လျှပ်စစ်ဓာတ်အန္တရာယ် အစဉ်သတိပြုဖွယ်

 

 

မောင်မောင်စွယ်စုံထွန်း

 

မိုးဦးလေဦးသို့ရောက်ရှိလာပါက မိုးသက်လေပြင်း၊ မိုးကြိုးပစ်ခြင်းတို့နှင့်အတူ ပေါ်လာသော အန္တရာယ်တစ်ခုရှိသည်။ လျှပ်စစ်ဓာတ်လိုက်မှုအန္တရာယ်ပင်ဖြစ်ပါသည်။ မိုးကြိုးပစ်ခြင်းကို ကာကွယ်၍မရသော်လည်း လျှပ်စစ်ဓာတ်လိုက်ခြင်းကိုမူ ကာကွယ်နိုင်ပါသည်။ မြွေကိုက်လျှင် ဆေးရှိပါသည်။ ဓာတ်လိုက်လျှင်ကား ဆေးလုံးဝမမီပါ။ ဆေးမရှိတာမဟုတ်၊ ဆေးကုဖို့ပင် အချိန်မမီတာဖြစ်သည်။ မြန်မာစကားပုံတစ်ခု ရှိပါသည်။ သတိမမူတော့ ဂူမမြင်ဟု ဆိုကြသည်။ အမှန်တော့ ပြည်သူတို့ သတိမမူလို့ အန္တရာယ်ဖြစ်နေကြခြင်းဖြစ်ပါသည်။

 

၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် မန္တလေးမြို့မှ ရန်ကုန်မြို့သို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ရသည့်အလျောက် ရန်ကုန်မြို့အခြေအနေကို ပိုမိုမျက်မြင်တွေ့ရှိခဲ့ရသည်။ ရန်ကုန်မြို့သည် လူဦးရေ များပြားပြီး လူနေထူထပ်သိပ်သည်းရာ ဓာတ်လိုက်အန္တရာယ် ပိုမိုဖြစ်ပွားနိုင်ခြေရှိသဖြင့် လျှပ်စစ်ဌာနဘက်မှ မြေအောက်ဓာတ်ကြိုးစနစ်စသည်တို့ဖြင့် ပြောင်းလဲဆောင်ရွက်နေသော်လည်း ဓာတ်လိုက်နိုင်ခြေက ရှိနေဆဲပင်ဖြစ်ပါသည်။

 

သိပ္ပံပညာထွန်းကားသော ယနေ့လို ခေတ်မျိုးတွင် V=IR ဟူသော အုန်းနိယာမလို ပုံသေနည်းမျိုးကို လူတိုင်းနီးပါး သိကြသည်၊ ကြားဖူးကြပေလိမ့်မည်။ ဗို့အားဟူသည် လျှပ်စစ်စီးကြောင်းနှင့် ခုခံအားတို့နှင့် ဆက်စပ်နေသည်။ ခုခံအားသည် လျှပ်စစ်စီးအားနှင့် ပြောင်းပြန်အချိုး ကျသည်။ ခုခံအားနည်းလျှင် လျှပ်စစ်စီးအားများလာပြီး ခုခံအားကြီးလျှင် လျှပ်စစ်စီးအားနည်းသွားမည်။ မိုးရာသီတွင် စိုစွတ်သော သဘောရှိသည်။ စိုစွတ်မှုများလျှင် ခုခံအားနည်းလာပြီး စိုစွတ်မှုနည်းလျှင် ခုခံအားများလာမည်။ စိုစွတ်မှုအလိုက် ခုခံမှုအနည်းအများ မှာ အောက်ပါအတိုင်းဖြစ်သည်-

mdn

 

ယနေ့ခေတ်တွင် လျှပ်စစ်ပစ္စည်းများကို လူတိုင်းအသုံးပြုလာကြပြီဖြစ်၍ လျှပ်စစ်နှင့်စပ်လျဉ်းပြီး အသိပညာများ၊ ဆောင်ရန်ရှောင်ရန်များကို လူတိုင်းသိထားကြရန် လိုအပ်လာပြီဖြစ်ပါသည်။ မကြာခဏ လျှပ်စစ်ဓာတ်လိုက်မှုများ ကြားသိနေရပြီး မည်သို့ကာကွယ်သင့်သည်ကို သိထားကြမှသာ မိမိသာမက ပတ်ဝန်းကျင်ကိုပါ ထိခိုက်မှုအန္တရာယ်များမှ ကာကွယ်နိုင်မည်ဖြစ်ပါသည်။

 

အုန်းနိယာမအရ ကြည့်မယ်ဆိုလျှင် ဗို့အားကြီးလာလေ လျှပ်စီးကြောင်းကလည်း ကြီးလာလေဖြစ်လို့ အန္တရာယ်လည်း ပိုများလာပါမည်၊ လျှပ်စီးကြောင်းပမာဏအလိုက် ထိခိုက်နိုင်မှုအခြေအနေများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

mdn

 

လျှပ်စီးနှင့်ထိပြီး ဓာတ်လိုက်မှုဖြစ်သည့်အခါ လျှပ်စီးကြောင်း ပမာဏအနည်းအများအပေါ် မူတည်ပြီး ကြာသည့်အချိန်ပေါ်တွင် မူတည်ပြီး ဓာတ်လိုက်မှုအန္တရာယ်ကလည်း အနည်းအများ ရှိနိုင်ပါသည်။ ဥပမာ-၁၀၀ မီလီအမ်ပီယာ လျှပ်စစ်စီးကြောင်းကို အချိန် ၃ စက္ကန့်ကြာအောင် ထိမိသည့်ဓာတ်လိုက်မှုနှင့် ၉၀၀ မီလီအမ်ပီယာ လျှပ်စစ်စီးကြောင်းကို အချိန် ၀ ဒသမ ၀၃ စက္ကန့်သာ ထိမိပြီး၊ ဓာတ်လိုက်သည့်အခြေအနေက အတူတူပဲဖြစ်ပြီး သေဆုံးနိုင်သည် အထိ ဖြစ်နိုင်ပါသည်။

 

လျှပ်စစ်ပစ္စည်းများကို ပြုပြင်ဆောင်ရွက်သည့်အခါ လျှပ်စစ်ရှိ မရှိ သေချာဖို့လိုသလို (Earth)ကြိုး မြေဓာတ်ချထားခြင်း၊ မိုးကြိုးလွှဲတပ်ဆင်ခြင်းတို့ကိုလည်း မဖြစ်မနေဆောင်ရွက်ကြဖို့လိုပါသည်။ အကြောင်းမှာ လျှပ်စစ်ဓာတ်အားပိတ်ထားသောအခြေအနေတွင်ပင် Feedback ခေါ် အခြားနေရာမှ နောက်ပြန် စီးဝင်နိုင်ခြင်း၊ မိုးကြိုးပစ်၍ လျှပ်စီးဝင်ခြင်း၊ ဓာတ်အားလိုင်းများအကြား Induce ဖြစ်၍ လျှပ်စစ်စီးဝင်ခြင်းစသည်တို့ ကြုံတွေ့လာနိုင်သောကြောင့် ဖြစ်ပါသည်။ဖြစ်နိုင်ပါက လျှပ်စစ်လုပ်ငန်းလုပ်ကိုင်မည့် မည်သူမဆို သင့်လျော်သော အကာအကွယ်ပစ္စည်းများဖြင့်သာ ဆောင်ရွက်သင့်ပါသည်။

 

လျှပ်စစ်ဓာတ်အားဗို့အားအလိုက် Clearance ဟုခေါ်သော ဓာတ်လိုက်မှုမှ ရှောင်ရှားနိုင်စေရန် ဗို့အားအလိုက်ရှိရမည့် အကွာအဝေးများကိုလည်း ပြည်သူများအလွယ်တကူ သိရှိနိုင်ရန် ဖော်ပြအပ်ပါသည်-

mdn

 

မည်သို့ပင်ဆိုစေကာမူ လျှပ်စစ်ဓာတ်ကြိုးကိုမြင်လျှင် လျှပ်စစ်စီးဝင်နေသည်ဟု မှတ်ယူ၍ ပေါ့ပေါ့ဆဆ မကိုင်တွယ်မိကြဖို့လိုသည်။ အချို့သော လျှပ်စစ်ကျွမ်းကျင်လုပ်သားကြီးများပင်လျှင် ဓာတ်လိုက်မှုကို မကြာခဏ ကြုံတွေ့နေရသည်က သက်သေသာဓကပင်ဖြစ်သည်။ အကြောင်းအမျိုးမျိုးကြောင့် လျှပ်စစ်စီးဝင်နိုင်သည်ဖြစ်ရာ လျှပ်စစ် စီးဝင်နေသည်(ဝါ)လျှပ်စစ်ရှိနေသည်ဟူသောအတွေးဖြင့်ပေါ့ပေါ့ဆဆ မကိုင်တွယ်ခြင်းသည်သာ လျှပ်စစ်အန္တရာယ်ကို ကာကွယ်ရာရောက်ပါသည်။

 

လျှပ်စစ်စီးကြောင်းနှင့် ထိတွေ့မှုကြောင့်သာ ဓာတ်လိုက်မှု ဖြစ်ပွားရခြင်းဖြစ်ပြီး အန္တရာယ်မပြုနိုင်သည့် ဗို့အားသတ်မှတ်ချက်မှာ မြန်မာနိုင်ငံ တွင် ၄၀ ဗို့ဖြင့် ဥရောပတိုက်တွင် ၆၅ ဗို့အား သတ်မှတ်ထားပါသည်။ ရေစိုနေသည့်အချိန်တွင် လျှပ်တားခုခံ နိုင်စွမ်းသည် အဆ ၁၀၀၀ နီးပါး လျော့ကျသွားသဖြင့် ရေစိုနေချိန်တွင် လျှပ်စစ်ပစ္စည်းများကို အကာအကွယ်မဲ့စွာဖြင့် လုံးဝကိုင်တွယ် အသုံးမပြုသင့်ပါ။

 

ဖြစ်နိုင်ပါက လျှပ်စစ်လုပ်ငန်းလုပ်ကိုင်မည့် မည်သူမဆို သင့်လျော်သော အကာအကွယ်ပစ္စည်းများဖြင့်သာ ဆောင်ရွက်သင့်ပါသည်။ လျှပ်စစ်တပ်ဆင်ရေး ဆောင်ရွက်သူများသည် သင်တန်းများ သေချာ စွာတက်ပြီးမှ ဆောင်ရွက်သင့်သလို လိုက်နာရမည့် လျှပ်စစ်သဘော တရားများကိုလည်း အပြည့်အဝလိုက်နာဆောင်ရွက်ကြရန် လိုပါသည်။ မီးလင်းလျှင်ပြီးရောစိတ်ဓာတ်ဖြင့် ဆောင်ရွက်ခြင်းသည် ဘယ်သူသေသေ ငတေမာလျှင်ပြီးရော စိတ်ဓာတ်ပင်ဖြစ်၍ သုံးစွဲသူတို့အဖို့ အန္တရာယ်ကြီးမားလှပါသည်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကြီးများ၊ ပရောဂျက်ကြီးများမှအစ နေအိမ်များအဆုံး လျှပ်စစ်ပစ္စည်းများ အသုံးပြုသည့်အခါ ဝန်အား (Load) အတိုင်းအတာအလျောက် ဓာတ်ကြိုး (Cable) နှင့် Breaker များကို သင့်လျော်သည့် အရွယ်အစားဖြင့် စနစ်တကျတပ်ဆင် အသုံးပြုသင့်ပါသည်။ ဖြစ်ကတတ်ဆန်းသွယ်တန်း အသုံးမပြုသင့်ပါ၊ အန္တရာယ်အလွန်ကြီးမားလှ၍ ဖြစ်ပါသည်။

 

လျှပ်စစ်အန္တရာယ် လျော့နည်းကျဆင်းရေးအတွက် ပြည်သူများအနေဖြင့် အောက်ဖော်ပြပါအချက်များကို သတိပြု၍ ကာကွယ်ဆောင်ရွက်သွားကြရန် အထူးပင်လိုအပ်လှပါသည်-

 

(၁) ဓာတ်အားလိုင်းအနီးတွင် သံချောင်း၊ သံပိုက်၊ ဝါးလုံးများ အသုံးပြု၍ လုပ်ငန်းများ မဆောင်ရွက်ရန် ၊

 

(၂) ဓာတ်အားလိုင်းအနီးတွင် ဆိုင်းဘုတ်တပ်ဆင်ပြုလုပ်ခြင်း၊ တယ်လီဖုန်းလိုင်းပြုပြင်ခြင်း၊ သစ်ပင်သစ်ကိုင်းခုတ်ခြင်းများ ပြုလုပ်ပါက သက်ဆိုင်ရာလျှပ်စစ်ဌာနသို့ အကြောင်း ကြားပြီးမှ ဆောင်ရွက်ရန်၊

 

(၃) ဓာတ်အားလိုင်းအနီး ကုန်တင်ကားများ၊ ကရိန်းကားစသည့် ကားအမြင့်များရပ်၍ အတင်အချ မပြုလုပ်မိရန်၊

 

(၄) ဓာတ်တိုင်လဲခြင်း၊ ဓာတ်ကြိုးပြုတ်ကျခြင်းများ တွေ့ရှိပါက ဖြတ်ကျော်သွားလာခြင်းမပြုဘဲ သက်ဆိုင်ရာလျှပ်စစ်ဌာနသို့ အမြန်အကြောင်းကြားရန်၊

 

(၅) မြစ်ချောင်း၊ ရေကန်၊ ရေအိုင်များအတွင်း ဓာတ်ကြိုးပြုတ်ကျနေသည်ကို တွေ့ရှိရပါက လုံးဝဆင်းသက်ခြင်း မပြုလုပ်ရန်၊

 

(၆) အိမ်သွယ်ကြိုးနှင့် ပူးတွဲချည်ထားသော ဝန်ထမ်းကြိုးအား အဝတ်လှန်းကြိုးအဖြစ် အသုံးမပြုကြရန်၊

 

(၇) ဟောင်းနွမ်းဆွေးမြည့် ပေါက်ပြဲနေသော အိမ်သွယ်ကြိုးများအား အမြန်လဲလှယ်တပ်ဆင်အသုံးပြုရန်၊

 

(၈) နီးစပ်ရာ ဓာတ်အားလိုင်းမှ နေအိမ်သို့ တရားမဝင် ခိုးယူသွယ်တန်းအသုံးမပြုရန်၊

 

(၉) အရည်အသွေးကောင်းမွန်သော လျှပ်စစ်ပစ္စည်းများကိုသာ အသုံးပြု၍ ပေါက်ပြဲကွဲအက်ပျက်စီးနေပါက ချက်ချင်း လဲလှယ်အသုံးပြုရန်၊

 

(၁၀) ရေစိုနေသောလက်ဖြင့် ခလုတ်ပိတ်ဖွင့်ခြင်း၊ ပလပ်ဆွဲဖြုတ်ခြင်းများ မပြုလုပ်ရန်၊

 

(၁၁) အိမ်သုံးလျှပ်စစ်ပစ္စည်းများ လျှပ်စစ်ပြုပြင်လိုပါက လုံးဝပင်မခလုတ် (Main Switch) ကို ပိတ်ပြီးမှ ပြုလုပ်ဆောင်ရွက်ရန်၊

 

(၁၂) ကိုင်တိုင်မကျွမ်းကျင်ဘဲ ပြုပြင်ဆောင်ရွက်မှု လုံးဝမပြုလုပ်ဘဲ လျှပ်စစ်ကျွမ်းကျင်လက်မှတ်ရသူများကိုသာ ဆောင်ရွက်စေရန်၊

 

(၁၃) လူနှင့် ထိတွေ့ကိုင်တွယ်နေရသော လျှပ်စစ်ပစ္စည်းများကို 3Pin Socket များသာ အသုံးပြုရန်နှင့် Earth သေချာချထားပြီးမှ သုံးစေရန်၊

 

(၁၄) လျှပ်စစ်ဆိုင်ရာ Panel Box များကို တာဝန်ရှိသူများမှအပ ကျန်သူများ အလွယ်တကူ မဖွင့်နိုင်စေအောင်ပြုလုပ်ထားရန်၊

 

(၁၅) လျှပ်စစ်ကို ယာယီအတွက်သာ အသုံးပြုရန်လိုအပ်ပါက အသုံးပြုပြီးသည်နှင့် ချက်ချင်းဖယ်ရှားသိမ်းဆည်းရန်၊

 

(၁၆) လျှပ်စစ်လုပ်ငန်းဆောင်ရွက်သော လုပ်သားများအနေဖြင့် Safety ဝတ်စုံ ( ရော်ဘာလက်အိတ်၊ ရော်ဘာဖိနပ်စသည်) အပြည့်အစုံဝတ်ဆင်ပြီးမှ လုပ်ငန်းများ ဆောင်ရွက်ကြစေရန်၊

 

(၁၇) လျှပ်စစ်ပစ္စည်းများကို သုံးရာတွင် လျှပ်စစ်ယိုစီးမှု ရှိ မရှိ အမြဲတစေစစ်ဆေးကြည့်ပြီးမှ အသုံးပြုကြရန်၊

 

(၁၈) လျှပ်စစ်ဓာတ်ကြိုးရှိရာ အနီးတစ်ဝိုက်တွင် သံ၊ သတ္တု လှေကားများ အသုံးပြု၍ လုပ်ငန်းဆောင်ရွက်ခြင်းများ မပြုလုပ်ကြရန်။

 

လျှပ်စစ်အသိ၊ လျှပ်စစ်သတိရှိရေးအတွက် ပြည်သူတစ်ရပ်လုံး ပါဝင်ကြဖို့လိုသည်ဖြစ်ရာ လျှပ်စစ်အသိပညာကို နေရာမရွေးဒေသမရွေး၊ လူမျိုးမရွေး သိရှိနားလည်လိုက်နာကျင့်သုံးကြဖို့ အလွန်လိုအပ်လှပါသည်။ ငါနှင့် မဆိုင်သေးဟူ၍ သဘောမထားသင့်ပါ။ လျှပ်စစ်ကို အသုံးပြုသည်နှင့် လျှပ်စစ်အသိရှိနှင့်နေပြီးဖြစ်နေရပါမည်။ မိမိတို့နေအိမ်အဆောက်အအုံ စသည်တို့နှင့် ဓာတ်အားလိုင်းများရှိသင့်သော အကွာအဝေးအားလည်း ဗဟုသုတရနိုင်ကြစေရန် ဖော်ပြအပ်ပါသည်-

mdn

 

ခန္ဓာဗေဒသဘောအရ လျှပ်စစ်ဓာတ်အားသည် ဆွဲငင်တတ်သော သဘောရှိသည်၊ ပုံမှန်အတိုင်း ထိကိုင်မိလျှင် ဥပမာ လက်ဖြင့် ဆုပ်ကိုင်မိသည်ဆိုပါစို့။ အကြောပါလိုက်၍ ကွေးသွားသဖြင့် ဓာတ်ကြိုးကို ဆုပ်ကိုင်မိထားသကဲ့သို့ဖြစ်ကာ ဖြုတ်မရဘဲ ဖြစ်နေတတ်ပါသည်။ ဓာတ်လိုက်နေသူအား သွားမထိဖို့လည်း လိုပါသည်။ ဓာတ်လိုက်နေစဉ်အတွင်း ဓာတ်ကြိုး (သို့မဟုတ်) ဓာတ်လိုက်သည့်ပစ္စည်းအား လျှပ်ကာပစ္စည်းတစ်ခုခုသုံး၍ ခန္ဓာကိုယ်နှင့်လွတ်အောင် အလျင်အမြန် ဖယ်ရှားပစ်ဖို့လိုပါသည်။ Tester မပါ၍ လျှပ်စစ်စီးကြောင်းစီးဝင်မှု ရှိမရှိကို အချို့ကျွမ်းကျင်လုပ်သားကြီးများက လက်ပြန်အနေအထား ဖြင့် စမ်းသပ်လေ့ရှိကြသည်။

 

အကြောပြန်ကန်၍ မဆုပ်ကိုင်နိုင်ဘဲ ကန်ထွက်သည့်သဘောရှိသောကြောင့်ဖြစ်သည်။ အမှန်အားဖြင့်ဆိုလျှင် မလုပ်သင့်လှပါ။ လျှပ်စစ်ပစ္စည်းမှန်သမျှတွင် လျှပ်စစ်ရှိနေနိုင်သည်ဟူသော အတွေးဖြင့်သာ လျှပ်ကာပစ္စည်းများဖြင့် အသေအချာကာကွယ်ပြီးမှ ကိုင်တွယ်အသုံးပြုခြင်းနှင့် ဓာတ်လိုက်စေသည့်အချက်များကို ရှောင်ကြဉ်ခြင်းသည်သာ လျှပ်စစ်အန္တရာယ်အား လျော့နည်းကျဆင်းစေမည်ဖြစ်ပါသဖြင့် သတိတရားလက်ကိုင်ထား၍ သတိမလွတ်စေခြင်းဖြင့်သာ ဓာတ်လိုက်မည့်အန္တရာယ်ကို လျှော့ချသွားနိုင်ကြပါရန် တိုက်တွန်းရေးသားတင်ပြလိုက်ရပါသည်။ ။