လတ်တလောဖြစ်ပွားနေတဲ့ အီရတ်ဆန္ဒပြမှုများ မကြာခင်ရပ်တန့်သွားတော့မှာလား

၇  အောက်တိုဘာ

အီရတ်နိုင်ငံမှာ အခုတလော ဆူပူအကြမ်းဖက်ဆန္ဒပြမှုတွေ ဖြစ်ပေါ်နေတယ်ဆိုတဲ့ သတင်းတွေကို ဟိုးလေးတကျော်ကျော် ကြားနေရပါတယ်။ ဆန္ဒပြသူတွေဟာ အစိုးရကိုတောင် ဆင်းပေးဖို့ တောင်းဆိုနေကြပါပြီ။ သူတို့ဟာ အီရတ်နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အလုပ်လက်မဲ့နှုန်းတွေ၊ အကျင့်ပျက်ခြစားမှုတွေ၊ ပြည်သူ့ဝန်ဆောင်မှု ညံ့ဖျင်းလာတာတွေ စတဲ့ ကိစ္စရပ်တွေအပေါ် သောသောညံ ဆန္ဒတွေပြခဲ့ကြပါတယ်။

မျက်မြင်သက်သေတွေကပြော

ဆန္ဒပြမှုတွေ ဆက်တိုက် ဖြစ်လာတဲ့အတွက် သေဆုံးသူတွေအရေအတွက်ဟာ အခုဆိုရင် ၁၀၀ နီးပါး တောင်ရောက်လာပြီ ဖြစ်ပါတယ်။ သေဆုံးမှုတွေ များပြားလာတဲ့အတွက် ကုလသမဂ္ဂကလည်း အီရတ်မှာ ဖြစ်ပွားနေတဲ့ ဆန္ဒပြမှုတွေကို အဆုံးသတ်ဖို့တိုက်တွန်းလိုက်ပါတယ်။ အခုဆိုရင် အီရတ်မှာ ဆန္ဒပြမှုတွေ ဖြစ်လာတဲ့ ခြောက်ရက်မြောက်နေ့ကို ရောက်လာပြီ ဖြစ်ပါတယ်။

ဆန္ဒပြမှုတွေဟာ အီရတ်နိုင်ငံ မြို့တော် ဘဂ္ဂဒက်အပါအဝင် အထူးသဖြင့် အီရတ်နိုင်ငံတောင်ပိုင်း ရှီးယိုက်တွေ အများစုနေတဲ့နေရာတွေမှာ ဖြစ်ပွားလျက်ရှိပါတယ်။ အခုဆိုရင် ဆန္ဒပြမှုတွေဟာ ဘဂ္ဂဒက်အရှေ့ပိုင်းကိုတောင် ကူးစက်လာပြီ ဖြစ်ပါတယ်။ သက်ဆိုင်ရာအစိုးရအာဏာရှိ ပုဂ္ဂိုလ်တွေအနေနဲ့ ပြည်သူလူထုရဲ့တောင်းဆိုမှုကို လျင်မြန်စွာ ဖြည့်ဆည်းမလား၊ ဖြည့်ဆည်းမှု မလုပ်ဘူးလား ဆိုတာကတော့ မသိရသေးပါဘူး။

အကြမ်းဖက် နှိမ်နင်းရေးဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကလည်း ဘဂ္ဂဒက်အရှေ့ပိုင်းမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်ဆန္ဒပြမှုတွေကို နှိမ်နင်းမှုတွေလုပ်ဆောင်လျက်ရှိပါတယ်။ အဲဒီလိုလုပ်ဆောင် တဲ့အခါမှာ သူတို့ဟာ မျက်ရည်ယိုဓာတ်ငွေ့တွေ၊ ကျည်ဆန်အစစ်တွေနဲ့ပစ်ခတ်ပြီး လူစုကွဲအောင် ပြုလုပ်လျက်ရှိတယ်လို့လည်း မျက်မြင်သက်သေတွေက ပြောပါတယ်။

နိုင်ငံရေးလှုပ်ရှားမှု

ခြောက်ရက်မြောက် ရောက်လာတဲ့ ဒီဆန္ဒပြမှုမှာ လူသေဆုံးမှုတွေ၊ ဒဏ်ရာရမှုတွေဟာ တဖြည်းဖြည်း များလာတဲ့အတွက် အီရတ်မှာရှိတဲ့ ကုလသမဂ္ဂရဲ့ ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ ဂျန်နီဟန်းနစ် ပလက်စ်ချက်က ဒီဆန္ဒပြမှုတွေဟာ အဆုံးသတ်ကို သတ်ရတော့မယ်လို့ ပြောပါတယ်။ ဒီလိုဆန္ဒပြမှုတွေမှာ လူသေဆုံးမှုတွေ ဖြစ်နေတာဟာ အဓိပ္ပာယ်မဲ့လုပ်ရပ်တွေ ဖြစ်တယ်လို့ပြောပါတယ်။ ဆန္ဒပြဆူပူမှုတွေနောက်မှာ ရှိတဲ့လူတွေ အနေနဲ့ အပြည့်အဝတာဝန်ရှိတယ်လို့ သူက ပြောပါတယ်။

သက်ဆိုင်ရာအာဏာပိုင်တွေက လက်ဖြောင့်သေနတ်သမားတွေဟာ လူအုပ်ထဲကို ပစ်ခတ်မှုတွေ လုပ်ဆောင်နေတယ်လို့ ပြောဆိုစွပ်စွဲမှုတွေ လုပ်ခဲ့ပါတယ်။ သူတို့လည်း တကယ့်သေဆုံးမှုတွေဖြစ်စေတဲ့ လက်သည်တရားခံကို လိုက်ရှာနေပါတယ်လို့ ပြောပါတယ်။

အင်္ဂါနေ့မှာ စတင်ဖြစ်ပွားခဲ့တဲ့ အီရတ်ဆန္ဒပြမှုမှာ လူပေါင်း ၉၉ ဦး အသက်ပေးဆပ်ခဲ့ရပြီး ဒဏ်ရာရရှိသူ အရေအတွက်ဟာလည်း ၄၀၀၀ နီးပါးလောက် ရှိလာပြီဖြစ်တယ်လို့ အီရတ်လွှတ်တော်လူ့အခွင့်အရေးကော်မရှင် က ပြောပါတယ်။ ငယ်ရွယ်တဲ့လူငယ်လေးတွေရဲ့ ဆန္ဒပြမှုဟာ ဘယ်ပါတီ၊ ဘယ်အဖွဲ့အစည်း ဘယ်ဂိုဏ်းဂဏနဲ့ ပတ်သက်ဆက်နွှယ်ခြင်းမရှိဘူးလို့ ဆိုထားပေမယ့်လည်း ဩဇာတိက္ကမကြီးမားတဲ့ နိုင်ငံရေးခေါင်းဆောင်တစ်ဦးရဲ့ တိုက်တွန်းနှိုးဆော်မှုနဲ့ သက်ဆိုင်ခြင်း ရှိနေမလားဆိုတာတော့ တပ်အပ်မပြောနိုင်ပါဘူး။ ဒါပေမယ့် သေချာတာ တစ်ခုကတော့ ဆန္ဒပြတယ်ဆိုတာ နိုင်ငံရေးလှုပ်ရှားမှု တစ်ခုဆီကို စီးမျောသွားနိုင်တယ် ဆိုတာပါပဲ။

ပိတ်ပင်တားမြစ်မှုတွေလုပ်ဆောင်

စနေနေ့က အီရတ်နိုင်ငံ တောင်ပိုင်းမြို့ဖြစ်တဲ့ နာစီဝီရာ့ဟ်မှာ ဆန္ဒပြသူတွေဟာ ပါတီခြောက်ခုရဲ့ ဌာနချုပ်တွေကို မီးရှို့ခဲ့ကြပါတယ်။ ထို့အတူပဲ အီရတ်နိုင်ငံတောင်ပိုင်း မြို့တစ်မြို့ဖြစ်တဲ့ ဒီဝါနီယာ့မှာ လေထဲကို သေနတ်ပစ်ဖောက်ပြီး သတိပေးခြောက်လှန့်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ ငါးရက်အတွင်းမှာ သေဆုံးခဲ့တဲ့သူတွေအနက် ဘဂ္ဂဒက်မြို့မှာ သေဆုံးခဲ့တဲ့ သေဆုံးသူအရေ အတွက်ဟာ များနေတယ်လို့ အီရတ်လွှတ်တော်လူ့အခွင့်အရေးကော်မရှင်က စနေနေ့က ပြောကြားလိုက်ပါတယ်။ ထို့အတူ လက်ဖြောင့်သေနတ် သမားလက်ချက်ကြောင့် ဒဏ်ရာရရှိ သူ ၂၅၀ လောက်ကိုလည်း ဘဂ္ဂဒက်မှာ ဆေးကုသမှုတွေ လုပ်ဆောင်လျက်ရှိပါတယ်။

ပါလီမန်ကို ဂရင်းနစ်စံတော်ချိန် ၁၀၀၀ နာရီမှာ ကျင်းပမယ်လို့ ပြောခဲ့သော်လည်း အစည်းအဝေးကျင်းပဖို့ လိုအပ်တဲ့ လူဦးရေ မပြည့်တဲ့အတွက်ကြောင့် အစည်းအဝေးကို မစတင်နိုင်ခဲ့ပါဘူး။ လွှတ်တော်ကို သပိတ် မှောက်တဲ့ ဥပဒေပြုလွှတ်တော်အမတ် ၅၄ ဦးနဲ့ တခြားဂိုဏ်းဂဏတွေကို ဘာသာရေးခေါင်းဆောင် မော့်တာဒါအယ်လ်ဆာ့ဟ်က ပိတ်ပင်တားမြစ်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

ဆန္ဒပြမှုတွေ လုပ်ဆောင်

ယခင် ပြည်သူ့စစ်ခေါင်းဆောင်ကလည်း ဆန္ဒပြမှုရဲ့ နောက်ကွယ်မှာရှိနေပြီး အခုလို အီရတ်မှာ ဖြစ်ပွားနေတာတွေဟာ အစိုးရရဲ့ ကိုင်တွယ်မှု မှားယွင်းမှုကြောင့်လို့ဆိုကာ ဝန်ကြီးချုပ် အက်ဘ်ဒယ်အက်ဘ်ဒယ် မာဒီကို နုတ်ထွက်ပေးဖို့ တောင်းဆိုမှုတွေလုပ်ဆောင်ခဲ့ပါတယ်။

သူ့ရဲ့ အစိုးရနုတ်ထွက်ရေး တောင်းဆိုမှုကြောင့် ဆန္ဒပြသူတွေဟာ အီရတ်နိုင်ငံရဲ့ လမ်းများပေါ် ယခင်ကထက် များပြားလှတဲ့ပမာဏနဲ့ ထွက်လာကြပြီး ဆန္ဒပြမှုတွေကို ပိုမိုလုပ်ဆောင်လာကြပါတယ်။ လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက် အယ်လ်ဟယ်လ်ဘူစီ ဆန္ဒပြပြည်သူတွေကို ရည်ညွှန်းပြီး ပြည်သူတွေရဲ့အသံကို ကြားနေရတယ်လို့ ပြောပါတယ်။သို့သော်လည်း ဆန္ဒပြသူတစ်ဦးက သူဟာဆန္ဒပြသူတွေကို ကိုယ်စားမပြုဘူးလို့ ပြောကြားလိုက်ကာ ဘယ်ပါတီမှ အလိုမရှိ၊ မိမိတို့ကိုယ်စား ဘယ်သူ့ကိုမှ ပြောခွင့်မပြုလို့ ဟစ်ကြွေးဆန္ဒပြမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

အကြောင်းဖန်လာနိုင်

လူဦးရေ သန်း ၄၀ လောက်ရှိတဲ့ အီရတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ရေနံထုတ်လုပ်မှုအများဆုံး ပဉ္စမမြောက်ဖြစ်သလို ရေနံတင်ပို့သူလည်းဖြစ်ပြီး အိုပက်ထုတ်လုပ်သူများအဖွဲ့ရဲ့ ဒုတိယအများဆုံး ရေနံထုတ်လုပ်သူလည်းဖြစ်ပါတယ်။

အီရတ်နိုင်ငံမှာ လူငယ်အလုပ်လက်မဲ့နှုန်းဟာ ၂၅ ရာခိုင်နှုန်းလောက် ရှိနေကြောင်း ကမ္ဘာ့ဘဏ်ရဲ့ စာရင်းဇယားများအရ သိရပါတယ်။ အီရတ်နိုင်ငံမှာ လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ် လောက်က လူပေါင်း ၂၂ ဒသမ ၅ ရာခိုင်နှုန်းခန့်ဟာ ဆင်းရဲစွာနဲ့ နေထိုင်နေကြရပါတယ်။

ယနေ့ ပေါ်ပေါက်လာတဲ့ အဆက်မပြတ်ဖြစ်ပွားနေတဲ့ ဆန္ဒပြမှုတွေဟာ လက်ရှိဝန်ကြီးချုပ်ကို စိန်ခေါ်နေသလို ဖြစ်လာခဲ့ပါတယ်။ ကျပ်တည်းနေတဲ့ အီရတ်အခြေအနေကို ဘယ်လိုမျိုးကိုင်တွယ် ထိန်းကျောင်းသွားမလဲ ဆိုတာနဲ့ ပတ်သက်ပြီး အစိုးရအဖွဲ့အနေနဲ့ လုပ်ကိုင်ဆောင်ရွက် ရမှာပဲဖြစ်ပါတယ်။ တကယ်လို့သာ အစိုးရက ဒီအခြေအနေတွေကို မထိန်းကျောင်းနိုင်ခဲ့ဘူးဆိုရင် ဆန္ဒပြမှုတွေဟာ အဆုံးသတ်ဖို့ ကမ်းမမြင်လမ်းမမြင်ဖြစ်ကာ နောက်ဆုံးမှာ အစိုးရနုတ်ထွက်ပေးရမယ့် အခြေအနေ ဆိုက်ရောက်လာနိုင်ပြီး ရွေးကောက်ပွဲကို စောစီးစွာ ကျင်းပရဖို့ အကြောင်းဖန်လာနိုင်ပါတယ်။

လှပနိုင်ပါ့မလား

လတ်တလောမှာ အီရတ်အစိုးရဟာ အကျင့်ပျက်ခြစားမှုအရေးနဲ့ ကြုံတွေ့နေရသလို အလုပ်လက်မဲ့နှုန်း တွေကိုလည်း ကျဆင်းသွားအောင် ကူညီလုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ထို့အတူ အစိုးရရဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေကိုလည်း ကောင်းမွန်လာအောင် ဆက်လက်အကောင်အထည်ဖော် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ဒီလိုမှ ဆန္ဒပြသူတွေရဲ့ တောင်းဆိုချက်အတိုင်း မလုပ်ဆောင်နိုင်ဘူးဆိုပါက အီရတ်နိုင်ငံရဲ့ ဆန္ဒပြမှုတွေဟာ ဒီထက်ပိုဖြစ်ပွားလာဖို့ ရှိနေပါတယ်။

အခုတော့ ကုလသမဂ္ဂကလည်း ဆန္ဒပြမှုတွေ ရပ်ဆိုင်းဖို့ တောင်းဆိုနေပြီဖြစ်သလို သွေးထွက်သံယိုမှုတွေ၊ အနာတရဖြစ်မှုကို အဆုံးသတ်ဖို့ အချိန်တန်ပြီလို့လည်း ဆိုပါတယ်။ မှန်ပါတယ်။ အခုဆိုရင် အီရတ်နိုင်ငံရဲ့ နိုင်ငံရေးအခြေအနေဟာ တဖြည်းဖြည်းနဲ့ ရှုပ်ထွေးလာတဲ့ အနေအထားမှာ ရှိပါတယ်။

ဒီအပေါ် အီရတ်အစိုးရအနေနဲ့ အလျင်အမြန် နည်းလမ်းရှာ ကိုင်တွယ်သွားရမှာပဲ ဖြစ်ပါတယ်။ အစိုးရကသာ တစ်ခုခုပြောင်းလဲလာမယ်ဆိုရင် ဆန္ဒပြပြည်သူတွေဘက်ကလည်း ပြောင်းလဲလာမှာဖြစ်ပါတယ်။ သို့မဟုတ်ပါက အကြမ်းဖက်နှိမ်နင်းမှုတွေ လုပ်ဆောင်မယ် ဆိုရင်တော့ ဒါဟာနိုင်ငံတကာ နိုင်ငံရေးမျက်နှာစာမှာ အီရတ်အနေနဲ့ လှပနိုင်ပါ့မလားဆိုတာ ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အီရတ်နိုင်ငံရဲ့ အခြေအနေဟာ တဖြည်းဖြည်းစိတ်ဝင်စားစရာကောင်းလာပါတယ်။ ရှေ့ဘယ်လို ဆက်ဖြစ်နိုင်မလဲဆိုတဲ့အပေါ်ဘယ်သူမှ အတတ်မပြောနိုင်သလို အတိအကျလည်း မသိနိုင်သေးပါဘူး။

ထွန်းသစ်စ

ကိုးကား - အေအက်ဖ်ပီ