လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်တွင် ငွေကျပ်သိန်း ၅၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော်၊ ဒီဇင်ဘာ ၂၁

 

လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်တွင် ငွေကျပ်သိန်း ၅၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၁၉ ရက် နံနက် ၁၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊  မွေးမြူရေးစက်မှုဇုန်၊ ရွှေရင်အေးကျောင်း(၃)လမ်းတွင် မူးယစ်ဆေးဝါး အရောင်းအဝယ်ပြုလုပ်နေကြောင်း သတင်းအရ စောင့်ဆိုင်းနေစဉ် ရဲကိုကိုအောင် မောင်းနှင်ပြီး လှဘုန်း၊ လှမျိုးခင်၊ ဇော်နိုင်လတ်တို့ လိုက်ပါလာသည့် Mark-X မော်တော်ယာဉ်နှင့် လွင်ဖြိုးအောင် မောင်းနှင်ပြီး ထင်လင်းအောင်၊ ဝင်းမောင်နှင့် မဇာခြည်ထွန်း၊ မနာအိတို့ လိုက်ပါလာသည့် Fielder မော်တော်ယာဉ်၊ သန့်ကိုဝင်း မောင်းနှင်ပြီး လှိုင်မျိုးအောင် လိုက်ပါလာသည့် Crown မော်တော်ယာဉ် ၃ စီးတို့တွေ့ဆုံ၍ ကြိုတင်ရောက်ရှိနေသည့် ကျော်ကျော်၊ ချစ်ဇော်တို့ ၂ ဦးနှင့် မူးယစ်ဆေးဝါးများ အရောင်းအဝယ်ပြုလုပ်နေစဉ် ၎င်းတို့အား ထိန်းသိမ်းရှာဖွေရာ Mark-X မော်တော်ယာဉ်ပေါ်ရှိ သံသေတ္တာအတွင်းမှ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၅၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၅ သိန်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့ ၁၃ ဦးကို ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်