လွိုင်လင်မြို့နယ်တွင် ငွေကျပ် ၁၇ ဒသမ ၃ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) များ ဖမ်းဆီးရမိ

နေပြည်တော်၊ ဇန်နဝါရီ ၁၀

 

လွိုင်လင်မြို့နယ်တွင် ငွေကျပ် ၁၇ ဒသမ ၃ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) များ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၇ ရက် ညနေ ၆ နာရီခန့်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၊ လွိုင်လင်-တောင်ကြီးသွား ကားလမ်း၊ ဟိုတင့်ကျေးရွာအနီး၌ လွိုင်လင်မှ တောင်ကြီးဘက်သို့ မြင့်စိုး မောင်းနှင်ပြီး ကျော်စိုင်း(ခ)အားကျုံး လိုက်ပါလာသည့်  ISUZU ၁၂ ဘီး မော်တော်ယာဉ်အား သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ အိုက်စ်(မက်သ်အဖက်တမင်း) ၆၃၅ ကီလို သိမ်းဆည်းရမိခဲ့ပြီး သတင်းကွင်းဆက်အရ ည ၇ နာရီခန့်တွင် လွိုင်လင်-တောင်ကြီးသွား ကားလမ်း၊ ချိုခမ်းကျေးရွာနှင့် မိုင်းပွန် ကျေးရွာကြား၌ သက်ဇူး မောင်းနှင်ပြီး ဇေခေါင် လိုက်ပါလာသည့် ISUZU ၁၂ ဘီး မော်တော် ယာဉ်အား ဆက်လက်ရှာဖွေရာ ယာဉ်ပေါ်မှ အိုက်စ်(မက်သ်အဖက်တမင်း) ကီလို ၆၀၃ ထပ်မံ သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်များအရ ည ၈ နာရီခန့်တွင် မူးယစ်ဆေးဝါးများ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူများဖြစ်ကြသည့် ကိုအောင် (ခ) နော်တောင်နှင့် မာလ (ခ) ရှရွယ် တို့အား လွိုင်လင်မြို့အဝင် တိုးဂိတ်အနီး၌ HIJET မော်တော်ယာဉ်တစ်စီးနှင့်အတူ ဆက်လက်ဖမ်းဆီး ရမိခဲ့သဖြင့် စုစုပေါင်း ဒေသကာလတန်ဖိုးငွေကျပ် ၁၇ ဒသမ ၃ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၁,၂၃၈ ကီလို သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

 

စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း) များအား တန့်ယန်းမြို့နယ်၊ မိုင်းကောင်မှ တောင်ကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့ ၆ ဦးအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်