လက်ယာအတွေးအခေါ်ကွန်ရက်များနှင့် မူရင်းသတင်းများကို ဖေ့စ်ဘွတ်ဦးစားပေးမည်

၄  ဇူလိုင်

ဖေ့စ်ဘွတ်ဟာ ရက်စက်ပြင်းထန်တဲ့ အမေရိကန်အခြေ စိုက်အစိုးရဆန့်ကျင် ကွန်ရက်တစ်ခုကို ဖျက်ဆီးလိုက်ပြီး မူရင်းသတင်းများကို ဦးစားပေးသွားမယ်လို့ ဖော်ပြလိုက်ပါတယ်။ ဖေ့စ်ဘွတ်ဟာ လူမှုမီဒီယာမှာ အမုန်းတရားနဲ့ အဆိပ်အတောက်ဖြစ်စေမယ့် အကြောင်းအရာဖော်ပြမှုကို ထိန်းချုပ်ရန်ရည်ရွယ်တဲ့ ကမ္ဘာ့ဒစ်ဂျစ်တယ်လှုပ်ရှားမှု အသွင်ပြောင်းလဲစေနိုင်တဲ့ ကြေညာသူတစ်ဦးရဲ့ သပိတ်မှောက်မှုကို ရင်ဆိုင်နေရတဲ့အချိန်မှာ ဒီလို လုပ်ဆောင်ချက် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

အကြမ်းဖက်မှုတွေကို တားဆီးသွားမယ်

ဖေ့စ်ဘွတ်က ဖျက်ဆီးလိုက်တဲ့ ကွန်ရက်ဟာ ဘူးဂလူးလှုပ်ရှားမှုနဲ့ ပေါင်းစပ်ဖွဲ့စည်းသယောင်ရှိပါတယ်။ ဘူးဂလူးလှုပ်ရှားမှုကို ထောက်ခံသူတွေဟာ မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြမှုများမှာ ပါဝင်သူတွေပဲဖြစ်ကြတယ်လို့ ဆီလီကွန်တောင်ကြား အခြေစိုက် နည်းပညာကုမ္ပဏီတစ်ခုက ပြောလိုက်ပါတယ်။

အဲဒီကွန်ရက်အုပ်စုဟာ ဘူးဂလူးလှုပ်ရှားမှုနဲ့တော့ အနည်းငယ် ကွဲပြားခြားနားပါတယ်။ သူတို့ဟာ အကြမ်း ဖက်မှုတွေကို ကျူးလွန်ဖို့ လုပ်ဆောင်နေတယ်လို့ ဖေ့စ်ဘွတ်က သူ့ရဲ့ ဘလော့စာမျက်နှာမှာ ဖော်ပြခဲ့ပါတယ်။

ဒါဟာ ကျွန်တော်တို့ရဲ့ လူမှုမီဒီယာကိုအသုံးပြုပြီး အကြမ်းဖက်မှုတွေလုပ်မယ့်သူတွေကို တားဆီးသွားမယ်ဆိုပြီး ကတိပေးထားတဲ့ ကျွန်တော်တို့ရဲ့ နောက်ဆုံး လုပ်ဆောင်ချက်ဖြစ်ပါတယ်လို့ ဖေ့စ်ဘွတ်က ပြော ပါတယ်။

ဖေ့စ်ဘွတ်ကဖယ်ရှား

ဆိုရှယ်လူမှုမီဒီယာက ကွန်ရက်အုပ်စုနဲ့ လတ်တလောမှာ ညှိနှိုင်းမှုတွေ လုပ်ဆောင်ထားတဲ့ စာမျက်နှာ ၂၈ မျက်နှာနှင့် အုပ်စု ၁၀၆ စုအပါအဝင် ဖေ့စ်ဘွတ်အကောင့် ၂၀ နှင့် အင်စတာဂရမ်အကောင့် ၉၅ ခုတို့ကို ဖယ်ရှားလိုက်ကြောင်း ပြောကြားလိုက်ပါတယ်။

ထို့အပြင် အလားတူ အကြမ်းဖက်ဖြစ်စေနိုင်မယ့် သို့မဟုတ် ဖြစ်ရန်ဦးတည်စေနိုင်တဲ့ အကြောင်းအရာများ တင်လေ့ရှိတဲ့ စာမျက်နှာပေါင်း ၁၀၀ ကျော်နဲ့ အုပ်စုပေါင်း ၄၀၀ ကျော်တို့ကိုလည်း ဖယ်ရှားလိုက်ကြောင်း ဖေ့စ်ဘွတ်က ထပ်လောင်းပြောကြားလိုက်ပါတယ်။

လွန်ခဲ့တဲ့ လအနည်းငယ်အတွင်း ဖြစ်ပွားခဲ့တဲ့ များပြားလှစွာသော တိုက်ခိုက်မှုတွေဟာ အဆိုပါ အကြမ်းဖက် လှုပ်ရှားမှုတွေနဲ့ သက်ဆိုင်နေတယ်လို့ သက်ဆိုင်ရာတာဝန်ရှိသူတွေကအတည်ပြုထားတယ်လို့ ဖေ့စ်ဘွတ်က ပြောပါတယ်။

ဘူးဂလူးလှုပ်ရှားမှုကို စနစ်တကျဖွဲ့စည်းထားတာ တော့မဟုတ်ပါဘူး။ နာဇီလက်သစ်များ၊ လူဖြူ လူမျိုးကြီးဝါဒီ အုပ်စုများနဲ့ လွတ်လပ်မှုကိုတလွဲအသုံးချထင်ရာ စိုင်းလုပ်ဆောင်တတ်သူများ၊ မင်းမဲ့စရိုက်ဝါဒီများက အတွေးအခေါ် အယူအဆများကို မျှဝေရင်းစခဲ့ကြတာပါ။

ဖေ့စ်ဘွတ်က ၂၀၁၂ ခုနှစ်မှာ အဲဒါတွေကို ရိပ်စားမိလာပြီး နောက်ပိုင်းမှာ ပိတ်ခဲ့ပါတယ်။ မိမိတို့အနေနဲ့ လူမှုမီဒီယာအသုံးပြုသူတွေပါဝင်တဲ့ ဒီကွန်ရက်ကြီးရဲ့ ပဋိပက္ခဆန်တဲ့ မကောင်းတဲ့အပြုအမူတွေကို ကြိုတင် မျှော်လင့်ထားကြောင်း ဖေ့စ်ဘွတ်က ပြောပါတယ်။

လူ့ဘောင်အဖွဲ့အစည်းပြိုလဲအောင် လုပ်ဆောင်နေသည့် လှုပ်ရှားမှု

လူနည်းစုကတော့ ဒီအကြောင်းအရာကို ကြားဖူးပြီး သားဖြစ်မှာပါ။ သို့သော်လည်း တရားရေးဌာနက အဆိုပါ ကိစ္စထောက်ခံသူတစ်ဦးဖြစ်တဲ့ကယ်လီဖိုးနီးယားလေတပ်မှ တပ်ကြပ်ကြီး စတီဗင်ကာရီလိုအား မေ ၂၉ ရက်က ကြွေးကြော်ဆန္ဒပြမှုများ ပြုလုပ်နေစဉ် အောက်ကလန် ရဲအရာရှိတစ်ဦးကို ကားပေါ်မှ သေနတ်ဖြင့် ပစ်သတ်ခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး စွဲချက်တင်ထားပါတယ်။

ကာရီလိုကို ပထမကိစ္စဖြစ်ပြီး ရှစ်ရက်ကြာပြီးနောက် နောက်ထပ်ရဲတစ်ဦးကို ချုံခိုတိုက်ခိုက်သတ်ခဲ့သည့် ပြစ်မှုဖြင့် တရားစွဲဆိုထားပါတယ်။ လူမည်းများ၏ အသက်သည်သာ ပဓာနဟုဆိုသည့် ဆန္ဒပြမှုများအတွင်း အကြမ်းဖက်မှုကို ဖန်တီးရန် ရည်ရွယ်သည့် ဘူးဂလူးပုံစံ မြူးထူးသောင်းကျန်းသူသုံးဦးကို လက်စ်ဗီးဂက်စ်တွင် ဖမ်းဆီးခဲ့ပြီးနောက် အခုလိုသတ်ဖြတ်မှုများ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပါတယ်။ ဘူးဂလူးလှုပ်ရှားမှုတွင် ဟာဝိုင်ယီရှပ်အင်္ကျီကို ပုံစံတူဝတ်စုံအဖြစ် သဘောတူ လက်ခံထားပြီး ပြည်တွင်းစစ် သို့မဟုတ် လူ့ဘောင်အဖွဲ့အစည်း ပြိုလဲအောင် ထောက်ခံအားပေးနေသည့် လှုပ်ရှားမှုဟု နီဗားဒါးအစိုးရရှေ့နေတစ်ဦးက ပြောကြားလိုက်ပါတယ်။

ယုံကြည်စိတ်ချရသော သတင်းများကို ဦးစားပေး ဖော်ပြသွားမည်

ထို့အပြင် ဖေ့စ်ဘွတ်ဟာ အီးမေးလ်များကို တောင်းဆိုခြင်းမပြုဘဲ လူတွေအများကြီးဆီသို့ ပေးပို့ခြင်း (စပန်း)၊ အင်တာနက်အသုံးပြုသူများကို အာရုံဆွဲဆောင်စေမည့် တခြားစိတ်ဝင်စားဖွယ်များ (ကလစ်ဘိတ်)နဲ့ သံသယရှိဖွယ် သတင်းအကြောင်းအရာများကို ရှောင်ရှားရန် ကြိုးစားမှုအစိတ်အပိုင်း တစ်ခုအနေဖြင့် မူရင်းသတင်းများကို ဦးစားပေးဖော်ပြသွားမယ်လို့လည်း ကတိပေးထားပါတယ်။

ဆိုရှယ်မီဒီယာကုမ္ပဏီကြီးဖြစ်တဲ့ ဖေ့စ်ဘွတ်က တာဝန်ယူမှုမရှိသော သတင်းအကြောင်းအရာများနဲ့ ရေးသူအမည်မပါသော သတင်းအကြောင်းအရာများကိုလည်း ဘေးဖယ်သွားမည်ဖြစ်ကြောင်း ပြောကြား လိုက်ပါတယ်။ အဲဒီအချက်မထည့်ထားတဲ့ ထုတ်ဝေသူတွေကို စာဖတ်သူတွေဘက်က ယုံကြည်မှုမရှိဘူးဆိုတာ မိမိတို့တွေ့ရှိခဲ့တယ်လို့ ကမ္ဘာ့သတင်းမိတ်ဖက်ဆိုင်ရာ ဖေ့စ်ဘွတ်ဒုတိယဥက္ကဋ္ဌ ကမ့်ဘဲလ်ဘရောင်းနဲ့ ထုတ်လုပ်ရေး မန်နေဂျာ ဂျွန်လယ်ဗင်က ပြောကြားလိုက်ပါတယ်။

ဖေ့စ်ဘွတ်အပေါ်ကြော်ငြာဆန့်ကျင်သပိတ်မှောက် မှုမှာတော့ ယူနီလီဗာ၊ စတားဘက်စ်၊ လဗိုက်၊ ကိုကာကိုလာနဲ့ ကုမ္ပဏီ ၂၀၀ နီးပါး ပါဝင်လာကြတဲ့အတွက် ဖေ့ဘွတ်ရှယ်ယာတန်ဖိုးလည်း ကျဆင်းသွားပါတယ်။ လှုပ်ရှားတက်ကြွသူတွေကတော့ ဖေ့စ်ဘွတ်ဟာ လူမျိုးရေးခွဲခြားမှု၊ လှုံ့ဆော်မှုကို ဦးတည်တဲ့အကြောင်းအရာ တွေအပေါ်မှာ တော်တော်လေး ဆတ်ဆတ်ထိမခံဖြစ်လာတယ်လို့ ပြောပါတယ်။ ဖေ့စ်ဘွတ်ဟာ လွန်ခဲ့တဲ့ သီတင်းပတ်ကတော့ အမုန်းတရားတွေကို ဖြစ်စေတဲ့ ကြော်ငြာတွေကို တားမြစ်သွားမယ်လို့ ကြေညာခဲ့ပါတယ်။

ဖေ့စ်ဘွတ်ဟာ သူ့ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ဖောက်ဖျက်ကျူးလွန်သူများကိုလည်း သတိပေးစာတမ်း ရေးထိုးသွားမှာဖြစ်တယ်လို့ အမှုဆောင်အရာရှိချုပ် မာ့ခ်ဇူကာဘက်က ပြောကြားလိုက်ပါတယ်။ ဇွန် ၃၀ ရက်က ပြုလုပ်ခဲ့တဲ့ အပြောင်းအလဲမှာတော့ ဖေ့စ်ဘွတ် အသုံးပြုသူတွေရဲ့ သတင်းကဏ္ဍမှာ သတင်းများကို ဖော်ပြဖို့လည်း ရည်ရွယ်ထားပါတယ်။ သတင်းမီဒီယာတွေရဲ့ မူရင်းသတင်းဖော်ပြမှုတွေဟာ အရေးပါသော သတင်းစာပညာပဲဖြစ်ပြီး သူတို့ကိုဦးစားပေးဖော်ပြသွားမယ်လို့ ဘရောင်းနဲ့ လယ်ဗင်က ပြောပါတယ်။ ဖေ့စ်ဘွတ်ဟာ အင်္ဂလိပ်ဘာသာစကားနဲ့ သတင်းဖော်ပြမှုတွေကို ပြုလုပ်မည်ဖြစ်ပြီး နောက်ပိုင်းတွင် တခြားဘာသာ စကားများဖြင့် ထပ်မံတိုးချဲ့သွားမှာ ဖြစ်ပါတယ်။ ။

ထွန်းသစ်စ

ကိုးကား-အေအက်ဖ်ပီ