လတ်ဆတ်တဲ့ ပေါင်မုန့် ဖုတ်ပေးနိုင်တဲ့ စက်ရုပ်ကို ဝီကင်ဆင် မုန့်တိုက်က မိတ်ဆက်လိုက်ပြီ

၇ ဇန်နဝါရီ

 

အမေရိကန်ပြည်ထောင်စု လာဗေးဂတ်စ်မှာ ဝီကင်ဆင် မုန့်တိုက်ကနေ ပေါင်မုန့်ဖုတ်နိုင်တဲ့ ဘရက်ဘော့ (BreadBot ) စက်ရုပ်ကို ပြီးခဲ့တဲ့ ရက်ပိုင်းက မိတ်ဆက်လိုက်ပါတယ်။ ယခုတီထွင်လိုက်တဲ့ စက်ရုပ်က ပေါင်မုန့်ပါတဲ့ အချိုးအစားအတိုင်း ရောနှောတာကစပြီး ဖုတ်ပြီးတဲ့အထိ တာဝန်ယူနိုင်ပြီး တစ်နေ့ကို ပေါင်မုန့် ၂၃၅ လုံး ဖုတ်ပေးနိုင်ကြောင်း သိရပါတယ်။ 

 

ဝီကင်ဆင် မုန့်တိုက်ရဲ့ အမှုဆောင်အရာရှိချုပ် ရန်ဒါဝီကင်ဆင် က စက်ရဲ့တန်ဖိုးကသက်သာတယ်။ အမေရိကန်ရှိ စူပါမာကတ်တွေမှာ ရောင်းတဲ့ ပေါင်မုန့်တွေထက် ပိုပြီးလတ်ဆတ်တဲ့ ပေါင်မုန့်ထုတ်ပေးနိုင်တယ်။ စားသုံးသူတွေအနေနဲ့ ပေါင်မုန့်ကို လတ်လတ်ဆတ်ဆတ်စားချင်တယ်။ ဒါပေမယ့် ဘယ်အချိန်က ဖုတ်ထားတယ်ဆိုတာ မသိဘူး။ ဘရက်ဘော့ စက်ရုပ်ကတော့ စားသုံးသူ ကိုယ်တိုင် ပေါင်မုန့်ထဲပါမယ့် အရာတွေ (ဥပမာ ဆားလျှော့မယ်။ နေကြာစေ့ထည့်မယ် စသည်ဖြင့်) ကို ဖုန်းနဲ့မှာပြီး တစ်နာရီလောက်နေရင်  ကိုယ်မှာတဲ့ အချိုးအစားအတိုင်းပါတဲ့ ပေါင်မုန့်ကို လာယူနိုင်ပြီလေ လို့ ပြောပါတယ်။ 

 

ရန်ဒါ ဆက်ပြောတာက ပေါင်မုန့်ဖုတ်တဲ့ စက်ရုပ်ကို သုံးစွဲခြင်းအားဖြင့် ပေါင်မုန့်ရဲ့ ကုန်ကျစရိတ် ၄၅ ရာခိုင်နှုန်းလောက်ကို သက်သာသွားစေတဲ့အတွက် အမြတ်ပိုထွက်လာနိုင်ကြောင်း၊ စက်ရဲ့အရွယ်အစားကလည်း ကားအသေးအရွယ်အစားဘဲ ရှိတဲ့အတွက် နေရာ အကျယ်အဝန်း သိပ်မလိုအပ်ကြောင်း ပြောပါတယ်။ 

 

အမေရိကန် စစ်တပ်အတွက် ပေါင်မုန့်ဖုတ်စက်တွေ မှာထားတဲ့  ဝီကင်ဆင် မုန့်တိုက်ကနေ ဖြန့်ချီသွားဖို့ပြင်ဆင်ထားကြောင်း ကုမ္ပဏီက ပြောပါတယ်။ 

 

အခုတီထွင်ထားတဲ့ ပေါင်မုန့်ဖုတ်စက်နေ ပေါင်မုန့်အပြင် ပြင်သစ်ပေါင်မုန့်ရှည်(ဘဂတ်) ပါ ဖုတ်ယူနိုင်ကြောင်း သိရပါတယ်။

 

MDN
ကိုးကား-AFP