လူငယ်ကျန်းမာရေး ပညာပေးဇာတ်လမ်းတို ဗီဒီယိုသရုပ်ဖော်တင်ဆက်မှုပြိုင်ပွဲ ကျင်းပမည်

မြန်မာလူငယ်ကြယ်ပွင့်များကွန်ရက်မှ ရန်ကုန်တိုင်းဒေသကြီး တက္ကသိုလ်များမှ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များနှင့်အတူ ပူးပေါင်းဆောင်ရွက်သည့် “Healthy Youth for Better Future”ခေါင်းစဉ်ဖြင့် လူငယ်များနှင့် HIV ကူးစက်မှု အန္တရာယ်ကျရောက်လွယ်သည့် အဓိက ဦးတည်အုပ်စုလူငယ်များအတွက် လူငယ်ကျန်းမာရေး ပညာပေးဇာတ်လမ်းတို ဗီဒီယိုသရုပ်ဖော် တင်ဆက်မှုပြိုင်ပွဲ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲကို ဒီဇင်ဘာ၂၂ ရက်တွင် မဟာဗန္ဓုလပန်းခြံရှေ့တွင် ပြုလုပ်မည်ဖြစ်သည်။ ထိုအခမ်းအနား၏ နေ့လယ်ပိုင်း အစီအစဉ်များတွင် မြန်မာလူငယ်ကြယ်ပွင့်များ ကွန်ရက်အနေဖြင့် လူငယ်များအတွက် HIV ၊ SRHR များနှင့် ပတ်သက်သော ဂိမ်းများပြုလုပ်ပေးခြင်း၊ လူငယ်များအတွက် ရင်ဖွင့်စကားသံအစီအစဉ်များ၊ လှုပ်ရှားမှုဓာတ်ပုံ ပြခန်းများ ပြသခြင်း၊ လူငယ်များနှင့် HIV ၊ SRHR ကျန်းမာရေး ဗဟုသုတများ ပိုမိုတိုးတက်လာနိုင်စေရန်အတွက် လူငယ်စကားဝိုင်း အစီအစဉ်များ ပါဝင်မည်ဖြစ်သည်။

သွန်းဝဿန်