးလုံးသာရှိသော်လည်း သဘောသဘာဝမှာ လေးနက်ကျယ်ပြန့်၏။ သူနှင့်ဝေးလျှင် ကျွန်တော်တို့ အေးအေးချမ်းချမ်းရှိမည်။ လူမှုစီးပွားဘဝ တိုးတက်မြှင့်တင်နိုင်မည်။ သူ့ကိုထိန်းချုပ်ရန် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့ အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အထိမ်းအမှတ်အခမ်းအနားတွင် နိုင်ငံတော်ဝန်ကြီး ချုပ်က “အဂတိလိုက်စားမှုများလေလေ ဆင်းရဲနွမ်းပါးမှုများလေ၊ ဆင်းရဲနွမ်းပါးမှုများလေလေ အဂတိလိုက်စားမှုများလေ” ဟု မီးမောင်းထိုးပြခဲ့ရာမှ တစ်ဆက်တည်း ပြည်တွင်းစီးပွားရေး တိုးတက်လာပါက ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

အချုပ်ဆိုရလျှင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက် (၁၂) ရပ်တို့သည် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး၏အနာဂတ် ထွန်းပြောင်စေရေးအတွက် မီးရှူးတန်ဆောင်ဖြစ်သည်နှင့်အညီ ကျွန်တော်တို့ အားလုံးရောင်နီမှာ အောင်စည်ရွှမ်းရအောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြစေလိုပါကြောင်း ဖော်ပြလိုက်ရပေသည်။    ။