လေးရွာနှင့် ကျောက်ထုမြို့ကို ဆက်သွယ်သည့် ချီချောင်းကူးတံတားဖွင့်လှစ်

ကျောက်ထု ၉ ဖေဖော်ဝါရီ

 

လူထုဗဟိုပြုစီမံကိန်းလုပ်ငန်းက ဆောက်လုပ်၍ ဂန့်ဂေါခရိုင် ကျောက်ထုမြို့ဒေသ လေးရွာနှင့် ကျောက်ထုမြို့ကို ဆက်သွယ်သည့် ချီချောင်းကူး လူကူးကြိုးတံတားကို ဖေဖော်ဝါရီ ၈ ရက်က ဖွင့်လှစ်ပြီဖြစ်သည်။

 

အဆိုပါတံတားမှာ အရှည် ၂၀၀ ပေ၊ အကျယ် ၆ ပေ၊ အမြင့် ၂၂ ပေရှိပြီး လူထုဗဟိုပြု စီမံကိန်းထောက်ပံ့ငွေ ၂၈၀၁၄၆၅၀ ကျပ်နှင့် ကျေးရွာလူထုမှ ထည့်ဝင်ငွေ ၁၂၈၀၁၄၆၅၀ ကျပ်တို့ဖြင့် စီမံကိန်းလုပ်ငန်း တတိယနှစ်စက်ဝန်းကာလတွင် ဆောက်လုပ်ခြင်းဖြစ်သည်ဟု သိရသည်။

 

ဖွင့်ပွဲကို ဖေဖော်ဝါရီ ၈ ရက် နံနက်က အဆိုပါတံတား လေးရွာဘက် အဆိုပါ တံတားထိပ်၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်၊ တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးအောင်၊ လူထုဗဟိုပြု စီမံကိန်းလုပ်ငန်း တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းထိုက်ဇော်၊ ဂန့်ဂေါခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းအောင်၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်မိုးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြောင်းနှင့် တံတားဆောက်လုပ်သည့်အတွက် လေးရွာနှင့် ဆက်စပ်လျက်ရှိသည့် ကျေးရွာ ၁၁ ရွာတို့ ရာသီမရွေး ဆက်သွယ်သွားလာမှု လွယ်ကူသွားကြောင်း သိရသည်။

 

မောဟေမာန် (ပြန်ဆက်)

 

ddfs