လေးစားဂုဏ်ပြုအပ်သော ဆေးဝန်ထမ်းများ

mdn

သတင်းဆောင်းပါး - ဒေါက်တာမြင့်သန်း(ညောင်လေးပင်)

 

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မြောက်ပိုင်းက သူနာပြုဆရာမ သုံးဦးတို့မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ ဝါရှင်တန်ပြည်နယ်က သူနာပြု ၂၅ ဦးလည်း သံသယအနေနဲ့ ခွဲခြားစောင့်ကြည့်ခံရတယ်။ သူတို့စောင့်ရှောက်မှုပေးနေတဲ့ လူနာအချို့ဟာ ကိုရိုနာပိုးရှိကြောင်း စစ်ဆေးခြင်း မပြုရမီ သေဆုံးခဲ့ရလို့ဖြစ်ပါတယ်။ နယူးယောက်ပြည်နယ် Lawrence Hospital,Bronxville က သူနာပြုဆရာမအချို့ဟာလည်း ကိုရိုနာပိုးရှိကြောင်း စစ်ဆေးတွေ့ရှိရတဲ့လူနာကို စောင့်ရှောက်ပေးရတာမို့ quarantine လုပ်ခြင်း ခံကြရပါတယ်။

 

ဒီဖြစ်စဉ်တွေဟာ ၂၀၂၀ ပြည့်နှစ် မတ်လဆန်းမှာ ဖြစ်ခဲ့တာဖြစ်ပါတယ်။ ဆေးဘက်ဆိုင်ရာ ဆရာဝန်များ၊ သူနာပြုများ၊ ဓာတ်ခွဲခန်းပညာရှင်များနဲ့ ဆေးရုံဝန်ထမ်း အများစုတို့ဟာ မိမိတို့ တာဝန်ကျရာဖြစ်စေ၊ မိမိတို့ ဆန္ဒအရ ရွေးချယ်ရလို့ဖြစ်စေ ဒီလိုအန္တရာယ်များတဲ့ အလုပ်ကို လုပ်ကြရပါတယ်။ သူတို့ဟာ အလွန်ကူးစက် နိုင်ခွင့်၊ အသက်အန္တရာယ် ထိခိုက်နိုင်ခွင့်တွေအထိကြုံတွေ့ နေကြရပါတယ်။ ၂၀ဝ၂ ခုနှစ် ဆားစ်ရောဂါ ကူးစက် ပြန့်ပွားနေချိန်က ကူးစက်ခံရသူတို့ရဲ့ ငါးပုံ တစ်ပုံဟာ ကျန်းမာရေးဝန်ထမ်းများဖြစ်ကြောင်း သိရပါတယ်။ ဒီဝန်ထမ်းတွေ ထိခိုက်သွားရင် ကူးစက်ရောဂါများ ကုသမှုတွေကိုလည်း ထိခိုက်သွားစေနိုင်ပါတယ်။ ဒီဝန်ထမ်းအများစုတို့မှာ အတွေ့အကြုံ၊ ကျွမ်းကျင်မှုတို့ အပြင် စေတနာ၊ အနစ်နာ၊ စာနာမှုတရားတွေရှိနေလို့ ဖြစ်ပါတယ်။

 

အားထားရတဲ့ တစ်ကိုယ်ရေသုံး အကာအကွယ်များ

 

အထူးသဖြင့် ကိုရိုနာဗိုင်းရပ်စ်ပိုးကို ရင်ဆိုင်ကြရာမှာ ရောဂါပိုးပြင်းထန်စွာ ခံစားနေရသူကို အသက်ရှူ အထောက်အကူပြု ကိရိယာတပ်ဆင်ပေးရချိန်နဲ့ လူနာရဲ့ အဆုတ်ကနေ သလိပ်နမူနာ စစ်ဆေးဖို့ယူရချိန် တွေဖြစ်ကြောင်း Saint Louis University, Institute of Biosecurity  က သူနာပြုညွှန်ကြားရေးမှူး Terri Rebmann ဆိုသူက ပြောပါတယ်။ ဒါဟာ သိပ်ကို ကူးစက်နိုင်တဲ့ အခြေအနေတွေပဲ ဖြစ်ပါတယ်။ ကိုဗစ်-၁၉ ဖြစ်ပွားနေချိန်မှာ တစ်ကိုယ်ရေသုံး အကာအကွယ်များ ဖြစ်တဲ့ နှာခေါင်းစည်း၊ လက်အိတ်၊ ဝတ်ရုံ အကာအကွယ် များဟာ ဆရာဝန်၊ သူနာပြုတို့အတွက် အားထားရတဲ့ ကာကွယ်မှုအစီအမံများ ဖြစ်ပါတယ်။

 

CDC အမေရိကန်ကူးစက်ရောဂါထိန်းချုပ်မှု အဖွဲ့ကြီးက နှာခေါင်းစည်းတပ်ရာမှာ N95 တို့ကိုသာ သုံးရမယ်လို့ ညွှန်ကြားထားပါတယ်။ အထူးကြပ်မတ်နေရသူများ အတွက် တိကျတဲ့လုံခြုံမှုတွေ လိုအပ်ပါတယ်။ လူနာတွေ ဆီကထွက်တဲ့ ဘယ်အမှုန်အမွှားတွေကမှ မကူးစက်စေ နိုင်ဖို့ ဖြစ်ပါတယ်။ ဒီနှာခေါင်းစည်းတွေကို သုံးရာမှာ လည်း စနစ်တကျသုံးပါလို့ Rebmann က ဆိုပါတယ်။ အရေးကြီးတာက ရောဂါကာကွယ်ရေးဝတ်စုံများကို အလုံအလောက်ပေးထားဖို့နဲ့ ရောဂါကာကွယ်ရေး ဝတ်စုံများနဲ့သာ လူနာအနီးကပ်ဖို့ ဖြစ်ပါတယ်။ ကိုရိုနာဟာ သိပ်ကူးလွယ်တဲ့ပိုး ဖြစ်ပါတယ်။ ကူးစက်မှု တွေများလာတဲ့ အမေရိကန်နိုင်ငံမှာတောင် သူနာပြု များရဲ့ သုံးပုံတစ်ပုံမှာသာ ရောဂါကာကွယ်ရေးဝတ်စုံတွေ ပြည့်စုံခဲ့တယ်လို့လည်း National Nurses United သူနာပြုများအဖွဲ့ကြီးက ဆိုပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကို ရင်ဆိုင်ရာမှာ ပိုးတွေ့ကြောင်း မစစ်ဆေးရသေးမီ လူနာ နဲ့ ထိတွေ့ဆက်ဆံရတဲ့ ဆေးဝန်ထမ်းတွေ အထိနာတတ် ပါတယ်။ ပိုးမတွေ့သေးပေမယ့် ပိုးရှိနေသူတွေကို စောင့်ရှောက်နေမိရင်း ဆရာဝန်တွေ၊ သူနာပြုတွေ သိပ်ကူးစက်လွယ်ပါတယ်။ ဒီအချိန်မှာ ရောဂါကာကွယ် ရေးဝတ်စုံလည်း ဝတ်ဆင်ကြလေ့မရှိကြပါဘူး။ ဒါကြောင့် ပိုးစစ်ဆေးမှုကို အလျင်အမြန်လုပ်ပေးဖို့လည်း အရေးကြီး ပါတယ်။

 

H1N1 ဖြစ်ပွားစဉ်က အဲဒီလိုအခြေအနေမျိုးကြောင့် ၊ ဆေးဝန်ထမ်းအများစု ကူးစက်ခံခဲ့ရဖူးပါတယ်။

 

အမေရိကန်နိုင်ငံ Michigan Health Care Systems ဆိုတဲ့ ကျန်းမာရေးစောင့်ရှောက်မှုဌာနကြီး နှစ်ခုက ဝန်ထမ်း ၂၀ဝခန့်မှာ ကိုရိုနာပိုးရောဂါလက္ခဏာ (သို့မဟုတ်) စစ်ဆေးပြီး ပိုးတွေ့ရသူများရှိနေကြောင်း သိရပါတယ်။ ဒီလိုဖြစ်တာဟာ အားထားရတဲ့ ကျန်းမာရေးဝန်ထမ်း စွမ်းအားကို များစွာထိခိုက်စေတာ ဖြစ်ပါတယ်။ အဲဒီမှာ ပါဝင်တဲ့ Beaumont Health, Michigan မှာဆို ဝန်ထမ်း ၃၈၀ဝဝ ခန့်ထဲက ၁၅၀ဝ တို့ကို Home Stay လုပ်ထားရ ပါတယ်။ သူတို့မှာ ကိုဗစ်-၁၉ လက္ခဏာပျောက်မှ အလုပ်လာပါလို့ ပြောထားရတယ်လို့ သိရပါတယ်။ ရှေ့တန်းက ဝန်ထမ်းတွေ နေထိုင်မကောင်းဘူးဆိုတာနဲ့ Home Stay လုပ်ရမယ်ဆိုတဲ့ CDCရဲ့ ညွှန်ကြားချက်အရ ဖြစ်ပါတယ်။ သူတို့ဟာ အိမ်မှာ အနည်းဆုံး ခုနစ်ရက်ခန့် နေရပြီး ရောဂါလက္ခဏာ လုံးဝမရှိတာကလည်း သုံးရက် လောက်ရှိမှ အလုပ်ဆင်းကြရပါတယ်။ နေကောင်းသွားသူ အများစုဟာ အလုပ်ပြန်ဝင်ကြတာပါပဲ။ သူတို့မိတ်ဆွေ ဝန်ထမ်းတွေ အလုပ်ပိနေတာကို စာနာကြလို့ ဖြစ်ပါတယ်လို့ Beaumont Health © Mark Gary က ပြောတယ်။ ထူးခြားမှုများတွေ့ရတာက ဆေးဝန်ထမ်းအများစု တို့မှာ ကိုရိုနာပိုးနဲ့ ပတ်သက်မှုတွေ များလာတာ ဖြစ်ကြောင်း သိရပါတယ်။

Henry Ford Health System, Detroit မှာ ဆေးဝန်ထမ်း ၃၀ဝ၀ဝ ကျော်ရှိရာ ဝန်ထမ်း ၆၀ဝ မှ ၇၀ဝ ခန့်တို့မှာ ကိုရိုနာပိုး တွေ့ရပါတယ်။ Michigan Health System မှာလည်း အလားတူ ပိုးတွေ့သူတွေ များလာနေပြီး ပြည်နယ်အားလုံးထဲမှာ တတိယအများဆုံးဖြစ်နေကြောင်း သိရပါတယ်။

 

အလားတူ တရုတ်နိုင်ငံရဲ့ ကိုဗစ်-၁၉ ဖြစ်စဉ်မှာ ကူးစက်ခံရသူတို့ရဲ့ ၃ ဒသမ ၈ ရာခိုင်နှုန်းခန့်တို့ဟာ ဆေးဝန်ထမ်းတွေ၊ အီတလီနိုင်ငံရဲ့ ဖေဖော်ဝါရီလအထိ ကူးစက်ခံရသူ တို့ရဲ့ ၈ ဒသမ ၆ရခိုင်နှုန်း (၂၆၂၉ဦး) တို့ဟာ ဆေးဝန်ထမ်းတွေဖြစ်ကြောင်းလည်း သိရပါတယ်။ ကိုဗစ်-၁၉ ကြောင့် ဆရာဝန်ပေါင်း ၅၀ ကျော် သေဆုံး အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ်က အသက် ၆၀ အရွယ်ရှိ Dr. Franco Gabrin အမည်ရှိ အရေးပေါ် ဆေးကုသရေး ဆရာဝန်ကြီးဟာလည်း ကိုရိုနာဗိုင်းရပ်စ် ကြောင့် သေဆုံးသွားကြောင်း ၄-၃-၂ဝ၂ဝ News Week မဂ္ဂဇင်းမှာ Soon Kim ဆိုသူက ဖော်ပြထားပါတယ်။ အခုအချိန်အထိ ကမ္ဘာတစ်ဝန်း ဆရာဝန်ပေါင်း ၁၀ဝ ကျော် ကိုဗစ်-၁၉ ကြောင့် သေဆုံးခဲ့ပြီး ထက်ဝက်ကျော်ကျော်ဟာ အီတလီနိုင်ငံကဖြစ်ကြောင်း သိရပါတယ်။

 

ဆရာဝန်များအပါအဝင် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများဟာ အလွန်အန္တရာယ်များလှမှန်း ကောင်းစွာသိရှိ ကြပေမယ့်စေတနာ၊ အနစ်နာခံမှုများစွာနဲ့ အများအတွက် ပေးဆပ်နေကြသူများ ဖြစ်ကြပါတယ်။ သူတို့ရဲ့ ရဲရင့်တဲ့ စိတ်ဓာတ်ကို သိပ်လေးစား တန်ဖိုးထားမိပါတယ်။ သူတို့သာ ခုလိုအချိန် ရှေ့တန်းကို မထွက်ခဲ့ကြရင် ပြင်းထန်တဲ့ ကူးစက်ကပ်ရောဂါကြီးကို ကြောက်မက်ဖွယ် ရင်ဆိုင်ရရုံမက လူသားများစွာ ထိခိုက်ဆုံးရှုံးနိုင်တာ ဖြစ်ပါတယ်။

 

ကျွန်တော်တို့နိုင်ငံမှာလည်း ကိုဗစ်-၁၉ ဖော့လို့ ပြောလိုက်တာနဲ့ မိမိတို့ဆန္ဒအလျောက် ပါဝင်ကူညီ စောင့်ရှောက်ဖို့၊ လူအများကို ပြုစုစောင့်ရှောက်ဖို့ အလျင်အမြန်ထွက်လာခဲ့တဲ့ ဆေးပညာရှင်များ၊ ဆရာဝန်များ၊ သူနနာပြုများစွာကို တွေ့ရတာ အလွန်ဝမ်းမြောက် ဖွယ်ဖြစ်ပါတယ်။ အထူးသဖြင့် ပြည်မြို့ ဆေးရုံကြီးမှာ မိမိ အတွက်မစဉ်းစားဘဲ လူနာအတွက်သာ ဦးစားပေကုသ ပေးရင်း ရောဂါကူးစက်ခံရတဲ့ မေ့ဆေးဆရာဝန်မကြီး ကို များစွာလေးစားမိပါတယ်။ ဆရာဝန်များ ကိုယ်စား လည်း ဂုဏ်ယူမိပါတယ်။

 

ဆရာဝန်မကြီးနဲ့တကွ စေတနာရှင်ဆေဆန်ထမ်းများ ကျန်းမာဘေးကင်းစွာဖြင့် လူသားများအကျိုး၊ နိုင်ငံသားများအကျိုး ဆောင်ရွက်နိုင်ကြပါစေကြောင်း ဆုတောင်းဂုဏ်ပြုအပ်ပါတယ်ခင်ဗျား။