လလေ့လာစူးစမ်းရေး ဂြိုဟ်တုတစ်လုံး တရုတ် အောင်မြင်စွာလွှတ်တင်

တရုတ်နိုင်ငံသည် လ လေ့လာစူးစမ်းရေး ဂြိုဟ်တုတစ်လုံးကို အောင်မြင်စွာ လွှတ်တင်ခဲ့ပြီး ယင်းဂြိုဟ်တုသည် လ၏ အလွန်ဝေးကွာသော မျက်နှာပြင်ပေါ်သို့ ရောက်ရှိကာ စူးစမ်းလေ့လာမှုများ လုပ်နိုင်မည်ဟု တရုတ်နိုင်ငံက မျှော်လင့်ထားသည်။

ချန်ဂီ-၄ ဟု အမည်ပေးထားသော ယင်းဂြိုဟ်တုကို သယ်ဆောင်မည့် ဒုံးပျံတစ်စင်းကို စီချွမ်ပြည်နယ် အာကာသစခန်းမှ ဒီဇင်ဘာ ၈ ရက်က လွှတ်တင်ခဲ့သည်။ ယခုလွှတ်တင်သည့် လမျက်နှာပြင် စူးစမ်းလေ့လာရေး ဂြိုဟ်တုသည် လမျက်နှာပြင်အနေအထားနှင့် ဖွဲ့စည်းပုံတို့ကို လေ့လာသွားမည် ဖြစ်ကြောင်းသိရသည်။

လွှတ်တင်မှုကို ပြုလုပ်ခြင်းမပြုမီ ကြိုတင်အစီအစဉ်အနေဖြင့် တရုတ်နိုင်ငံသည် ဂြိုဟ်ပတ်လမ်းအတွင်း လက်ဆင့်ကမ်းဂြိုဟ်တုတစ်လုံးကို ယခုနှစ် မေလက လွှတ်တင်ခဲ့ပြီး ချန်ဂီ-၄ နှင့် ချိတ်ဆက်မှုရရှိရန် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

လ၏ဝေးကွာသော မျက်နှာပြင်နှင့် ဆက်သွယ်မှုရရှိနိုင်ရန် လွန်စွာခက်ခဲကြောင်း သိရသည်။ အဘယ့်ကြောင့်ဆိုသော် ယင်းမျက်နှာပြင်သည် ကမ္ဘာမြေမှကြည့်သော် တခြားတစ်ဖက်တွင် တည်ရှိနေသောကြောင့်ဖြစ်သည်။

မကြာမီ ရက်သတ္တပတ်အတွင်း လ၏ဝေးကွာသော မျက်နှာပြင် စူးစမ်းရေးဂြိုဟ်တုသည် လပေါ်သို့ ရောက်ရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

အင်န်အိတ်ချ်ကေ