လူငယ်အင်အား စွမ်းပကားဖြင့် နိုင်ငံ့ဂုဏ်ရောင် အလင်းဆောင်အံ့

မောင်လူအေး(ရေစကြို)

(ယမန်နေ့မှအဆက်)

အားကစားကဏ္ဍသည် အရေးကြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် “နိုင်ငံ၏ အခြေခံကျန်းမာရေးစောင့်ရှောက်မှုကို ပိုမိုခိုင်မာအောင် တည်ဆောက်၍ တစ်မျိုးသားလုံး သက်ရှည်ကျန်းမာသည့် ကျန်းမာရေးစနစ် ဖြစ်ပေါ် လာစေရေး”ဆိုသည့် လူမှုရေးဦးတည်ချက်ကို ချမှတ်ဆောင်ရွက်လျက်ရှိရာ တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် အားကစားကဏ္ဍသည် အရေးကြီးသည့် အခန်းကဏ္ဍတစ်ခုဖြစ်ပါသည်။ လူငယ်များအား ငယ်ရွယ်စဉ်ကတည်းက ပညာသင်ယူခြင်းနှင့်အတူ အားကစားလိုက်စားပြီး ကျန်းမာကြံ့ခိုင်၍ ဗလငါးတန်ပြည့်ဝသည့် နိုင်ငံ့သားကောင်းများဖြစ်အောင် ပြုစုပျိုးထောင်ပေးသွားမည့် ရည်ရွယ်ချက်နှင့်အညီ လူငယ်များ ကျန်းမာကြံ့ခိုင်ရေးအတွက် အားကစားနှင့် ကာယ ပညာဖြင့် ပေါင်းစပ်အကောင်အထည်ဖော်ရန် လိုအပ်လျက်ရှိရာ အခြေခံပညာကျောင်းများနှင့် နည်းပညာကောလိပ်များ၊ တက္ကသိုလ်များသို့ သွားရောက်၍ အားကစားနှင့် လူငယ်ဆိုင်ရာ ဟောပြောပွဲများပြုလုပ်ခြင်း၊ အားကစားနည်းများ သရုပ်ပြသခြင်း၊ အားကစားနည်းအလိုက် သင်တန်း များဖွင့်လှစ်ခြင်း၊ အားကစားပြိုင်ပွဲများ ကျင်းပပေးခြင်းနှင့် အားကစားပစ္စည်းများ ထောက်ပံ့ပေးခြင်းတို့ကို ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

အခြေခံအားကစားနည်းတစ်ရပ်ရပ်ကို လေ့လာလိုက်စားခြင်းအားဖြင့် ကျန်းမာကြံ့ခိုင်၍ ဉာဏ်ရည် ထက်မြက်သောလူငယ်များ မွေးထုတ်ပေးနိုင်မည်ဖြစ်ပြီး စနစ်တကျ ဆက်လက်လေ့ကျင့် ပြုစုပျိုးထောင်ပေးနိုင်ပါက အားကစားဖြင့် နိုင်ငံ့ဂုဏ်ကို မြှင့်တင်ပေးနိုင်သည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ မွေးထုတ်ပေးနိုင်မည်ဖြစ်ပေသည်။ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း လူငယ် များ အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ရန်အတွက် နွေရာသီ အားကစားအခြေခံသင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိရာ ၎င်းသင်တန်းများမှတစ်ဆင့် ကျန်းမာကြံ့ခိုင်သော လူငယ်လူရွယ်များ၊ ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ် အားကစားလူရည်ချွန်များ ပေါ်ထွက်လာမည်ဖြစ်ပေသည်။

ထိုရည်မှန်းချက်နှင့်အညီ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာနကကြီးမှူး၍ နွေရာသီအားကစား သင်တန်းများကို ခရိုင်/ မြို့နယ်အသီးသီးတွင် စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးခဲ့ရာ ၂၀၂၂-၂၀၂၃ ပညာ သင်နှစ် နွေရာသီအားကစားအခြေခံသင်တန်းများသို့ သင်တန်းသား သင်တန်းသူ စုစုပေါင်း ၃၄၁၅၀ ပါဝင်တက်ရောက်ခဲ့ပါသည်။ ယင်းကဲ့သို့ စနစ်တကျ လေ့ကျင့်ပျိုးထောင်ပေးမှုများကြောင့်လည်း ၂၀၂၃ ခုနှစ် ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲနှင့် (၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲများတွင် မြန်မာလူငယ် အားကစားသမားများသည် နိုင်ငံ့ဂုဏ်ဆောင် ရွှေတံဆိပ်ဆုများ ရယူပေးနိုင်ခဲ့သည်ကို တွေ့မြင် ရမည်ဖြစ်ပေသည်။
 
ကမ္ဘာ့နိုင်ငံများတွင် လူငယ်များဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်မှုနည်းလမ်းများအဖြစ် လူငယ်ဖလှယ်ရေးအစီအစဉ်များ (Youth Exchange Program)၊ လူငယ်ခေါင်းဆောင်မှု အစီအစဉ်များ (Youth Leadership Program)၊ လူငယ်စေတနာ့ဝန်ထမ်းအခွင့်အလမ်းများ(Youth Volunteer Opportunities)၊ ၂၁ ရာစုကျွမ်းကျင်မှု အတတ်ပညာများအပါအဝင် ကျွမ်းကျင်မှုသင်တန်း များ(Skills Training)နှင့် လူမှုရေးဆိုင်ရာစွမ်းဆောင် မှုအစီအစဉ်များ (Social Entrepreneurship Program)များကို ဦးစားပေးအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ 

လူငယ်လေ့လာရေးခရီးစဉ်

လူငယ်ရေးရာဦးစီးဌာနအနေဖြင့် လူငယ်လူရွယ်များ၏ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ ပတ်ဝန်းကျင် ဒေသန္တရဗဟုသုတများ တိုးပွားလာစေရန်၊ လူငယ်အချင်းချင်း အတွေ့အကြုံဗဟုသုတများ ဖလှယ်နိုင်စေရန်နှင့် လူငယ်အချင်းချင်းကြား ချစ်ကြည်ရင်းနှီးမှု တိုးပွားလာစေရန်ရည်ရွယ်၍ လူငယ်လေ့လာရေးခရီးစဉ်များ၊ အသင်းအလိုက် လှုပ်ရှားမှုများကို စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ မဟာပရဟိတ လူငယ်ဖွံ့ဖြိုးရေးဥယျာဉ်(စမတောင်) လူငယ်ဖွံ့ဖြိုးရေးဂေဟာမှ လူငယ်များအား လည်းကောင်း၊ အဝါရောင်မျိုးဆက်သစ်ပရဟိတ အသင်း(YGW) လူငယ်ဖွံ့ဖြိုးရေးကျောင်းမှ လူငယ်များအားလည်းကောင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား ကျောင်းသူ လူငယ်များအားဖိတ်ကြား၍ လူငယ်ရေးရာအသိပညာပေး ဟောပြောခြင်း၊ စုပေါင်းဂိမ်းကစားခြင်း၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းနှင့် အားကစားရုံတို့ကို လေ့လာခြင်း၊ အားကစားပြိုင်ပွဲများ ကြည့်ရှုအားပေးခြင်း၊ ဝဏ္ဏသိဒ္ဓိ ရေကူးကန်တွင် ရေကူးအားကစားသရုပ်ပြမှုအား ကြည့်ရှုလေ့လာခြင်း၊ မြန်မာ့အားကစား လှုပ်ရှားမှု များပြခန်း (အားကစားပြတိုက်နှင့်ပြခန်း) ကို လေ့လာခြင်း၊ မြန်မာ့ရိုးရာ ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲ များသို့ သွားရောက်လေ့လာအားပေးခြင်း စသည့် လူငယ်လေ့လာရေးခရီးစဉ် လေးကြိမ်တိတိကို ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံရေးတည်ငြိမ်မှုနှင့် လူမှုစီးပွားဘဝ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ရာတွင် လူသားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးသည် အခြေခံကျပြီး လူသားအရင်း အမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးဖြင့်သာ အဓိကတည်ဆောက်ရမည်ဖြစ်သည်။ အသိပညာရှင်၊ အတတ်ပညာရှင်၊ ကျွမ်းကျင်ပညာရှင် လူငယ်လူရွယ်များဖြင့် အနာဂတ်နိုင်ငံတော်ကို တည်ဆောက် နိုင်မည်ဖြစ်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်လူရွယ်များအား အသိပညာ၊ အတတ်ပညာ၊ ကျွမ်းကျင်မှုပညာရပ်များကို စနစ်တကျ လေ့ကျင့်သင်ကြားပေးရန် လွန်စွာအရေးကြီးလှပါသည်။ အနာဂတ်မျှော်မှန်းချက် အလားအလာများနှင့် ပြည့်ဝနေသော လူငယ်များ၏ အရည်အသွေးနှင့် စိတ်ဓာတ်ကို စနစ်တကျ လေ့ကျင့်ပျိုးထောင်ပေးနိုင်မည့် ပညာရေးရပ်ဝန်း ဖော်ဆောင်ပေးရန် လိုအပ်မည်ဖြစ်သည်။

စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း ၅၁ ကျောင်းဖွင့်လှစ်
၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်း အစီရင်ခံစာအရ အသက် (၁၅) နှစ်နှင့်အထက် လူဦးရေ၏ လုပ်သားအင်အားပါဝင်နှုန်းမှာ ၆၃ ရာခိုင်နှုန်းဖြစ်ပြီး အလုပ်လက်မဲ့နှုန်းမှာ ၂ ဒသမ ၇ ရာခိုင်နှုန်းဖြစ်ပါသည်။ တစ်ဖန် အသက် (၁၅) နှစ် အထက်လူဦးရေ၊ တစ်နည်းအားဖြင့် အလုပ်လုပ်နိုင်သူ ဦးရေ စုစုပေါင်း ၂၂ ဒသမ ၉ သန်းရှိသည့်အနက် တစ်ဝက်ခန့်သာ အလယ်တန်းအဆင့်ပညာ တတ်မြောက်ကြောင်း သိရှိရသည်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်၏ လမ်းညွှန်ချက်အရ ပညာရေးဝန်ကြီးဌာနမှ ဦးဆောင်ကာ မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေး ညီလာခံ(၂၀၂၃) ကို ကျင်းပပြုလုပ်ခဲ့ပြီး ပညာရေး တန်းစဉ်ကူးပြောင်းမှု နည်းပါးခြင်းကို ကုစားနိုင်မည့် နည်းလမ်းများရှာဖွေခြင်း၊ ကျောင်းတက်သူဦးရေ တိုးတက်လာစေမည့်နည်းလမ်းများ ရှာဖွေခြင်း၊ KG+9 ပညာရေးကို အမျိုးသားရေးကိစ္စတစ်ရပ်အဖြစ် တိုင်းဒေသကြီး/ပြည်နယ်အားလုံးတွင် ဆောင်ရွက်နိုင်ရေးနှင့် လူငယ်လူရွယ်များ၏ အသက်မွေး ဝမ်းကျောင်းမှုကို အထောက်အကူပြုစေမည့် အသက်မွေးဝမ်းကျောင်းပညာ အခြေခံရရှိရေးအတွက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှစတင်၍ KG+ 10, 11, 12 တွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုနည်းပညာရပ်များကို ခရိုင် ၅၀ ရှိ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း ၅၁ ကျောင်း ဖွင့်လှစ်ကာ သင်ကြားပို့ချပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

မြန်မာနိုင်ငံ လူငယ်ရေးရာလုပ်ငန်းကော်မတီ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် လူငယ်ရေးရာကော်မတီများကလည်း ဆက်စပ်ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး အထောက်အကူပြုစေရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်နှင့် လူငယ်များ သမ္မာအာဇီဝကျကျ လုပ်ကိုင်တတ်စေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်းသင်တန်း၊ တန်ဖိုးမြင့်စားသောက်ကုန်သင်တန်း၊ အခြေခံ အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်းသင်တန်း၊ လူသုံးကုန်ပစ္စည်းထုတ်လုပ်မှု နည်းပညာပေးသင်တန်း၊တစ်လုံးထိုးအင်ဂျင် ပြုပြင်ခြင်းသင်တန်း၊ ပိုက်ပြင်/ ပိုက်ဆက်သင်တန်း၊ လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း အခြေခံသင်တန်း၊ Fancy လက်မှုထည် ထုတ်လုပ်နည်းသင်တန်း၊ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း၊ အခြေခံကွန်ပျူတာသင်တန်း၊ အခြေခံဓာတ်ပုံပညာသင်တန်းများကို နေပြည်တော် ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်များတွင် ဖွင့်လှစ်ဆောင်ရွက်လျက်ရှိရာ ၂၀၂၂ ခုနှစ် မတ်လမှ ၂၀၂၃ ခုနှစ် ဇွန်လအထိ မသန်စွမ်းလူငယ်များအပါအဝင် လူငယ်များ စွမ်းဆောင်ရည်မြင့်မားရေးနှင့် အလုပ်အကိုင်ရရှိရေးအတွက် သက်မွေးသင်တန်းများ စုစုပေါင်း (၁၈)ကြိမ် ဖွင့်လှစ်နိုင်ခဲ့ပြီး သင်တန်းသား သင်တန်းသူ စုစုပေါင်း ၆၃၃ ဦး တက်ရောက်နိုင်ခဲ့ပါသည်။ 

လူငယ်ရေးရာဦးစီးဌာနအနေဖြင့် အကြောင်း အမျိုးမျိုးကြောင့် ကျောင်းပညာဆက်လက်မသင်ယူနိုင်သော အထူးအလေးပေးရမည့် လူငယ်များအုပ်စု တွင်ပါဝင်သည့် လူငယ်များအား အသက်မွေးဝမ်း ကျောင်းပညာ ဆက်လက်သင်ယူနိုင်ရေးနှင့် ၎င်းတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် အသက်မွေးဝမ်းကျောင်းပညာသင်စရိတ် ထောက်ပံ့ပေးအပ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် ဆက်သွယ်ဆောင်ရွက်

မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သည်နှင့်အညီ အာဆီယံလူငယ် ဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေး ( ASEAN Ministerial Meeting On Youth – AMMY) နှင့် အာဆီယံလူငယ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး (Senior Officials Meeting On Youth – SOMY) ၏ တာဝန်ဝတ္တရားများနှင့် အာဆီယံလူငယ်ရေးရာလုပ်ငန်းစဉ်များကို အာဆီယံ အတွင်းရေးမှူးချုပ်ရုံးနှင့် ဆက်သွယ်ဆောင်ရွက် လျက်ရှိပါသည်။ ၂၀၂၃ ခုနှစ် ဇွန်လ ၂၁ ရက်နေ့တွင် Virtual စနစ်ဖြင့် မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ် ဦးဆောင်ကျင်းပခဲ့သည့် (၁၂)ကြိမ်မြောက် အာဆီယံ လူငယ်ဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေး (AMMY XII)နှင့် (၈)ကြိမ်မြောက် အာဆီယံ+၃ လူငယ်ဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေး (8th AMMY+3) တို့တွင် လက်ရှိဥက္ကဋ္ဌ မလေးရှား နိုင်ငံ လူငယ်နှင့်အားကစားဝန်ကြီးက ၂၀၂၃ ခုနှစ် နှင့် ၂၀၂၄ ခုနှစ်အတွက် အာဆီယံလူငယ်ဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေး၏ ဥက္ကဋ္ဌတာဝန်များကို မြန်မာနိုင်ငံအား တရားဝင်လွှဲပြောင်းပေးအပ် ခဲ့ရာ မြန်မာနိုင်ငံ အာဆီယံလူငယ်ဆိုင်ရာဝန်ကြီးများ အဆင့်အစည်းအဝေးအဖွဲ့ခေါင်းဆောင် အားကစား နှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး က လက်ခံရယူခဲ့သည်။ 

(၁၃) ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများ၊ (၁၃) ကြိမ်မြောက် အာဆီယံ လူငယ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက် လျက်ရှိပါသည်။

အာဆီယံလူငယ်ဆိုင်ရာ လုပ်ငန်းအစီအစဉ် ၂၀၂၁-၂၀၂၅ (ASEAN Work Plan on Youth 2021-2025)တွင် ပါဝင်သည့် လူငယ်များ၏ အခွင့်အရေးများကို မြှင့်တင်နိုင်ရေး ဆောင်ရွက်သွားမည့် ရည်မှန်းချက်များနှင့်အညီ အာဆီယံဒေသအဆင့် ဆွေးနွေးပွဲများ၊ ညီလာခံများ၊ သင်တန်းများ၊ ပြိုင်ပွဲ အစီအစဉ်များတွင် မြန်မာလူငယ်များ ပါဝင်ဆောင် ရွက်ခွင့်ရရှိစေရန် အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ မိတ်ဖက်အဖွဲ့အစည်းများ၊ သက်ဆိုင်ရာအဖွဲ့အစည်း များနှင့် ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိပါသည်။ ၂၀၂၂ ခုနှစ် မတ်လမှ ၂၀၂၃ ခုနှစ် ဇွန်လအတွင်း အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ အာဆီယံ+၃ နိုင်ငံများ၊ ဆွေးနွေးဖက်နိုင်ငံများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးတို့မှ ဦးဆောင်ကျင်းပခဲ့သည့် အစည်းအဝေး ခြောက်ကြိမ်၊ သင်တန်း တစ်ကြိမ်၊ ပြိုင်ပွဲ ၁၀ ကြိမ်၊ ဆွေးနွေးပွဲ ၁၉ ကြိမ်တို့တွင် မြန်မာလူငယ်ကိုယ်စားလှယ် စုစုပေါင်း ၈၇ ဦး ပါဝင်တက်ရောက်နိုင်ခဲ့ပါသည်။

အဘက်ဘက်မှ မြေတောင်မြှောက်ပြုစုပျိုးထောင်

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန လူငယ်ရေးရာဦးစီးဌာနအနေဖြင့် “လူငယ်အင်အား စွမ်းပကားဖြင့် နိုင်ငံ့ဂုဏ်ရောင် အလင်းဆောင်အံ့” ဟူသည့် ဆောင်ပုဒ်နှင့်အညီ လူငယ်များ ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကဗဟိုချက်ဌာန အဖြစ် တာဝန်ယူကာ ဆက်စပ်ဌာန/ အဖွဲ့အစည်း များ၏ ပံ့ပိုးကူညီမှုဖြင့် လူငယ်များ၏ နယ်ပယ်စုံ၊ ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားပေးမြှင့်တင် ဆောင်ရွက်လျက်ရှိပါသည်။ လူငယ်များ၏ အခွင့် အရေးများ အပြည့်အဝရရှိစေရေးနှင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် မျိုးဆက်သစ် လူငယ်များ၏ အရေးပါသော အခန်းကဏ္ဍကို လျစ်လျူရှု ချန်လှပ်ထားခြင်းမရှိဘဲ အပြည့်အဝ ပူးပေါင်းပါဝင်နိုင်ရေး အဘက်ဘက်မှ မြေတောင်မြှောက် ပြုစုပျိုးထောင်ပေးလျက်ရှိသကဲ့သို့ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိသည်ကို တွေ့မြင်ရမည်ဖြစ်ပါသည်။ 

အဖွဲ့အစည်းတစ်ခု၊ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ် ပြုစု ပျိုးထောင်မှုအစီအမံများနှင့် လူ့စွမ်းအားအရင်း အမြစ် စီမံခန့်ခွဲမှုများသည် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း ကမ္ဘာ့နိုင်ငံအများစုက လက်ခံကျင့်သုံးဆောင်ရွက်လျက်ရှိရာ လက်ရှိ မြန်မာနိုင်ငံအခြေအနေ၏ လူငယ်ထု၊ တစ်နည်းအား ဖြင့် လုပ်သားအင်အားများပြားနေသည့် အားသာချက်ကို ကောင်းစွာအသုံးပြု၍ လူငယ်များဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မျက်မှောက်ကာလတွင် ရင်းနှီးမြှုပ်နှံခြင်းများ ပြုလုပ်သွားရမည် ဖြစ်ပါသည်။ 

လူငယ်ကဏ္ဍ ရင်းနှီးမြှုပ်နှံခြင်းသည် လတ်တလော အကျိုးသက်ရောက်မှုအတွက် မဟုတ်ဘဲ နိုင်ငံ၏အနာဂတ်မျိုးဆက်များအတွက် ရည်ရွယ်၍ အစိုးရတိုင်းက မဖြစ်မနေ လုပ်ဆောင်ရမည့် တာဝန်ဝတ္တရားတစ်ရပ်ဖြစ်ကြောင်း သတိပြုရမည်ဖြစ်သည်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထူးခြားသောအင်အားစုဖြစ်သည့် လူငယ်များ၏ အရည်အသွေး စွမ်းပကားအား စနစ်တကျ အကျိုးရှိစွာ ကိုင်တွယ်အသုံးပြု၍ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် အနာဂတ်တွင် မိမိတို့မျှော်မှန်းသည့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကို တည်ဆောက်နိုင်မည်ဖြစ်သည်။ 

အချုပ်အားဖြင့် စည်းလုံးညီညွတ်၍ သဟဇာတဖြစ်သည့် အနာဂတ်လူ့ဘောင်အဖွဲ့အစည်းကို ထူးချွန်ထက်မြက်သော၊ ကျန်းမာကြံ့ခိုင်သော၊ တွေးခေါ်နိုင်စွမ်းရှိသော၊ အကျင့်စာရိတ္တကောင်းမွန်သော၊ နိုင်ငံကြီးသားပီသသော၊ တာဝန်ယူမှု တာဝန်ခံမှုရှိသော၊ အတ္တနှင့်ပရမျှတသော၊ လူ့ကျင့်ဝတ် လူ့တန်ဖိုးကို အလေးထား၍ စိတ်ဓာတ် စည်းကမ်း ကောင်းမွန်သော လူကောင်းလူတော်များဖြင့်သာ ဖန်တီးဖော်ဆောင်ပေးနိုင်မည်ဖြစ်ရာ နိုင်ငံ၏ အနာဂတ်အတွက် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက် ရေး လုပ်ငန်းစဉ်များတွင် သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများ၊ ကော်မတီများနှင့် တာဝန်ရှိသူ အားလုံးက ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု တာဝန်ခံမှု အားကောင်းစွာဖြင့် ကြိုးပမ်းအားထုတ်သွားရမည် ဖြစ်ပါကြောင်း တိုက်တွန်းနှိုးဆော်ရင်း ၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ကို ကြိုဆိုဂုဏ်ပြု လိုက်ရပါသည်။    ။

ကိုးကား-
လူငယ်ရေးရာမူဝါဒ၊ ၂၀၁၇ 
လူငယ်ရေးရာမူဝါဒဆိုင်ရာ မဟာဗျူဟာစီမံချက်(၂၀၂၀-၂၀၂၄)
မြန်မာ့အလင်းသတင်းစာ၊ ၂၀၂၃ မေ ၁၉
မြန်မာ့အလင်းသတင်းစာ၊ ၂၀၂၃ ဇွန် ၁၈
မြန်မာ့အလင်းသတင်းစာ၊ ၂၀၂၃ ဇူလိုင် ၁၂