လူမှုဖူလုံရေးအကျိုးခံစားခွင့်များနှင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များအတွက် စကားဝိုင်းဆွေးနွေးပွဲကျင်းပ

လူမှုဖူလုံရေးအကျိုးခံစားခွင့်များနှင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များအတွက် စကားဝိုင်းဆွေးနွေးပွဲကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက ရိုက်ကူးထုတ်လွှင့်ခဲ့သည်။ အဆိုပါ စကားဝိုင်းဆွေးနွေးပွဲတွင် လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အေး၊ ညွှန်ကြားရေးမှူး ဒေါ်သန်းသန်းနု၊ အလုပ်ရှင် ကိုယ်စားလှယ် ဦးဝင်းနိုင်၊ အလုပ်သမားကိုယ်စားလှယ် ဒေါ်ဖြိုးစန္ဒာစိုးနှင့် ILO မှ အရာရှိ ဒေါက်တာ သိန်းသန်းဌေးတို့က ဆွေးနွေးခဲ့ကြသည်။ 

 

အစီအစဉ်မှူး ။ ။ လူမှုဖူလုံရေး စီမံကိန်းကို မြန်မာနိုင်ငံမှာ စတင်ကျင့်သုံး ခဲ့တဲ့ အခြေအနေနဲ့ လူမှု ဖူလုံရေးအဖွဲ့ကနေ လက်ရှိ စီမံကိန်းတွေကို ဘယ်လိုအကောင်အထည်ဖော်နေ တယ်ဆိုတာကို ဖြေကြားပေးစေလိုပါတယ်။

 

ညွှန်ကြားရေးမှူးချုပ်။ ။ လူမှုဖူလုံရေး စီမံကိန်း ဆိုတာ ကမ္ဘာ့နိုင်ငံ ၁၆၀ လောက်မှာ အခြေအနေအမျိုးမျိုးနဲ့ ကျင့်သုံးနေ တာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ လွန်ခဲ့တဲ့နှစ်ပေါင်း ၆၀ လောက်ကတည်းက လူမှုဖူလုံရေး စီမံကိန်းကို စတင်အကောင်အထည် ဖော်ခဲ့ပါတယ်။ အကောင်အထည်ဖော်ရာမှာ လူမှုဖူလုံရေးဆိုတာ ကျွန်တော်တို့ လက်ခံတာက လူ့အခွင့်အရေးပါပဲ။ ၂၀၁၅ ခုနှစ်မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံမှာ အတည်ပြုချမှတ်ထားတဲ့ရည်မှန်းချက်တွေ ရှိပါတယ်။

 

နိုင်ငံအားလုံးက သဘောတူထား

 

ရည်မှန်းချက် ၁. ၃ မှာ ဆင်းရဲမွဲတေမှုလျော့ပါးရေးနဲ့ ကာကွယ်တားဆီးရေးတွေ အတွက် နိုင်ငံအဆင့်မှာ သင့်တော်တဲ့ Social Protection Floors ကို အနိမ့်ဆုံးအဆင့် ဆောင်ရွက်ရမယ်လို့ နိုင်ငံအားလုံးက သဘောတူထားပါတယ်။ ကျွန်တော်တို့ နိုင်ငံကလည်း ဒါကိုအကောင် အထည်ဖော်နေပါတယ်။ မြန်မာနိုင်ငံမှာ လူမှုဖူလုံရေး ဆောင်ရွက်ချက်တွေ ဘယ်လိုရှိတယ်။ အကျိုးခံစားခွင့်တွေ ဘယ်လိုရှိတယ်ဆိုတာကို ဒီစကားဝိုင်းကနေတစ်ဆင့် ပြောပြလိုပါတယ်။

 

အိုင်အယ်လ်အိုကကူညီပေးခဲ့

 

၁၉၄၇ ခုနှစ်မှာ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ ပြန်လည်ထူထောင်ရေးကွန်ဖရင့်ကို ရန်ကုန်မြို့ ပြည်လမ်းမှာရှိတဲ့ ဆိုရန်တိုဗီလာ အဆောက်အအုံမှာ ကျင်းပခဲ့ပြီး အလုပ်သမားတွေ လူမှုဘဝလုံခြုံရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို ပေးရမယ်။ အာမခံစနစ်ထားပေးရမယ်ဆိုပြီး ဆွေးနွေးခဲ့ပါတယ်။ ဒါဟာ လူမှုဖူလုံရေးရဲ့အစဖြစ် ပါတယ်။ လွတ်လပ်ရေး ရပြီးနောက်ပိုင်းမှာ အိုင်အယ်လ်အိုရဲ့ အဖွဲ့ဝင် နိုင်ငံဖြစ်လာခဲ့ပါတယ်။အဖွဲ့ဝင်နိုင်ငံဖြစ်ပြီးနောက် ဥပဒေမရှိသေးတဲ့ အတွက် ဥပဒေရေးဆွဲဖို့ အိုင်အယ်လ်အိုက ကူညီပေးခဲ့ပါတယ်။ ဥပဒေကို ၁၉၅၂ ခုနှစ်မှာ ရေးဆွဲပြီး၁၉၅၄ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့ပါတယ်။ ၁၉၅၆ ခုနှစ် ဇန်နဝါရီ ၁ ရက်မှာ ဥပဒေကိုစတင်ကျင့်သုံးခဲ့ပါတယ်။ ၁၉၅၄ ခုနှစ် လူမှုဖူလုံရေးအက်ဥပဒေမှာအာမခံစနစ် နှစ်မျိုးရှိပြီး အကျိုးခံစားခွင့် ခုနစ်မျိုးရှိပါတယ်။

 

အာမခံစနစ်ခြောက်မျိုးပါဝင်လာ

 

ဒါတွေကို အကောင်အထည်ဖော်ပြီး ၅၈ နှစ်အကြာမှာတော့ နိုင်ငံအခြေအနေနဲ့ ကိုက်ညီတဲ့ဥပဒေကိုပြုပြင်ဖို့ လိုအပ်ချက်အရ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေကို ဩဂုတ်လ ၃၁ ရက်မှာ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၅ နဲ့ အတည်ပြုပြဋ္ဌာန်းခဲ့ပါတယ်။ ၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်မှာ စတင်ကျင့်သုံးခဲ့ပြီး ယင်းဥပဒေမှာတော့ အာမခံစနစ် ခြောက်မျိုးပါဝင်လာပြီး လက်ရှိမှာ အာမခံစနစ်သုံးမျိုးကို စတင်ကျင့်သုံးနေပါတယ်။ အိုင်အယ်လ်အိုကလည်း အကြံဉာဏ်ပေးထားတဲ့ အတိုင်း ချမှတ်ဆောင်ရွက် နေတာတွေလည်း ရှိပါတယ်။ လက်ရှိကျင့်သုံးနေတဲ့ အာမခံစနစ်အတွက် အကျိုးခံစားခွင့် ၁၅ မျိုး ခွင့်ပြုထားပြီး အလုပ်သမားတွေအတွက် အကျိုးခံစားခွင့်တွေ ခွင့်ပြုပေးနေပါတယ်။

 

အစီအစဉ်မှူး။ ။ ဆက်လက်ပြီးတော့ အကျိုးခံစားခွင့်တွေ ခွင့်ပြုပေးနေတဲ့အပိုင်းကိုလည်း ရှင်းပြပေးပါဦး။

 

ညွှန်ကြားရေးမှူး။ ။ ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေကတော့ တစ်မျိုးသားလုံး အကျုံးဝင်စေဖို့ ရည်ရွယ်ရေးဆွဲထားတာ ဖြစ်ပါတယ်။ ရည်ရွယ်ချက်ငါးချက်ဖြစ်တဲ့ နိုင်ငံတော်၏ အဓိက ကုန်ထုတ် စွမ်းအားစုဖြစ်တဲ့ အလုပ်သမားတွေရဲ့ ကျန်းမာရေးအဆင့်မြှင့်တင်ဖို့၊ လူမှုဖူလုံရေးလိုအပ်ချက်တွေကို ဖြည့်တင်းနိုင်ဖို့အတွက် အလုပ်ရှင်၊ အလုပ်သမားစုပေါင်းပြီး ကာကွယ်စောင့်ရှောက်မယ်။ ကျန်းမာရေး လိုအပ်ချက်တွေကိုဖြည့်တင်းပေးမယ်။ ဒါက ပထမအချက်ပါ။ ဒုတိယအချက်က အလုပ်သမားတွေအတွက် သာမကသူ့ရဲ့မှီခိုသူတွေ၊ မိသားစုဝင်တွေအတွက် ဆန္ဒအလျောက်မှတ်ပုံတင်နိုင်ဖို့၊ သူတို့ရဲ့ မှီခိုသူ မိသားစုတွေ၊ တောင်သူလယ်သမားတွေနဲ့ ကျန်တဲ့ပြည်သူတွေကိုပါ အကျုံးဝင်မှတ်ပုံတင်နိုင်ဖို့အတွက်ကို ပြဋ္ဌာန်းထားပါတယ်။ တတိယကတော့ ဥပဒေအဟောင်းမှာပေးနေတဲ့ အကျိုးခံစားခွင့်တွေဟာ ခေတ်စနစ်နဲ့ ကိုက်ညီမှုမရှိတဲ့အတွက် ခေတ်စနစ်နဲ့ ကိုက်ညီတဲ့ အကျိုးခံစားခွင့်တွေကို အာမခံအလုပ် သမားတွေ အတွက်ရော မှီခိုသူမိသားစုတွေအတွက်ပါ ပေးအပ်ခြင်းအားဖြင့် လူမှုရေးအရ လိုအပ်ချက်တွေကို ထောက်ပံ့မှုရရှိအောင် ခေတ်စနစ်နဲ့ကိုက်ညီတဲ့ အကျိုးခံစားခွင့်ဖြစ်အောင်ရည်ရွယ်တာ ဖြစ်ပါတယ်။

 

ပြန်လည်ထုတ်ယူခွင့်ရရှိအောင်ရည်ရွယ်

 

စတုတ္ထအချက်ကတော့ အကောင်အထည်ဖော်ဖို့ ကျန်တဲ့အာမခံစနစ်တွေမှာ အလုပ်လုပ်ကိုင်နိုင်စွမ်းမရှိမှု၊ သက်ပြည့်အငြိမ်းစား၊ သက်ကြီးပင်စင်၊ အလုပ်လက်မဲ့၊ အိမ်ရာစီမံကိန်း စတာတွေ ကို အကောင်အထည်ဖော်မယ်ဆိုရင် သူတို့ထည့် ဝင်ထားတဲ့ ပိုက်ဆံတွေကို နောင်တစ်ချိန်မှာ ပြန်လည် ထုတ်ယူခွင့်ရရှိအောင် ရည်ရွယ်ထားပါတယ်။

 

နောက်ဆုံးအချက်ကတော့ အလုပ်သမားတွေအတွက် လူမှုဖူလုံရေးစီမံကိန်းတွေကနေ အလုပ် သမားတွေဟာ နာမကျန်းမှုဖြစ်တဲ့အခါ၊ မီးဖွားတဲ့အခါ၊ သေဆုံးတဲ့အခါ၊ အလုပ်ခွင်အတွင်း ထိခိုက်မှုဖြစ်တဲ့အခါ ပြီးတော့အသက်ကြီးလာတဲ့အခါတွေမှာ ဆေးကုသပေးနိုင်ဖို့ ဖြစ်ပါတယ်။ နောက်တစ်ခုက အိမ်ရာနေထိုင်ခွင့်၊ ပိုင်ဆိုင်ခွင့်တွေရရှိအောင်လည်း စီမံကိန်းကြီးကနေ ဆောင်ရွက်သွားနိုင်ဖို့ပဲ ဖြစ်ပါတယ်။

 

အစီအစဉ်မှူး။ ။ အာမခံ အလုပ်သမားများရဲ့ဆေးကုသဝန်ဆောင်မှု အပိုင်းမှာ ရော ဘယ်လိုဆောင်ရွက်ပေးနေတယ်ဆိုတာကိုရှင်းလင်းပေးစေလိုပါတယ်။

 

ညွှန်ကြားရေးမှူး။ ။ လူမှုဖူလုံရေး ဥပဒေမှာ လက်ရှိအာမခံစနစ်ကတော့ ခြောက်မျိုး ရှိပါတယ်။ အကောင်အထည်ဖော် နေတာကတော့ ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှုအာမခံစနစ်၊ မိသားစုထောက်ပံ့မှုအာမခံစနစ်ကိုတော့ ခေတ္တရွှေ့ဆိုင်းထားပါတယ်။ နောက်တစ်ခုက မှီခိုသူမိသားစုတွေ အတွက် ကျန်းမာရေးစောင့်ရှောက်နိုင်အောင် ဆောင်ရွက်နေပါတယ်။ စာရင်းဇယားတွေကတော့ ကောက်ခံ ရဦးမှာဖြစ်ပါတယ်။ အလုပ်တွင်ထိခိုက်မှု အကျိုးခံစားခွင့်အာမခံစနစ်ကိုလည်း အကောင်အထည် ဖော်နေပါတယ်။ စနစ်သုံးမျိုးမှာ အာမခံအလုပ်သမားတွေဟာ ကျန်းမာရေးနှင့် လူမှုရေး စောင့်ရှောက်မှု အာမခံစနစ်အတွက် အလုပ်ရှင်ဘက်က ၂ ရာခိုင်နှုန်း၊ အလုပ်သမားဘက်က ၂ရာခိုင်နှုန်း ပေးသွင်းရပါတယ်။ အလုပ်တွင် ထိခိုက်မှုအတွက် အလုပ်သမားအနေနဲ့ ထည့်ဝင်ကြေးပေးသွင်းဖို့ မလိုဘဲ အလုပ်ရှင်ကသာ အလုပ် သမားတွေ အလုပ်မှာထိခိုက်မှုဖြစ်တဲ့အခါ လူမှုဖူလုံရေးအဖွဲ့က သူတို့ကိုယ်စား ပေးလျော်နိုင်အောင် ၁ ရာခိုင်နှုန်း ပေးသွင်းကြရပါတယ်။ ဒါကြောင့် အလုပ်သမားတစ်ဦးချင်းအတွက် လူမှုဖူလုံရေး ထည့်ဝင်ကြေးကို လစာရဲ့ ၅ ရာခိုင်နှုန်း ပေးသွင်းကြရပါတယ်။

 

အဆ ၃၀ ကနေ အဆ ၈၀ အထိ ခံစားခွင့်ရှိ

 

ပထမဆုံးအနေနဲ့ မှတ်ပုံတင်ကာလတစ်လနဲ့တင် အကျိုးခံစားခွင့်က အများကြီးရှိပါတယ်။မှတ်ပုံတင်ကာလ တစ်လမှာ ဆေးကုသမှုခံစားခွင့်က ရိုးရိုးဆို ၂၆ ပတ်၊ ဒီကနေ လွန်မြောက်တယ်ဆိုရင်၅၂ပတ်၊ ပြီးတော့ ကျောက်ကပ်ဆေးတာမျိုးအပြင်နာတာရှည်ရောဂါသည်တွေအတွက်လည်း ကုသပေးနေပါတယ်။ ဒါကတော့ ဆေးကုသမှုအပိုင်းဖြစ်ပါတယ်။ နောက်တစ်ခုက မှတ်ပုံတင်ကာလတစ်လအတွင်း အလုပ်သမားဟာ လကုန်မှ လစာရမှာဖြစ်တဲ့အတွက် ထည့်ဝင်ကြေးမပေးသွင်းရသေးပါဘူး။ အလုပ်သမားတစ်ဦးဟာ ၁၀ ရက်အတွင်း မှတ်ပုံတင်ရတာဖြစ်ပြီး ထည့်ဝင်ကြေးမပေးရသေးဘဲအကြောင်းတစ်ခုခုကြောင့် သေဆုံးသွားရင် နာရေးစရိတ်လည်း ရရှိနိုင်မှာဖြစ်ပါတယ်။ လုပ်ငန်းခွင်ထိခိုက်မှုဖြစ်တဲ့ ကိစ္စတွေမှာလည်းသူတို့ရဲ့ လုပ်ခလစာ ပေါ် မူတည်ပြီး ယာယီမသန်စွမ်း မှုကာလမှာ တစ်နှစ်ကို လုပ်ခလစာရဲ့ ၇၀ ရာခိုင်နှုန်း၊ အမြဲတမ်း ကိုယ်အင်္ဂါဆုံးရှုံးသွားတဲ့အခါမှာလုပ်အားဆုံးရှုံးသွားတယ်ဆိုရင် သူရရှိတဲ့ ခံစားခွင့်ဟာ လုပ်အားဆုံးရှုံးမှု ပေါ်မူတည်ပြီး လုပ်ခလစာရဲ့ ၇၀ ရာခိုင်နှုန်း၊ ကျန်ရစ်သူ အကျိုးခံစားခွင့် ပေးရင် လည်း လုပ်ခလစာပေါ်မူတည်ပြီး အဆ ၃၀ ကနေအဆ ၈၀ အထိ ခံစားခွင့်ရှိပါတယ်။

 

ဒါက မှတ်ပုံတင်ကာလ တစ်လအတွင်း ထည့်ဝင်ကြေး မပေးသွင်းရသေးခင် ခံစားခွင့်ရှိ တာတွေဖြစ်ပါတယ်။ မှတ်ပုံတင်ကာလခြောက်လရှိပြီး ဒီအလုပ်သမားအလုပ်လုပ်တဲ့အတွက်ကြောင့် ထည့်ဝင်ကြေးကာလ လေးလရှိသွားရင် မကျန်းမာမှုနဲ့ ပတ်သက်တဲ့ ငွေကြေးအကျိုးခံစားခွင့်ကို ခြောက်လအထိ ခံစားခွင့်ရှိပါတယ်။ ဒါကတော့ လုပ်ခလစာရဲ့ ၆၀ ရာခိုင်နှုန်းကို ခွင့်ပြုထားတာဖြစ်ပါတယ်။ မှတ်ပုံတင်ကာလ ၁၂ လရှိပြီ ဆိုရင် မီးဖွားမှုနဲ့ ပတ်သက်တာတွေကို ခံစားခွင့်ရှိပါတယ်။

 

မီးဖွားမှုအကျိုးခံစားခွင့်

 

မီးဖွားမှုမှာဆိုရင် မီးမဖွားခင် ခြောက်ပတ်၊ မီးဖွားပြီး ရှစ်ပတ် စုစုပေါင်း ၁၄ ပတ်ကို လုပ်ခလ စာရဲ့ ၅၀ ရာခိုင်နှုန်း၊ အမြွှာပူးဆိုရင် လုပ်ခလစာရဲ့ ၇၅ ရာခိုင်နှုန်း၊ သုံးမြွှာပူးဆိုရင် လုပ်ခလစာရဲ့ ၁၀ဝ ရာခိုင်နှုန်းအထိ ထောက်ပံ့ပေးပါတယ်။ အဲဒီလို ထောက်ပံ့တဲ့အတွက် မီးဖွားပြီးတဲ့အချိန်မှာ လူမှုဖူလုံရေးကနေသူတို့ကို ငွေကြေးအကျိုးခံစားခွင့်တွေပေးသလို ကျန်းမာရေးစောင့်ရှောက်မှုကို လည်း ဆေးရုံတွေမှာတက်ပြီး မီးဖွားခွင့်ပေးပါတယ်။ အမျိုးသမီးတွေဟာ ကိုယ်ဝန်ပျက်ကျရင် ခြောက်ပတ်အထိ ကိုယ်ဝန်ပျက်မှုအတွက် လုပ်ခလစာရဲ့ ၇၀ ရာခိုင်နှုန်းကို ရရှိပါတယ်။ အာမခံထားသူ အမျိုးသမီးတွေဟာ တစ်နှစ်အောက်ကလေး မွေးစားရင် ရှစ်ပတ်အထိကို လစာရဲ့ ၇၀ ရာခိုင်နှုန်းခံစားခွင့်ရှိပြီး မီးဖွားပြီးခါစ ကလေးတစ်ယောက် အာမခံထားသူ အမျိုးသမီးဟာ သူ့ရဲ့ကလေးကိုတစ်နှစ်အထိ ဆေးကုသမှုခံယူခွင့်ရှိပါတယ်။

 

အမျိုးသားတွေအတွက်ဆိုရင်လည်း ဒီဥပဒေက ခံစားခွင့်ပေးထားပါတယ်။ အာမခံအလုပ်သမား အမျိုးသားရဲ့ အမျိုးသမီးက အာမခံအလုပ်သမား မဟုတ်ဘူး။ ဒါပေမယ့် သူ့အမျိုးသမီး မီးဖွားရင် သူ့ကိုမီးဖွားတဲ့ ကလေးစောင့်ရှောက်ခွင့် ၁၅ရက်၊ လုပ်ခလစာရဲ့ ၇၀ ရာခိုင်နှုန်းရရှိမှာ ဖြစ်ပါတယ်။ ကလေးတစ်ယောက် မွေးတယ်ဆိုရင် အာမခံထားသူ အမျိုးသမီးဟာ ကလေးတစ်ယောက်အတွက်၅၀ ရာခိုင်နှုန်းရတယ်ဆိုရင် အမျိုးသားက ၂၅ ရာခိုင်နှုန်း၊ အမြွှာမွေးတယ်ဆိုရင် အာမခံအမျိုးသမီးရတာနဲ့ တစ်ဝက်ကို ခံစားခွင့်ရှိပါတယ်။ ဒီလိုခံစားခွင့်တွေကို ဥပဒေစတင် အကောင်အထည်ဖော်ခဲ့တဲ့ ၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်ကတည်းကစတင်ပြီး ပေးအပ်နေပါတယ်။

 

အစီအစဉ်မှူး ။ ။ အလုပ်သမားတွေ အနေနဲ့ကရော လူမှုဖူလုံရေးဥပဒေကို သိထားဖို့ လိုအပ်ပါသလား။ ဒါမှမဟုတ် အလုပ်ရှင် သို့မဟုတ် လူမှုဖူလုံရေးက Automatically Live Be Care လုပ်ပေးနေသလား သိလိုပါတယ်။

 

ညွှန်ကြားရေးမှူး။ ကျွန်မတို့ လက်ရှိဆောင်ရွက်နေတဲ့ အခြေအနေမှာတော့ Awareness Raising ပေါ့။ ကျွန်မတို့ရုံးတွေကိုလာရောက်တဲ့အခါ၊ ဟောပြောပွဲတွေ ကျင်းပတဲ့အခါ ရှင်းပြတာဖြစ်ပါတယ်။ ခံစားခွင့်တွေလာထုတ်တဲ့အခါ ဘယ်လိုထုတ်ရမလဲဆိုတာမျိုး သူတို့တွေ အားလုံးသိနိုင်အောင် ရှင်းပြပေး နေသလို ရုံးတွေမှာရှိတဲ့ တာဝန်ရှိသူတွေကလည်း ကွင်းဆင်းဟောပြောတာတွေ လုပ်ပေးနေပါတယ်။ သတင်း မီဒီယာတွေကနေလည်း ပြောကြားပါတယ်။နောက်တစ်ခုက မှတ်ပုံတင်ကာလတစ်လတည်းနဲ့တင် ခံစားခွင့်ရှိတဲ့ အကျိုးခံစားခွင့်ပေးပွဲတွေ၊ မီးဖွားစရိတ်၊ ဆေးဖိုးပြန်အမ်းပွဲတွေမှာလည်း အလုပ်ရှင်တွေရော၊ အလုပ်သမားတွေကိုရော ပညာပေးနေတာတွေရှိ ပါတယ်။ ဒါတင်မကသေးပါဘူး။ Phamflat တွေ၊ လက်ကိုင်စာအုပ်တွေ၊ ပြက္ခဒိန်တွေ စတာတွေနဲ့လည်း အသိပညာပေးနေပါတယ်။

 

တစ်လကို ခုနစ်ကြိမ်ဆေးကုသမှု ခံယူခွင့်

 

ဥပဒေမှာပေါ့။ ဥပဒေအဟောင်းနဲ့အသစ်မှာ ပင်စင်ယူသွားတဲ့အချိန် ကျွန်မတို့ဆီမှာ သူတို့ထည့်ဝင်ကြေး မရှိတော့ဘူး။ ပုဂ္ဂလိကကနေပဲ နားနား၊ အစိုးရဌာနတွေကနေနားနား ထည့်ဝင် ကြေးမရှိတော့သော်လည်း သူကဥပဒေအဟောင်းရော၊ အသစ်ရောမှာ တစ်လျှောက်လုံးထည့်သွင်းထားတဲ့ လူတွေအတွက် ဆေးကုသမှုဆက်လက်ခံစားခွင့်ဆိုတာ နိုင်ငံတကာမှာတောင် မရှိသေး ပါဘူး။ ကျွန်မတို့က ထည့်ဝင်ကြေးမသွင်းဘဲနဲ့ဆေးကုသခွင့်ပေးထားပါတယ်။ ဆေးခန်းတွေမှာ တစ်လကို ခုနစ်ကြိမ်ဆေးကုသမှု ခံယူခွင့်ရှိပါတယ်။ ဒီကလွန်မြောက်ပြီး ဆေးကုသမှုကုန်ကျစရိတ် ၅၀ ရာခိုင်နှုန်းကို လူမှုဖူလုံရေးအဖွဲ့က ကျခံပေးပါတယ်။ ဒီလို အကျိုးခံစားခွင့်တွေ အများကြီးရှိနေပါတယ်။

 

အစီအစဉ်မှူး။ ။ လူမှုဖူလုံရေးအဖွဲ့မှာ အကောင် အထည်ဖော်နေတဲ့ အာမခံစနစ် တွေ၊ အကျိုးခံစားခွင့်တွေနဲ့ ပတ်သက်ပြီးတော့ရော၊ အဖွဲ့ကနေ ခွင့်ပြုထုတ်ပေးနေတဲ့ ဆေးဖိုးနဲ့ ခရီး စရိတ်တွေအကြောင်းကိုလည်း ဆက်လက်ရှင်းပြပေးပါဦး။

 

ညွှန်ကြားရေးမှူး။ ။ အကျိုးခံစားခွင့် ဆိုရင်ဆေးကုသမှု အကျိုးခံစားခွင့် အပါအဝင်အကျိုးခံစားခွင့် ၁၅ မျိုးကတော့ ခုနကအတိုင်း ရာခိုင်နှုန်းအလိုက် ခံစားခွင့်ရရှိပါတယ်။ဥပဒေကို အကောင်အထည်ဖော်နေတာ လေးနှစ်ခွဲပဲ ရှိပါသေးတယ်။ ဒီအတောအတွင်းမှာတော့ အာမခံစနစ်နှစ်မျိုးမှာတင် အကျိုးခံစားခွင့် ၁၅ မျိုးနဲ့ ပတ်သက်ပြီး အမှုတွဲပေါင်းခြောက်သိန်းကျော်ကို ခွင့်ပြုပြီးဖြစ်ပါတယ်။ အဲဒီအတွက် ကျပ်ကျပ်သန်းပေါင်း ၂၆၀ဝ၀ နီးပါးကို အာမခံအလုပ်သမားတွေအတွက် ခွင့်ပြုထားပြီးဖြစ်ပါတယ်။

 

လုပ်ငန်းခွင်ထိခိုက်မှုနဲ့ ပတ်သက်ရင်လည်း၃၂၅ မှုကျော်ကို ကျပ်ကျပ်သန်းပေါင်း ၁၆၀ဝ အထိအလုပ်သမားတွေအတွက် ခွင့်ပြုထုတ်ပေးထားပြီးဖြစ်ပါတယ်။ ဆေးဖိုးခရီးစရိတ်ထုတ်ပေးမှုမှာပထမဆုံး Primary Care ကတော့ ဆေးခန်းတွေမှာ ဆေးကုသခွင့်ရှိတယ်။ ဌာနကြီးဆေးခန်းတွေမှာလည်း ဆေးကုသခွင့် ရှိပါတယ်။ စာမျက်နှာ ၁၀ မှ လူမှုဖူလုံရေးအဖွဲ့နဲ့ စာချုပ်ချုပ်ဆိုထားတဲ့ အလုပ် ဌာနတွေရဲ့ ဌာနကြီး ဆေးခန်းတွေမှာလည်း ဆေးကုသခွင့်ရှိပါတယ်။ ပြင်ပလူနာဌာနတွေနဲ့ MMU နဲ့လည်း ဆေးကုသခွင့်ရှိပါတယ်။ အလုပ်ဌာနတွေအရောက် လူမှုဖူလုံရေးအဖွဲ့ရဲ့ အထူးကုဆရာဝန်ကြီးတွေ၊ မြို့နယ်တွေမှာရှိတဲ့ ဆရာဝန်တွေ နဲ့ပူးပေါင်းပြီး ကျန်းမာရေး ပညာပေးလုပ်ငန်းတွေလည်း လုပ်ဆောင်ပါတယ်။ လူမှုဖူလုံရေးစီမံကိန်း အကြောင်း ဟောပြောပေးပြီး ဆေးကုသမှုတွေလည်း ပေးပါတယ်။ အဲဒီလိုပေးခဲ့တာတွေ ဒီနှစ်ကာလတွေအတွင်း ကျပ်ကျပ်သန်း ၇၆၀ဝ၀ဝ ကျော်ကိုပေးထားပြီး ဆေးဖိုးခရီးစရိတ် ပြန်အမ်းငွေကျပ်သန်းပေါင်း ၄၆၀ဝ ကျော် ခွင့်ပြုထုတ်ပေးပြီးဖြစ်ပါတယ်။

 

ညွှန်ကြားရေးမှူးချုပ်။ ။ကျွန်တော်တို့ဆီမှာအဓိကကတော့ ကျန်းမာရေး ဝန်ဆောင်မှုပေးဖို့အတွက် ကိုယ်ပိုင် ဆေးရုံသုံးရုံရှိပါတယ်။အလုပ်သမားဆေးရုံ ရန်ကုန်၊ မန္တလေးနဲ့ထန်းတပင်တို့မှာ ဖြစ်ပါတယ်။ ကိုယ်ပိုင် ဆေးခန်းပေါင်း ၉၆ ခန်းရှိပြီးဌာနကြီး ဆေးခန်းပေါင်း ၅၅ ခန်းရှိပါတယ်။ ပြင်ပနဲ့စာချုပ်ချုပ်ထားတဲ့ဆေးခန်းပေါင်း လေးခန်းရှိပါတယ်။ တိုင်းရင်း ဆေးခန်း ရန်ကုန်မှာထားပေးပါတယ်။ PPS စနစ်နဲ့စမ်းသပ်ဆေးခန်းသုံးခန်း လုပ်ဆောင်နေပါတယ်။ခုနက ညွှန်ကြားရေးမှူး ပြောပြသလို MMUကတော့ ဆေးရုံဆေးခန်းနဲ့ ဝေးတဲ့နေရာတွေကအလုပ်ဌာနမှာ လုပ်ကိုင်နေသူတွေ ဆေးရုံကို မလာနိုင်ဘူး။ ဒါကြောင့် MMU နဲ့ သွားပြီးကျန်းမာရေးဝန်ဆောင်မှုတွေကို ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။

 

 ခင်ရတနာ၊ ဓာတ်ပုံ-မေဦးမိုး
(ဆက်လက်ဖော်ပြပါမည်