လမ်းပေါ်နေကလေးများ စီမံချက်ဆိုင်ရာ ညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော်  ၁၉  မေ

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသည် လမ်းပေါ်နေကလေးများ ကာကွယ် စောင့်ရှောက်ရေး၊ ပြန်လည်ထူထောင်ရေး၊ အထူးသဖြင့် ကိုဗစ်-၁၉ ကာလအတွင်း လက်ရှိကြုံတွေ့နေရသည့် အခက်အခဲတို့ကို ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေးအတွက် လမ်းပေါ်နေကလေးများ စီမံချက်ဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက Video Conferencing  ဖြင့် ပြုလုပ်သည်။

 

အစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဒေါ်သန်းမြင့်အောင်၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ UNICEF (မြန်မာ)၊ TDHL ၊ Kinnected Myanmar ၊ World Vision (မြန်မာ)မှ တာဝန်ရှိသူများ ပါဝင်ဆွေးနွေးခဲ့ကြသည်။

 

အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဦးစိုးအောင်က ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကာလအတွင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် လမ်းပေါ်နေကလေးများသာမက အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများအတွက်ပါ စီစဉ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လမ်းပေါ်နေကလေးများနှင့် ပတ်သက်၍ ရက်(၁၀၀) စီမံကိန်းများတွင် ထည့်သွင်း ဆောင်ရွက်ခဲ့ပါကြောင်း၊ လူဦးရေထူထပ်သည့် ရန်ကုန်နှင့် မန္တလေးတို့တွင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ လက်ရှိတွင် ကိုဗစ်-၁၉ ကပ်ရောဂါကာလတွင် လမ်းပေါ်နေ ကလေးများအတွက် ပညာပေးခြင်းနှင့် လိုအပ်သည် တို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် လုပ်ငန်းစီမံချက်ရေးဆွဲချမှတ်ရမည် ဖြစ်ပါကြောင်း၊ လုပ်ငန်းစီမံချက်ရေး ဆွဲရာတွင် လက်ရှိ COVID-19 ကာလအတွက် သာမက ကိုဗစ်-၁၉ အလွန်အတွက်ပါ ထည့်သွင်းစဉ်းစားရမည် ဖြစ်ပါကြောင်း၊ အားလုံးအတူတကွ ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

 

ထို့နောက် အစည်းအဝေး တက်ရောက်လာကြသူများက ၂၀၁၉ ခုနှစ် အောက်တိုဘာ ၂၁ ရက်တွင် ပြုလုပ်ခဲ့သည့် ပထမအကြိမ်အစည်းအဝေးနှင့် ယခုနှစ် ဇန်နဝါရီ ၉ ရက်တွင် ပြုလုပ်ခဲ့သည့် ဒုတိယအကြိမ် အစည်းအဝေးတို့တွင် ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်များ ကိုဗစ်-၁၉ ကာလအတွင်း လမ်းပေါ်နေ ကလေးများနှင့် မိသားစုများအတွက် စားဝတ်နေရေး၊ တစ်ကိုယ်ရည် သန့်ရှင်းရေး၊ အစာအဟာရ လုံလောက်စွာရရှိရေး၊ ကိုဗစ်-၁၉ အသိပညာပေး အစီအစဉ်တို့ကို သိရှိနားလည်နိုင်ရေး၊ အသက်မွေးဝမ်းကျောင်း အထောက်အပံ့ပေးနိုင်ရေး၊ ယာယီထိန်းသိမ်း စောင့်ရှောက်နိုင်ရေး၊ ရေကောင်းရေသန့်ရရှိရေး၊ ကိုဗစ်-၁၉ ကာကွယ်နိုင်ရန် Mask ၊ Hand Gel တို့ကို စနစ်တကျ အသုံးပြုနိုင်ရေး၊ ရေရှည်ကူညီဆောင်ရွက်နိုင်မှုကို အထောက်အကူပြုစေမည့် စစ်တမ်းကောက်ယူရေး၊ စစ်တမ်းနှင့် အညီ ရေရှည်အကျိုးပြုစေမည့် လုပ်ငန်းစီမံချက် ရေးဆွဲချမှတ်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။   

 

သတင်းစဉ်