ဒေါက်တာ ဇေယျာဝင်း
လမ်းလျှောက်ခြင်းဟာ ကုန်ကျစရိတ်မရှိတဲ့ သက်ရှည်ကျန်းမာစေတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ နေ့စဉ် ပုံမှန် လမ်းလျှောက်ပေးခြင်းဖြင့် ဘဝတစ်လျှောက် ထူးကဲတဲ့ အကျိုးကျေးဇူးများစွာ ရရှိစေနိုင်ပါတယ်။
လမ်းလျှောက်ခြင်းဘယ်ကစ
လမ်းလျှောက်ခြင်းဟာ လူသားတွေရဲ့ ပင်မသွားလာနည်းဖြစ်ပါတယ်။ လမ်းလျှောက်ခြင်းကို လူသားတွေ စတင်ခဲ့တာတော့မဟုတ်ပါဘူး။ လူသားတွေမတိုင်မီကတည်းက ကမ္ဘာဦးတိရစ္ဆာန်များစွာဟာ လမ်းလျှောက်သွားလာခဲ့ကြတာ ဖြစ်ပါတယ်။
အစောဆုံး လမ်းလျှောက်ခြင်းကို ရေထဲကနေကုန်းပေါ်ကို ပြောင်းရွှေ့နေထိုင်တဲ့ ရှေးရေသတ္တဝါတွေက စတင်ခဲ့တယ်လို့ သုတေသီတွေက ဆိုပါတယ်။ လူသားတွေကတော့ Homo erectus လို့ခေါ်တဲ့ မျိုးစိတ်အဆင့်ကိုရောက်မှ ခြေထောက်နှစ်ချောင်းပေါ်မှာရပ်ပြီး လမ်းလျှောက်တဲ့အလေ့ကို စတင် လုပ်ဆောင်လာကြခြင်း ဖြစ်တယ်လို့ ယူဆကြပါတယ်။ လူသားတွေလမ်းလျှောက်တဲ့အခါမှာ ခြေထောက်နှစ်ဖက်ကို အသုံးပြုခြင်းဟာ လက်နှစ်ဖက်လုံးကို လက်နက်ကိုင်တိုက်ခိုက်ရာ မှာလည်းကောင်း၊ အစာရေစာသယ်ဆောင်ရာမှာ လည်းကောင်း အပြည့်အဝ ပိုမိုအသုံးချနိုင်တဲ့အတွက် ကြောင့် ဖြစ်နိုင်တယ်လို့ ဇီဝဆင့်ကဲပြောင်းလဲမှုတွေ ကို လေ့လာတဲ့ပညာရှင်တွေက ဆိုပါတယ်။
လူသားမျိုးစိတ်မှာ ပထမဆုံးလမ်းလျှောက်သူတွေကတော့ ကမ္ဘာအနှံ့ စွန့်စားသွားလာသူတွေနဲ့ မုဆိုးတွေပဲ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ လူသားတွေဟာ လမ်းလျှောက်ခြင်းကို ရည်မှန်းချက်အမျိုးမျိုးအတွက် အသုံးပြုလာခဲ့ကြပါတယ်။
သမိုင်းတစ်လျှောက် လမ်းလျှောက်ကြခြင်း
ရှေးခေတ်က အရေးကြီးတဲ့သတင်းတွေနဲ့ စာတွေအမြန်ဆုံးပို့ဆောင်ပေးဖို့ ခြေမြန်တော် (Foot Messenger) တွေကို အဓိကထား အသုံးပြုခဲ့ရတာဖြစ်ပါတယ်။ လမ်းလျှောက်ခြင်းနဲ့ စာပို့ခြင်းဟာ ခြေမြန်တော်တွေရဲ့ အဓိကတာဝန်တွေဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ခြေမြန်တော်တွေကများသောအားဖြင့် လမ်းကြောင်း ကျွမ်းကျင်မှုရှိပြီး ဘယ်အခြေအနေမျိုးမှာမဆို အောင်မြင်စွာရောက်ရှိအောင် သွားနိုင်သူတွေဖြစ်ပါတယ်။ အထူးသဖြင့် ရှေးအခါက ဂရိနဲ့ရောမပြည်တွေမှာ ခြေမြန်တော်တွေရဲ့ အခန်းကဏ္ဍဟာ အင်မတန်မှ အရေးပါခဲ့တယ်လို့ သုတေသနကျမ်းတွေအရ သိရပါတယ်။
လမ်းလျှောက်ကြမယ်
လမ်းလျှောက်ခြင်းက ကာယလေ့ကျင့်ခန်း တစ်ခုသာမဟုတ်ပါဘူး။ ခန္ဓာကိုယ်လှုပ်ရှားမှုနဲ့အတူ ခြေလှမ်းတွေအပေါ်မှာ အာရုံစုစည်းခြင်း ပြုနိုင်ပါတယ်။ အတွေးနယ်ချဲ့ပြီး စိတ်ကူးဉာဏ်ကွန့်မြူးနိုင်ပါတယ်။ ဒါကြောင့်မို့ လမ်းလျှောက်ခြင်းကနေ စိတ်တည်ငြိမ်အေးချမ်းမှု၊ တီထွင်ဖန်တီးနိုင်စွမ်းတွေကိုလည်း ရရှိစေပါတယ်။ လမ်းလျှောက်ခြင်းဟာ အရိုးရှင်းဆုံးနဲ့ အထိရောက်ဆုံး လေ့ကျင့်ခန်းတစ်မျိုးဖြစ်တဲ့အပြင် ကျန်းမာရေး အကျိုးကျေးဇူးများစွာလည်း ရရှိစေပါတယ်။ လမ်းလျှောက်ခြင်းမှတစ်ဆင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာမှုနဲ့ စိတ်ပိုင်းဆိုင်ရာချမ်းသာသုခတို့ကို အထောက်အကူဖြစ်စေတဲ့ အချက်အလက်အချို့ကို မျှဝေလိုပါတယ်။
နှလုံးနှင့်သွေးကြောကျန်းမာရေး
လမ်းလျှောက်ခြင်းဟာ သွေးလည်ပတ်မှု အားကောင်းစေပြီး သွေးဖိအားကို လျှော့ချပေးခြင်းဖြင့် နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ နှလုံးကြွက်သားတွေကို အားကောင်းစေပြီး သွေးတွင်းရှိ မကောင်းတဲ့ ကိုလက်စထရောပမာဏကို ကျဆင်းစေခြင်းဖြင့် နှလုံးရောဂါနဲ့ လေဖြတ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။
ကိုယ်အလေးချိန်ထိန်းနိုင်ခြင်း
လမ်းလျှောက်ခြင်းက ကယ်လိုရီလောင်ကျွမ်းစေတာကြောင့် ကိုယ်အလေးချိန်ထိန်းဖို့ အထောက်အကူ ဖြစ်စေပါတယ်။ ပုံမှန်လမ်းလျှောက်ခြင်းဟာ ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းဖို့နဲ့ အဝလွန်ခြင်းမှ ကာကွယ်နိုင်ပါတယ်။ ခန္ဓာကိုယ်ပင်ပန်းမှုနည်းတဲ့ လေ့ကျင့်ခန်းဖြစ်တဲ့အတွက် အချိန်ကြာကြာ စွဲစွဲမြဲမြဲ ပြုလုပ်နိုင်ပြီး လူအများအတွက်လည်း အလွယ်တကူပြုလုပ်နိုင်တဲ့ လေ့ကျင့်ခန်း ဖြစ်ပါတယ်။
ကြွက်သားနဲ့အရိုးများသန်မာစေ
လမ်းလျှောက်ခြင်းဟာ ကြွက်သားတွေနဲ့ အရိုးတွေကို သန်မာစေဖို့လည်း အထောက်အပံ့ ဖြစ်စေပါတယ်။ အရိုးသိပ်သည်းဆ လျော့နည်းလာမှုကို နှေးကွေးစေပြီး အရိုးပွရောဂါနဲ့ အရိုးကျိုးနိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ လမ်းလျှောက်ခြင်းဟာ အထူးသဖြင့် ခြေသလုံး၊ တင်ပါးနဲ့ ကျောရိုးရှိ ကြွက်သားခံနိုင်ရည်နဲ့ မာကျောမှုကိုလည်း တိုးတက်စေပါတယ်။
အရိုးအဆစ်ကျန်းမာရေး
လမ်းလျှောက်ခြင်းက သွေးလည်ပတ်စီးဆင်းမှုကို အားကောင်းစေပြီး အရိုးအဆစ်တွေကို ချောမွတ် စေတာကြောင့် အဆစ်အမျက်ကျန်းမာရေးအတွက် အကျိုးပြုပါတယ်။ အဆစ်အမျက်ရောင်ရမ်းခြင်းလို အခြေအနေတွေကို ကာကွယ်ဖို့နဲ့ အသက်ကြီးလာ တာနဲ့အမျှ ခန္ဓာကိုယ်လှုပ်ရှားနိုင်စွမ်းကို ဆက်လက် ထိန်းသိမ်းနိုင်ဖို့အတွက် ပုံမှန်လမ်းလျှောက်ခြင်းက အထူးအရေးကြီးပါတယ်။
အစာချေဖျက်နိုင်မှုတိုးတက်စေခြင်း
လမ်းလျှောက်ခြင်းဟာ အစာအိမ်နဲ့ အူ လမ်းကြောင်းကို နှိုးဆွပေးခြင်း၊ ဝမ်းမှန်စေခြင်းနဲ့ ဝမ်းချုပ်ခြင်းတို့ကို တားဆီးပေးခြင်းအားဖြင့် အစာချေဖျက်ခြင်းစနစ်ကို အထောက်အကူပြုပါတယ်။
ကိုယ်ခံစွမ်းအား တိုးတက်စေခြင်း
ပုံမှန်လမ်းလျှောက်ခြင်းက ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်ပြီး ခန္ဓာကိုယ်က ဖျားနာမှုတွေကို တိုက်ထုတ်နိုင်ပါတယ်။ သွေးတွင်းခုခံအားဆဲလ်တွေ လည်ပတ်မှုကိုတိုးစေပြီး ခန္ဓာကိုယ်ထဲ ဝင်ရောက် ကူးစက်တဲ့ ပြင်ပဇီဝပိုးမွှားတွေအပေါ် ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှုကို မြှင့်တင်ပေးနိုင်တယ်။
စိတ်ပူပန်မှုနဲ့စိတ်ဖိစီးမှုများကိုလျော့စေခြင်း
သဘာဝအရ စိတ်ကျေနပ်နှစ်သိမ့်မှုကိုဖြစ်စေတဲ့ အင်ဒိုဖင်(Endorphins)လို့ခေါ်တဲ့ ဟော်မုန်း ထွက်ရှိမှုကို လမ်းလျှောက်ခြင်းဖြင့် ခန္ဓာကိုယ်မှ ပိုမိုထွက်ရှိစေပါတယ်။ ထို့ပြင် ကော်တီဆော (Cortisol) လို စိတ်ဖိစီးမှုဖြစ်စေတဲ့ ဟော်မုန်းထွက်ရှိမှုကိုတော့ လမ်းလျှောက်ခြင်းအားဖြင့် လျှော့ချပေးကာ စိတ်ဖိစီးမှုနဲ့ စိုးရိမ်သောကတွေကို သက်သာစေ နိုင်ပါတယ်။ ပုံမှန်လမ်းလျှောက်ခြင်းဟာ စိတ်ပိုင်း ဆိုင်ရာ တိုးတက်မှုတွေနဲ့ ဆက်စပ်နေပြီး စိတ်ကျရောဂါအပျော့စားမှ အလယ်အလတ်အဆင့်ထိ ခံစားနေရသူအချို့အတွက် ဓာတုဆေးဝါးတွေကဲ့သို့ ထိရောက်မှုရှိနိုင်တယ်။
မှတ်ဉာဏ်နဲ့ ဦးနှောက်၏ စွမ်းဆောင်ရည်တိုးစေခြင်း
လမ်းလျှောက်ခြင်းဟာ ဦးနှောက်ကို သွေးစီးဆင်းမှုကို ကောင်းမွန်စေတဲ့အတွက် မှတ်ဉာဏ်နဲ့ အာရုံစူးစိုက်မှုတို့ကို တိုးတက်စေပါတယ်။ မှတ်ဉာဏ် ကျဆင်းမှုအန္တရာယ်ကို လျှော့ချနိုင်တဲ့အတွက် dementia နဲ့ Alzheimer's ရောဂါလို အခြေအနေတွေကိုကာကွယ်ဖို့ ကူညီပေးနိုင်ပါတယ်။ လမ်းလျှောက်ခြင်းကနေတစ်ဆင့် အတွေးနယ်ချဲ့ နိုင်တာဖြစ်လို့ တီထွင်ဖန်တီးနိုင်စွမ်းကို မြှင့်တင်ပေးပြီး ပြဿနာဖြေရှင်းနိုင်မှုစွမ်းရည်ကို မြှင့်တင် ပေးနိုင်ပါတယ်။ စိတ်ကူးစိတ်သန်းတွေနဲ့ အမြင်သစ်တွေကို ဖြစ်ပေါ်စေနိုင်တဲ့အပြင် စိတ်ပိုင်းဆိုင်ရာ အပန်းပြေစေပါတယ်။
လူမှုဆက်ဆံရေးအပေါ် အကျိုးသက်ရောက်မှု
အဖော်အပေါင်းနဲ့အတူ လမ်းလျှောက်ခြင်းဟာ လူမှုရေးဆိုင်ရာ အကျိုးကျေးဇူးတွေကို ပေးစွမ်းနိုင်ပြီး အဆက်အသွယ်တွေ တိုးပွားလာစေကာ အထီးကျန်မှုခံစားချက်ကို လျှော့ချပေးနိုင်ပါတယ်။ အုပ်စုလိုက်လမ်းလျှောက်ခြင်း သို့မဟုတ် လမ်း လျှောက်ကလပ်တွေဟာ လူမှုဆက်ဆံရေးနဲ့ ပံ့ပိုး ကူညီမှုအတွက် ဘဝအခွင့်အလမ်းတွေကို ရရှိစေ နိုင်ပါတယ်။
စိတ်တည်ငြိမ်မှုနဲ့ စိတ်သက်သာရာရမှုအတွက် ဆောင်ရွက်သင့်သည့်လေ့ကျင့်ခန်း
ဗုဒ္ဓကျမ်းဂန်များအရ တရားထူး တရားမြတ်ရစေတဲ့ ကမ္မဋ္ဌာန်းစီးဖျန်းရာမှာ လျောင်း၊ ထိုင် ၊ ရပ်၊ သွားဆိုတဲ့ ဣရိယာပုဒ်လေးပါးမှာ လျှောက်လှမ်းခြင်းဟာ တစ်ပါးအပါအဝင်ဖြစ်ပါတယ်။ သတိပဋ္ဌာန်တရားနဲ့ အခိုက်အတန့်မှာ ရှိနေခြင်းအပေါ်သိမှုကို မှတ်သားနိုင်ပါတယ်။ ဒါ့အပြင် လူတစ်ဦးချင်းစီကို နေ့စဉ် စိတ်ဖိစီးမှုတွေနဲ့ အဆက်အသွယ် ပြတ်စေပြီး စိတ်အပန်းဖြေမှုနဲ့ ကျန်းမာပျော်ရွှင်မှုကို မြှင့်တင်ပေးနိုင်ပါတယ်။ လူသားတွေဟာ နေ့စဉ်နဲ့အမျှ နည်းပညာတွေ၊ လုပ်ငန်းခွင်တွေ၊ စိတ်ဖိစီး မှုတွေနဲ့ ရင်ဆိုင်နေရတဲ့အတွက် အားလုံးနဲ့ အဆက်အသွယ်ဖြတ်ပြီး စိတ်အပန်းဖြေမှုနဲ့ ကျန်းမာပျော်ရွှင် မှုကို မြှင့်တင်ပေးဖို့အတွက် လမ်းလျှောက်သင့် ပါတယ်။
လမ်းဘယ်လိုလျှောက်ကြမလဲ
ကျန်းမာရေးပညာရှင်တွေက တစ်နေ့ကို မိနစ် ၃၀၊ တစ်ပတ်မှာ ငါးရက်ပြုလုပ်ဖို့ အကြံပြုထားပါတယ်။ ပုံမှန်ခြေလှမ်းနဲ့ လျှောက်ခြင်းကလည်း လုံလောက်ပေမယ့် ခြေလှမ်းကျဲကျဲနဲ့ ခပ်မြန်မြန် လျှောက်ခြင်းကတော့ ကျန်းမာရေးနဲ့ ပိုမိုညီညွတ်ကြောင်းဆိုပါတယ်။ မြေပြင်ညီလျှောက်ခြင်းထက် အတက်လမ်းတွေ လျှောက်ခြင်းကလည်း ကြွက်သားတွေ သန်မာစေမှုကို ပိုမိုတွန်းအားပေးပါတယ်။ အိမ်ပြင်ထွက် လမ်းလျှောက်ခြင်းကတော့ သန့်ရှင်း တဲ့လေ၊ အလင်းရောင်နဲ့ သဘာဝတရားတို့ကို ထိတွေ့ခံစားနိုင်တာကြောင့် ပိုမိုသင့်လျော် ကောင်းမွန်မှုရှိပေမယ့် အဆောက်အအုံအတွင်း လမ်းလျှောက်စက်နဲ့ဖြစ်စေ၊ ဒီအတိုင်းဖြစ်စေ လမ်းလျှောက်ရင်လည်း အကျိုးအာနိသင် မနည်းလှပါဘူး။ လမ်းလျှောက်ရင်း ထိခိုက်ဒဏ်ရာရခြင်းမှ ကာကွယ်ဖို့နဲ့ သက်သောင့်သက်သာရှိစေဖို့ သင့်လျော်တဲ့ ဖိနပ်ကိုဝတ်ဆင်ဖို့ အရေးကြီးပါတယ်။ ရေဓာတ် ပြည့်ဝနေခြင်းနဲ့ ရာသီဥတုအခြေအနေတွေကို သတိမူပြီး လမ်းလျှောက်ခြင်းအားဖြင့်လည်း ဘေးကင်းနိုင်မှာ ဖြစ်ပါတယ်။
လမ်းလျှောက်ခြင်းဟာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့ စိတ်ခံစားမှုဆိုင်ရာ အကျိုးကျေးဇူးများစွာ နဲ့ စွယ်စုံရတဲ့ လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။ နှလုံးသွေးကြော ကျန်းမာရေးကိုမြှင့်တင်ဖို့၊ စိတ်ခံစားချက်ကိုမြှင့်တင်ဖို့ ဒါမှမဟုတ် လူမှုဆက်ဆံ ရေးကို မြှင့်တင်ဖို့အတွက်ပဲဖြစ်ပါစေ လမ်းလျှောက်ခြင်းဟာ အလုံးစုံကျန်းမာရေးကို မြှင့်တင်ဖို့အတွက် အစွမ်းထက်တဲ့ ကိရိယာတစ်ခုဖြစ်ပါတယ်။ ရိုးရှင်းလွယ်ကူတဲ့လေ့ကျင့်ခန်း ဖြစ်တဲ့အတွက်လည်း အသက်အရွယ်မရွေး၊ လူတန်းစားမရွေး လုပ်ဆောင်နိုင်ပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။